Tuesday, December 11, 2012

အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော် မနေစေချင်

အစိုးရတာဝန်ရှိသူများ သည် MRTV နှင့် MRTV 4 တို့ကဲ့သို့ အစိုးရမီဒီယာများမှ တစ်ဆင့် ပြည်သူသို့မေတ္တာရပ်ခံချက်များချက်ခြင်းပြုလုပ်ရမည်ဖြစ်ပါသည်။ အထူးသဖြင့် “ဒီပုတ်ထဲမှ ဒီပဲ”ဟု ပြည်သူများထင်မြင်ယူဆနေကြသော အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အနက်မှ ပြည်သူတို့၏ လေးစားထောက်ခံမှုကိုသာမက ပြည်တွင်း အတိုက်အခံပါတီများ ၏ လေးစားမှုနှင့် နိုင်ငံတကာ၏ လေးစားထောက်ခံမှုကိုပါ ရရှိထားခဲ့ပြီဖြစ်သော သမ္မတကြီး အနေဖြင့် ၁၀မိနစ်မျှအချိန်ပေး၍ ပြည်သူများအား မေတ္တာရပ်ခံမှုကို ပြုလုပ်သင့်ခဲ့ပါသည် ။

ထိုမေတ္တာရပ်ခံမှုတွင် နိုင်ငံတော်၏ လက်ရှိ နိမ့်ကျ နေသော စီးပွားရေးအရ၎င်း နိုင်ငံတကာ စာချုပ်စာတမ်းများ၏ သဘောတရားအရ၎င်း ဤစီမံကိန်းကို မဖြစ်မနေဆက်လက် လုပ်ကိုင်ရန် လိုအပ်ပါကြောင်း ၊ ဒေသခံမိဘပြည်သူများ၊သံဃာတော်များ၏ မိမိတို့ဒေသကို ချစ်ခင်ဖက်တွယ် လိုစိတ်၊ကာကွယ်လိုစိတ်ကို များစွာ စာနာမိပါကြောင်း ၊ မိမိအနေဖြင့်လည်း မိမိနိုင်ငံ၏ ပုံရိပ်များ ပျက်ပြားရမည့်အရေးကို များစွာစိတ်ထိခိုက်ရပါကြောင်း” စသည်ဖြင့် မိမိနှင့်ပြည်သူတန်းတူပြု ကာ ပြည်သူတို့၏တင်းမာနေသော စိတ်နှလုံးများကိုပျော့ပြောင်းအောင်ပြုခဲ့သင့်ပါသည်။

ထို့နောက်မှ “မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံခြားကြွေးမြီများစွာတင်ရှိနေသည့်အပြင် အဘက်ဘက်မှ ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင် ရန်အတွက် ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် ပြည်သူများမှ နားလည်ခွင့်ပြု ပေးကြ စေ လိုပါကြောင်း၊ ဒေသခံပြည်သူများ၏ထိခိုက်နစ်နာမှုများအားမိမိတို့အစိုးရအနေဖြင့်သက်ဆိုင်ရာကုမ္ပဏီများနှင့်ညှိနှိုင်း၍ အကောင်းဆုံး ပြန်လည်ဖြည့်ဆည်းဆောင်ရွက်မှု များ ပြုလုပ်ပေးသွားမည်ဖြစ် ပါကြောင်း ၊စီမံကိန်းများ၏ သဘောသဘာဝအရ မလွဲမသွေထိခိုက် ပျက် ပြားနိုင်သည့် သဘာဝ ပတ်ဝန်းကျင်အားပြန်လည်ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းများကိုလည်း သဘာဝပတ်ဝန်းကျင် ပညာရှင်များ လူမှုရေး ပညာရှင်အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းတိုင်ပင်၍ အကောင်း ဆုံးဖြစ်အောင်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း ၊ လူထု ခေါင်း ဆောင်များ အနေဖြင့်လည်း ဤပဋိပက္ခအမြန်ဆုံးပြေလည်စေရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ”စသည် ဖြင့် မေတ္တာရပ်ခံခဲ့သင့်ပါသည်။

ထိုသို့ဆိုလျှင် ဒေသခံပြည်သူများက သမ္မတကြီးအပေါ် ချစ်ခင်ကြည်ညိုစိတ်များပင် ပိုမိုတိုးပွား လာကာ သူတို့၏ ကူညီဆောင်ရွက်မှုများကိုပင် ရလာရန်ရှိပါသည်။

ယခုမူထိုကဲ့သို့ပြည်သူကို မေတ္တာဖြင့် သိမ်းသွင်း၍ နားလည်အောင် ၊ ပွင့်လင်းမြင်သာစွာ ရှင်းလင်း တင်ပြ၍ ပဋိပက္ခကိုဖြေရှင်းရမည့်အစား အင်အားသုံးဖြေရှင်းခဲ့သည်မှာမည်မျှမှားယွင်းခဲ့ပါသနည်း။

မ္မတကြီးကိုယ်တိုင်မဟုတ်စေကာမူ သမ္မတကြီး၏ အုပ်ချုပ်ရေး အောက်မှတာဝန်ရှိသူတို့၏ ညဏ်ပညာကင်းမဲ့စွာလုပ်ဆောင်မှုသည် သမ္မတကြီးအပေါ် ပြည်သူတို့၏ ချစ်ခင်လေးစား ယုံကြည်မှု များအဘယ်မျှယုတ်လျော့သွားခဲ့ပါပြီနည်း ။

သမ္မတကြီးသည် ပြည်သူတို့၏ နှစ်သက်မှုနှင့် လိုလားထောက်ခံမှုကို ရရှိရန် ၊ ပြည်သူတို့၏ သမ္မတကြီးဟူသော အမည်ကောင်းကို ရရှိရန် (၂)နှစ်နီးပါး နေ့မအားညမနား ကြိုးပမ်း လုပ်ဆောင်ခဲ့ရသည်မဟုတ်ပါလား ၊ ထိုနာမည် ကောင်းကို နာရီပိုင်းကလေးမျှဖြင့် လွဲမှားသော လုပ်ဆောင်ချက်တစ်ခုဖြင့် အဘယ်ကြောင့်ပျက်ယွင်းစေခဲ့ရပါသနည်း။

(ရေးသားသူ- ထင်လင်းဦး (Wisdom Villa)၊ အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော် မနေစေချင်- ဆောင်းပါးမှ- By- Messenger News)

အေးချမ်းမွန်မှ အဘ ဥက္ကာကိုကို တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။