Saturday, April 17, 2010

 ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများကို ဧပြီလ ၁၆ ရက်နံနက်ပိုင်းတွင် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်းသိရ

    ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် ကန်တော်ကြီး ပတ်လမ်းရှိ X2O မဏ္ဍပ်အရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို သင်္ဂြိုလ်နိုင်ရန်အတွက် ဧပြီလ ၁၆ ရက် နံနက် ၈ နာရီမှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်မှတစ်ဆင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။      ''အဲဒီနေ့က ကျွန်မတို့ အိမ်ရှေ့မှာ သာကူကျိုတယ်၊ မုန့်လုံးရေပေါ်လုံးပြီး အလှူဒါနလုပ်တယ်။ ၂နာရီခွဲလောက်မှာ အလှူကပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူရယ် စုစုပေါင်း သုံးယောက်က စတိတ်ရှိုးသွားကြည့်မယ်ဆိုပြီး ကန်တော်ကြီးပတ်လမ်းကိုသွားတယ်။ လေးနာရီလောက်မှာ အိမ်ကို ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက်လာတယ်။ ကျွန်မရဲ့အမျိုးသားကပါမလာတော့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်း ဆေးရုံတွေမှာ လိုက်ရှာတယ်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကိုသွားရှာတော့ တွေ့ရတယ်။  သူဆုံးသွားတော့ ကျွန်မနဲ့အတူအသက် ၁၀နှစ်အရွယ်ရှိတဲ့ သမီးလေးတစ်ယောက်ပဲ ရှိတော့တယ်''ဟု ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ သေဆုံးသူ၏ အမျိုးသမီးက ပြောပါသည်။ အဆိုပါ သေဆုံးသူအမျိုးသားမှာ အသက် ၃၇ နှစ်ဝန်းကျင်ရှိကြောင်းသိရသည်။ ထို့အပြင် ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်အရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အခန်း ၅-၆၊ ၃-၄၊ ၁၅-၁၆၊ ၁၃-၁၄၊ ၉-၁၀ တို့၌ ကုသပေးလျက်ရှိကြောင်းနှင့် ဒဏ်ရာရသူများ၏ မိသားစုဝင်များအနက် တစ်ဦးစီကို ၀င်ရောက်ခွင့်ပြုထားကြောင်း သိရှိရပါသည်။ ''ကျွန်မရဲ့သားက မနေ့က သူငယ်ချင်းတွေနဲ့ လျောက်လည်ကြတယ်။ အပြန်မှာ သူပါမလာဘူး။ ပျောက်နေတဲ့အတွက် ဆေးရုံကြီးကို လာကြည့်တာပါ။ ဒဏ်ရာရလူစာရင်းတွေကိုကပ်ထားပြီး၊ လူနာတစ်ယောက်ကို တစ်ဦးသာဝင်ကြည့်ခွင့်ပေးပါတယ်။ ကျွန်မရဲ့ သားကို ဆေးရုံကြီးရဲ့ အခန်း ၅-၆မှာ တွေ့ပါတယ်။ ဒီအခန်းမှာ ယောက်ျားလေးက ၄၇ယောက်၊ မိန်းကလေးက ၁၆ ယောက် ရှိတယ်လို့ စာရင်းကပ်ထားတာကို တွေ့ရတယ်''ဟု ဒဏ်ရာရရှိသူတစ်ဦး၏ မိခင်က ပြန်လည်ပြောကြားပါသည်။ source/weekly eleven journal

0 comments: