အောက်တိုဘာ ၂၅၊ ရန်ကုန်မြို့။
အောက်တိုဘာလ ၂၄ရက်၊ နေ.လည်၃း၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဇွန်တောင်ချောင်းတွင် ငါးသေများ ပေါလောမျောပါလာသည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ဒါက ထူးခြားဖြစ်စဉ်တစ်ခုပါ။ သာမန် ရာသီဥတုကြောင့်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဓာတုဆေးဝါးတွေ ကြောင့်ဆိုရင်တော့ အဲဒီ့ငါးတွေကိုစားသုံးမိတဲ့ စားသုံးသူတွေအပေါ်ကိုပါ အန္တရာယ်ရှိစေနိုင်ပါတယ်။ သတင်း ပေးပို့ချက်အရတော့ ငါးတွေရေထဲမှာမနေနိုင်အောင် ထူးထူးခြားခြားဖြစ်တယ်လို့ယူဆပါတယ် ” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်က အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီးပြောသည်။
ချောင်းရေမျက်နှာပြင်ပေါ်တွင် ပေါ်လာသော ငါးအများစုမှာ သေဆုံးနေသောလည်း အချို့မှာ ၄၅မိနစ်ကျော်အကြာအထိ ရေမျက်နှာပြင်ပေါ်သို့ တက် လာပြီး နောက် ချောင်း၏အထက်မှ အောက်သို့ကူးခတ်စီးဆင်းလာကြကြောင်း ပုစွန်တောင်ချောင်းအတွင်း ငါးဖမ်းလျက်ရှိသော တံငါသည် များထံမှ စုံစမ်းသိရသည်။
“ငါးတွေက ချောင်းအပြည့်ပေါ်လာတာ။ ပြီးတော့ ငါးအများစုက မူးနေတယ်၊တချို့က သေနေတာကို တွေ့ရ တယ်။ ဒီလိုဖြစ်တာ တစ်ခါမှ မမြင်ဖူးဘူး ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တံငါသည် ကိုညီညီကပြောသည်။
ငါးများရေပြင်ပေါ်သို့ တက်လာချိန်တွင် ပုစွန်တောင်ချောင်းတွင် ငါးဖမ်းနေကြသော တံငါသည်အများစုမှ ငါးများဖမ်းဆီးရမိခဲ့ပြီး ၄င်းငါးများအား ငါးလုပ်ငန်းအဖွဲ့ချုပ်မှသိမ်းယူ၍ ၄င်းငါးများနှင့် ပုစွန်တောင်ချောင်း အတွင်းတွင် စီးဆင်းနေသော ရေအားဓါတ်ခွဲခန်းတွင် စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
အဆိုပါ ငါးများအား စားသုံးမိပါက စားသုံးသူများအတွက် ကျန်းမာရေးထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဦးဝင်းကြိုင်ကဆိုသည်။
ထိုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားရခြင်း အဓိကအကြောင်အရင်းမှာ မိုးတိတ်ပြီးပြီးချင်းနေပူနေခြင်းကြောင့် အပူချိန် ကွာခြားခြင်းကြောင့်လည်း ဖြစ်နိုင်သလို၊ ရေထုညစ်ညမ်းခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းကျွမ်းကျင်သူများက ပြောဆို သုံးသပ်လျက်ရှိသည်။ ။
မြစ်မခမှ

0 comments:
Post a Comment