Wednesday, May 22, 2013

လွတ်လပ်ခွင့် ပြုခြင်းလော၊ ဖိနှိပ်ခြင်းလော

မေလ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

မေ ၂၀ ရက်နေ့တွင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဤဥပဒေကြမ်းသည် တတိယမြောက် မီဒီယာ ဥပဒေကြမ်းတစ်ခု ဖြစ်သည်။

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မှ မရှိသော တစ်နိုင်ငံတည်း၌ မီဒီယာဥပဒေ သုံးမျိုးထိ ရှိနေခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်စေသည်။ လွတ်လပ်သည့် စံနှုန်းများနှင့် ဝေးကွာနေပြီး ဒီမိုကရေစီ အရေခြုံထားသော အာဏာရှင် နိုင်ငံအချို့၏ မီဒီယာကို ချုပ်ကိုင်သည့် ပုံစံများ ဖြစ်လာသည်။ စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ကျင့်သုံးသည့် ပုံစံများနှင့် ကွာခြားမှု မရှိဟု ဝေဖန်စရာ ဖြစ်နေသည်။

လက်ရှိအချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် Broadcasting Law ကိုလည်း ရေးဆွဲနေပြီး လတ်တလောတွင် ချပြခြင်း မရှိသေးချေ။ မြန်မာနိုင်ငံ၏ Broadcasting ကဏ္ဍကို အစိုးရ၊ အစိုးရနှင့် နီးစပ်သော ခရိုနီများက ပိုင်ဆိုင်ထားချိန်တွင် ထိုကဲ့သို့ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ Broadcasting Law နှင့် ပတ်သက်၍ FM အချို့ကို ဝေငှထားပြီး ကျန်မီဒီယာများကိုမူ ပေးပို့ခဲ့ခြင်း မရှိပါ။ 

လတ်တလော လုပ်ဆောင်မှုများက မြန်မာနိုင်ငံ၏ မီဒီယာ ကဏ္ဍအတွက် ပြန်ကြားရေး ၀န်ကြီးဌာနမှ လက်ဝါးကြီးအုပ်ရန် သို့မဟုတ် အသာစီးရယူရန် ပြင်ဆင်နေသည်ဟု ယူဆစရာ ရှိနေသည်။ ဤအခြေအနေတွင် နိုင်ငံတကာမှ လွတ်လပ်သော သတင်းစာ အဖွဲ့အစည်းများဖြစ်သည့် RSF၊ CPJ နှင့် WAN-IFRA တို့ကလည်း ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မရှိသေးသလို Freedom House အဖွဲ့အစည်းကလည်း မြန်မာနိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့် အခြေအနေသည် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်နေသေးသည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံ တစ်နိုင်ငံ၏ လွတ်လပ်စွာ သတင်းစီးဆင်းခွင့်နှင့် သတင်းစာ လွတ်လပ်ခွင့်သည် ထိုနိုင်ငံ၏ ဒီမိုကရေစီ စံနှုန်းကို ညွှန်ပြနေသလို နိုင်ငံသားတို့ အတွက်လည်း အကျိုး ဖြစ်ထွန်းစေပါသည်။ ဤသို့ဆိုလျှင် သတင်းစာနှင့် မီဒီယာ လွတ်လပ်ခွင့် အပါအ၀င် လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုအား အဟန့်အတား ဖြစ်စေသော အသာစီး ရယူလိုသည့် လုပ်ဆောင်မှုများက ဒီမိုကရေစီ လမ်းကြောင်းအတွက် အတားအဆီးတစ်ခု ဖြစ်နေသေးကြောင်း The Daily Eleven သတင်းစာမှ ယူဆပါသည်။