Wednesday, October 26, 2011

ဆိပ်ဖြူရေဘေးသင့် ပြည်သူများထံ သွားရောက်ခဲ့သူတစ်ဦး၏ အတွေ့အကြုံ

ရေဘေးကယ်ဆယ်ရေးအတွက် စတင်ခဲ့တဲ့ ဒုတိယမြောက်နေ့ညက ပခုက္ကူမြို့ ပခုက္ကူဟိုတယ်လ်မှာ ကျွန်တော် အိပ်ခဲ့ပြီး မနက် ငါးနာရီမှာတော့ ပစ္စည်းသိမ်း အထုတ်အပိုးပြင်ပြီး ဟိုတယ်ရှေ့ထွက်ရင်း အဝေးပြေး ကားဂိတ်သွားဖို့ ချိန်းထားတဲ့ ဆိုက်ကားကို စောင့်နေရခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ထက် ဇွဲကောင်းတဲ့ ဆိုက်ကားသမားက ပြန်သွားပြီလို့ အဲ့ဒီနားက ကားသမားတစ်ယောက်က ပြောတာနဲ့ မိနစ် ၃၀ လောက် မတ်တပ်ရပ်ရင်း
ကားစောင့်ခဲ့ရာမှာ ဆိုင်ကယ်တက္ကစီသော်လည်းကောင်း၊ ဆိုက်ကားသော်လည်းကောင်း ဒေသအခေါ် ထုတ်ထုတ်ခေါ် သုံးဘီးဆိုင်ကယ်သော်လည်းကောင်း မလာဘူးဗျာ။ မလာလဲ ဘာအရေးလဲ ငါ့ကိုတော့ တားဆီးလို့ရမှာမဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ တစ်မိုင်သာသာ ဝေးတဲ့ အဝေးပြေး ကားဂိတ်ဆီ ကျောပိုးအိတ်လွယ်ရင်း ခပ်သွက်သွက်လေး လမ်းလျောက်ခဲ့ပါတယ်။ မှောင်နေသေးတဲ့အချိန်မှာတင် ခရီးတစ်ဝက်လောက်မှာ ကျွန်တော်နဲ့အတူ အခု ခရီးစဉ်ကို လိုက်မယ့် ဦးခင်မောင်မြင့်ဆိုသူနဲ့တွေ့ပြီး သူ့လိုက်ပို့တဲ့ ဆိုင်ကယ်နဲ့ ပခုက္ကူ - ချောက် ကားဂိတ်ကို အရောက်သွားနိုင်ခဲ့ပါတယ်။


မနက် ၆ နာ၇ီခွဲလောက်မှာ ဘတ်စ်ကား စုတ်စုတ်လေးက စထွက်ပြီးတော့ လက်ပန်ခြေပေါ် ဇက်ကူးတို့ဆိပ်ကို ရောက်ခဲ့ပါတယ်။ မကြာခင်မှာတော့ ဧရာဝတီမြစ်ကူးတံတား ပခုက္ကူပြီးတော့မှာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ ခက်ခက်ခဲခဲ ဇက်ပေါ်ကားတွေတင်ပြီး ကူးခဲ့ရတာပါ။ အမှန်တော့ ကျွန်တော်တို့ သွားမယ့် ဆိပ်ဖြူကို ပခုက္ကူကနေ တိုက်ရိုက်သွားနိုင်တဲ့ လမ်းရှိပေမယ့် ယောချောင်းရေ ကြီးလို့ ပျက်စီးသွားတဲ့ လမ်းတွေထဲ အဲ့ဒီဒေသက လမ်းတံတားတွေ ပါသွားလို့ ကျွန်တော်က ချောက်မြို့ဆီ ညောင်ဦးဖက်က ပတ်သွားခဲ့ရတာပါပဲ။


ညောင်ဦးအရောက် မရောက်တာကြာပြီဖြစ်တဲ့ပုဂံမြို့ဟောင်းကို ဖြတ်မိတော့ ဆင်းချင် လည်ချင် လိုက်တာဗျာ။ အာနန္ဒာဘုရား၊ ရွှေဆီးခုံစေတီတော်၊ ဓမ္မရံကြီး စတဲ့ ထင်ရှားကျော်ကြားတဲ့ ဘုရားတွေ ကို ဘတ်စ်ကားပေါ်ကနေ ဖူးရင်း အမှတ်တရ ဓါတ်ပုံတွေရိုက်ရင်း ဘုရားဖူး၊ အနားယူအပန်းဖြေ လျောက်လည်တာထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေကို ရင်ဝယ်ပိုက်ရင်း ရေဘေး ယောဒေသဆီကို ခရီးဆက်ခဲ့ရပါတယ်။



ကျွန်တော် ချောက်မြို့ကို နေ့လည် ၁ နာရီလောက် ရောက်ရောက်ချင်းကြားလိုက်ရတဲ့ သတင်းတွေက ဆိုးတယ်ဗျာ။ ဆိပ်ဖြူမြို့နယ်ထဲက ရွာတွေဆီ ကယ်ဆယ်ရေး အကူအညီတွေ မရောက်သေးကြောင်း လာနေတဲ့ နေရာကလည်း ကတ္တရာလမ်းရှိနေတဲ့ နေရာအထိပဲ ရောက်သေးကြောင်းအထဲက ရေဖုံး၊ လမ်းပျောက်နေတဲ့ ဒေသက လူတွေက အစားအစာ အတွက် ၂ မိုင်သာသာဝေးတဲ့ ကတ္တရာလမ်းအထိ လာသယ် လာစောင့် ယူနေရတယ်ဆိုတာပါပဲ။



ခရီးစဉ်အတွင်း လတ်တလော လှူနိုင်အောင်ဆိုပြီး ကျွန်တော့်ဆီမှာ ပါလာတဲ့ ငွေသုံးသိန်းကို ထုတ်ပြီးတော့ ဆန် ၁၅ အိပ်၊ ဆီ၊ ဆား နဲ့ ပေါင်မုန့်တွေ ၀ယ်လိုက်ပါတယ်။ လိုက်ပို့မယ့် ကားကို အခက်အခဲ အမျိုးမျိုးကြားက စီစဉ်ရင်းနဲ့ ညနေ ၃ နာရီမှာတော့ ချောက်- ဆိပ်ဖြူ - ရေဘေးထိရာ ဒေသတွေသွားမယ့်  ကျွန်တော့် ခရီးစဉ်ကို စတင်နိုင်ခဲ့တယ် ဆိုပါတော့။


ချောက်မြို့ကနေ အနော်ရထာ တံတားကို ဖြတ်လိုက်တယ် ဆိုရင်ပဲ ဆိပ်ဖြူမြို့ကိုေ၇ာက်ပါတယ်။ ဆိပ်ဖြူမှာ လိုအပ်တာ ထပ်ဝယ်ရင်း ကျွန်တော့်ကို လိုက်ပို့တဲ့ ဟိုင်းလတ်ကားလေးဟာ ဆိပ်ဖြူ - မကွေးလမ်းအတိုင်း ဆက်လက် မောင်းလာလိုက်တာ ဆယ့်နှစ်မိုင်လောက် အကြာမှာတော့ ချစ်ချောင်း ဆိုတာကို မြင်လိုက်ရပါပြီ ချစ်ချောင်းဟာ နာမည်နဲ့လိုက်အောင်ကိုပဲ သူ့အပေါ်က ဖြတ်သွားတဲ့ ကား၊ ဆိုင်ကယ် တွေကို ချစ်လွန်းလို့ ရေထဲ ဆွဲထားခဲ့ပါတယ်။ ဟိုဖက်ကမ်းကို ကူးမရတဲ့ ကျွန်တော်စီးလာတဲ့ဟိုင်းလတ်ကားလေးက ဆန်အိတ်တွေကို ချထားခဲ့ပြီး ပြန်သွားခဲ့သလို ကျွန်တော်ကတော့ ဒေသခံတွေ အကူအညီနဲ့ ကျွန်တော်သွားမယ့်ရွာက ထွန်စက်လေးနဲ့ ချိတ်မိခဲ့ပြီး ခရီးဆက်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေး ကိစ္စအတွက် ချစ်ချောင်းဟာတော့ တကယ့်အတားအဆီးဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရင်ထဲက မေတ္တာ စေတနာတွေကိုတော့ ဘယ်အရာကမှ တားဆီးလို့ မရနိုင်ပါဘူး။ ချစ်ချောင်း တစ်ဖက်ကမ်းကနေ ထွန်စက်ကြီးပေါ် ကုတ်ကုတ်လေးတက်ထိုင်လိုက်ပြီး လမ်းတစ်လျောက် ပန်းဝါ၀ါတွေ အပြည့်ခင်းထားတဲ့ ယောနယ်ကို ခရီးဆက်ခဲ့ပြန်ပါတယ်။ အရမ်းကိုလှတဲ့ဒေသ တစ်ခုပါဗျာ...


ထွန်စက်ပေါ်မှာ ခါးညောင်း၊ ခြေထောက်ဆန့်မရတဲ့အနေအထားတွေရဲ့ အဆုံး ကျွန်တော်ရောက်သွားတာက တောင်ရွာမ ဆိုတဲ့ရွာလေးတ စ်ရွာပါပဲ။ တောင်ရွာမ ရွာလေးဟာ အိမ်ခြေ တစ်ထောင်လျောက်ရှိပြီး ယောချောင်း နားက ရွာလေးဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီရွာလေးဟာ ကတ္တရာလမ်း အဆုံးနေရာလေးဖြစ်ပြီး သူ့အနောက်မှာ ရေဘေးထိ ကျေးရွာတွေရှိပါတယ်။






ရေဘေးသင့်ခဲ့တဲ့ တောင်ရွာမ ရွာလေးဟာ ဆက်သွယ်ရေးလမ်းကြောင်းကောင်းတာမို့ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (21.10.2011 ) နေ့ မနက် ၄ နာရီမှာ ဖြစ်ခဲ့တဲ့ ရေကြီးမှု အဖြစ်အပျက်အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်ရှိရာ အရပ်လေးဖြစ်ပါတယ်။ သူ့အနောက်က ရွာတွေဖြစ်တဲ့ မြောက်ရွာမ၊ ဆိုင်းခမ်း ရွာတွေကတော့ အဲ့ဒီတောင်ရွာမ ရွာလေးကနေ ၂ မိုင်သာသာလောက် ဝေးတဲ့အပြင် ရွံ့တွေဖြစ်နေတာမို့ ဘယ်ကယ်ဆယ်ရေးအဖွဲ့မှ မလာနိုင်သေးလို ၀မ်းရေးအတွက် တောင်ရွာမရွာကကွင်းထဲမှာ ကယ်ဆယ်ရေးစခန်းဆိုပြီး တဲလာထိုးထားပြီး
အလှူရှင်တွေကို မျှော်ကြပါတယ်။ အလှူရှင်တွေက ထမင်းထုတ်တွေ လာပေးပြီဆိုရင်တော့ရလာတာ လေးတွေကို လူအားနဲ့ ထမ်းပြီး ရွာဆီ ပြန်သယ်ကြပါတယ်။



ကျွန်တော်ဟာလည်း ညနေ ၅ နာရီလောက်မှာ အဲ့ဒီမြောက်ရွာမကို ရောက်ပြီးတော့ ကျွန်တော် သွားချင်တဲ့ ဘယ်သူမှ မရောက်သေးတဲ့ ရေဘေးသင့်ဒေသကို ဆက်လက်သွားဖို့ နေ့လည်စာ ညစာအတွက် ထည့်လာတဲ့ ခေါက်ဆွဲထုတ်တွေ၊ ရေသန့်ဗူးတွေ ပါတဲ့ ကျောပိုးအိတ်ကို ခိုင်ခိုင်လွယ်ရင်း ရွှံ့တောဖြတ်ရမယ့် ခရီးစဉ်ကို စတင်လိုက်ပါတယ်။



တောင်ရွာမ ၇ွာလမ်းတစ်လျှောက် ရွှံ့တောကို ဖြတ်မိတယ်ဆိုရင်ပဲ အိမ်ပျက်တွေကို စတင်တွေ့လိုက်ရပါပြီ။ ကျွန်တော့်ကို လာကြိုတဲ့ ဒေသခံ တွေက ဒါက အစပဲရှိသေးတယ်ဗျာ။ နောက်ပိုင်း တော်တော့်ကို ဆိုးတာတွေ မြင်ရမှာပါလို့ ဆိုပါတယ်။ ကျွန်တော့် မြင်ကွင်းမှာတော့ နာဂစ်နဲ့ ထပ်တူညီတဲ့ ပျက်စီးမှုတွေပါပဲ။ သူတို့က အစပဲရှိသေးတယ်ဆိုပေမယ့် ရွှံ့တွေ ဒူးလောက်အထိ နစ်တဲ့လမ်းတစ်လျောက် အိမ်ပျက် အတိုအစ သံတွေ များတဲ့ ခရောင်းလမ်းကြမ်းကို စတင်လိုက်တာနဲ့ ဒီခရီးကတော့မလွယ်ဘူး ဆိုတာလည်း သိလိုက်ရပါတယ်။


ကျွန်တော်ပြောဖူးသလိုပဲဗျာ။ တကယ်တော့ ကျွန်တော် နားချင်နေပြီ။ ကျွန်တော့်လိုပဲ နားချင်ရက်နဲ့ နားစရာမရှိတဲ့ သူတွေအတွက် ကျွန်တော် နားလို့မဖြစ်ဘူး။ ဒီလို ရွှံ့တွေ သံတွေများတဲ့လမ်းကို ကျွန်တော်လည်း ဆက်မသွားချင်ပါဘူး။ ဒါပေမယ့် မသွားမဖြစ် သွားနေရတဲ့သူတွေအတွက် ဒီလမ်းကို ကျွန်တော်လည်း လျောက်မှကို ဖြစ်မယ်ဆိုတဲ့ စိတ်ကလေးတစ်ခုက ကျွန်တော့်အတွက် အားအင်တွေ ဖြစ်စေခဲ့ပါတယ်။ ခြေတစ်လှမ်းအတွက် အားတွေ အင်တွေ အဆမတန်သုံးပြီး လမ်းတွေလျောက်နေပေမယ့် ကျွန်တော့်ခြေလှမ်းတိုင်းဟာ အဓိပ္ပါယ်တွေရှိနေတယ်။ အိမ်ပျက်တွေမြင်လိုက်တိုင်း စိတ်မကောင်းဖြစ်ပေမယ့် အဆိုးထဲက အကောင်းတွေကို ရှာဖွေစဉ်းစားရင်း ကျွန်တော့်အတွက် အားအင်တွေ မွေးနေခဲ့ပါတယ်။


မကြာခင်မှာပဲ တောင်ရွာမကို ဖြတ်လို့ မြောက်ရွာမ ရွာလေးဆီ ရောက်ခဲ့ပါတယ်။ ရွာထဲမှုာ ပုတ်စော်တွေနံနေတယ်။ အိမ်တွေပြိုပျက်နေတာ မြင်မကောင်းဘူး။ လူတွေကို အလိုတော်ပေါက်ဘုရား ကုန်းပေါ်မှာ ထားသလို အချို့ကတော့ လေးငါးအိမ် တစ်အိမ်ပေါင်းပြီးတော့ ထမင်းထုတ်တွေမျှော်ရင်း စုပေါင်းနေထိုင်ပြီး အသက်ရှင်နေကြပါတယ်။



အခြေအနေတော်လေးဆိုးတဲ့ ယောချောင်းဘေးက မြောက်ရွာမ ကျေးရွာလေးက အပျက်အစီးတွေကို ရွှံ့တွေပေနေတဲ့ကြားက မှတ်တမ်းတင်နေတုန်း ဓမ္မစေတီဆရာတော်အဖြစ် နာမည်ကြီးတဲ့ ဆယ်ဘွဲ့ရ ဆရာတော်ကိုလှည်းနဲ့ လိုက်လာတာ မြင်လိုက်ရလို့ ဦးတင်လိုက်တော့ ဒါယိကာကြီးက ဘယ်အဖွဲ့ကတုန်း ဆိုပြီး တန်းမေးပါတယ်။ ဒေသခံမဟုတ်မှန်း တန်းသိတဲ့ ဆရာတော့်ကို အံ့အားသင့်မိသလို မတ်ဖန်အားကစားဂျာနယ်ကပါဘုရား ဆိုပြီးလျောက်တင်လိုက်တော့ ဆရာတော်က ဒါယိကာကြီး ချောက်ပြန်ရောက်၇င် ၀င်ခဲ့ပေးပါအုံး ဆိုပြီးဖိတ်ကြားတာ ခံခဲ့ရပါတယ်။ တင်ပါ့ဘုရား တပည့်တော် ဒီညတော့ ဆိုင်းခမ်းကျေးရွာက ဒုက္ခသည် စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ ရွာဦးကျောင်းမှာ အိပ်ပါ့မယ်။ မနက်ဖြန်ချောက်မြို့ကို ပြန်ရောက်တဲ့အခါ တပည့်တော် ဖုန်းဆက်ပြီးလာခဲ့ပါ့မယ်ဘုရား ဆိုပြီးတော့ လျောက်ထားရင်း ဆရာတော်ကလည်း ရေဘေးသင့် ပြည်သူတွေကို စုပေါင်းကယ်ဆယ်ထားတဲ့ အလိုတော်ပေါက်ဘုရားဝင်းထဲ လှည်းလေးနဲ့ ၀င်သွားသလို ကျွန်တော်ဟာလည်း ဆိုင်းခမ်းရွာဆီ သွားဖို့အရေး ခြေဦးလှည့်လိုက်ပါတယ်။



ကျွန်တော့်ခရီးစဉ်တွေအတွက် အပုတ်နံ့ဟာလည်း ပြဿနာ မဟုတ်သလိုေ၇ှ့က မြင်နေရတဲ့ ရွှံ့နွံတောဟာလည်းပြဿနာ မဟုတ်ပါဘူး။ ရွာသူရွာသားတွေအတွက် လတ်တလော ကယ်ဆယ်ရေးပစ္စည်း ဆန်း ဆယ့်ငါးအိတ်လောက်ပဲ ပါလာတာဟာလည်း ပြဿနာ မဟုတ်သလို ညစာ မနက်စာအတွက် မာမီးခေါက်ဆွဲစား၊ ရေသောက်လို့ ဗိုက်ဖြည့်ရမယ့် အရေးဟာလည်း ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အရမ်း လိုအပ်တာက အခုမြင်တွေ့ ကြားသိခဲ့ရတာတွေကို ပရိသတ်တွေ၊ စေတနာရှင်တွေ၊ ပရိဟိတလူငယ် အဖွဲ့တွေ ဆီ သတင်းကောင်းပေးနိုင်ရေးပဲ မဟုတ်ပါလား။


ရွှံ့တောထဲ ချော်လဲတဲ့ ကျွန်တော်ဟာ ချက်ခြင်းပဲ ပြန်ပြီး လူးလဲထ ကင်မရာလေးဆန့်တန်း ဓါတ်ပုံထရိုက်ရင်း ခရီင်္းဆက်ခဲ့သလို ကျွန်တော့်နောက်က ဆန်အိပ်လေးတွေ ထမ်းလာတဲ့ ရွှံ့တောဖြတ် ဒေသခံ လူတွေဟာလည်း ခရီးဆက်လျက်ပါပဲ။


နောက်ဆုံးတော့ဗျာ ကျွန်တော့်ရည်မှန်းချက်ပန်းတိုင်လေးဖြစ်တဲ့ ဆိုင်းခမ်းရွာလေးကို ရောက်ခဲ့ပါပြီ။ ဆိုင်းခမ်းရွာလေးရဲ့ ဘေးနားမှာ ယောချောင်းကြီးကတော့ သူမသိသလို ဆက်လျက် စီးဆင်းနေဆဲပါပဲ။ ပေသုံးဆယ်အမြင့်က သစ်ပင်ပေါ်မှာ အိမ်တိုင်တစ်လုံး ကန့်လန့်ဖြတ်တင်နေတာ မြင်ရလို့ အံ့သြပြီး ဓါတ်ပုံရိုက်ခဲ့သလို ကျောင်းဝင်းထဲ ၀င်ဝင်ခြင်း ဘောလုံးကွင်းမြင်လိုက်ရတော့ ရွှံ့တွေ ပြည့်နေတဲ့ ဘောလုံးကွင်းလေးကိုလည်း မြင်လိုက်ရပါတယ်။ ကျောင်းဝင်းထဲ ၀င်လိုက်တော့ ခုံတွေက ရေမျောပြီး ပျောက်ကုန်သလို ကျောင်းထဲမှာလည်း ရေဗွက်တွေ ရွှံ့တွေနဲ့ ပြည့်နေခဲ့ပါတယ်။


မြင်ရတဲ့မြင်ကွင်းတွေကို စိတ်မကောင်းဖြစ်နေတဲ့ ကျွန်တော်ဟာ ကိုယ်လုပ်ပေးနိုင်တာကို အကောင်းဆုံး လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ရင်း မှတ်တမ်းတွေတင်နေခဲ့ပါတယ်။ ဒီကျောင်းလေး ပြန်ဖွင့်နိုင်ဖို့ ခုံတွေလိုမှာပဲလို့ ပြောမိတော့ ဒေသခံတစ်ဦးက ရွာက ကျောင်းသားတွေဆီမှာ ကျောင်းစာအုပ်တွေလည်း မကျန်တော့ပါဘူး ဆရာရယ် ဆိုပြီး ပြောလာခဲ့ပါတယ်။ ကျွန်တော်စိတ်မကောင်းဘူးဗျာ… သုည ဆိုတာထက်တော့ နည်းစရာ ဘာမှ မရှိဘူးမို့လား။ သုညကပြန်စရလည်းဘာဖြစ်လဲ ပြန်စတာနဲ့ သုည မဟုတ်တော့ဘူးလေ လို့ ဒေသခံကို ကျွန်တော်က အားပေးလိုက်တော့ သူက အမြန်ဆုံး ခေါင်းငြိမ့်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီစကားဟာ ရင်ထဲက လာတဲ့ ခံစားမှု အပြည့်နဲ့ ပြောလိုက်တဲ့ စကားလေးပါပဲဗျာ…


ကျောင်းနားမှာ ဒေသခံလူငယ်လေးတွေက ကျွန်တော့်ကိုလာကြိုကြပါတယ်။ ကျွန်တော်ကလည်း သူတို့ကိုခေါ်ပြီးတော့ ဓါတ်ပုံလေးအရိုက်ခံခဲ့ပြီး ရွာထဲကို စတင်ဝင်လိုက်တယ်ဆိုရင်ပဲ အပျက်အစီးပုံတွေက ကျွန်တော့်ကို စောင့်ကြိုနေပါပြီ…



ရွာသားတွေကိုနုတ်ဆက်၊ အိမ်အပျက်တွေ၊ ကြက်သွန်ပုတ်တွေ၊ ပဲပုတ်တွေကို မှတ်တမ်းတင်ရင်း ပရိဟိတလူငယ် အဖွဲ့လေးတွေ ဒီကိုရောက်လာခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ အတွေးနဲ့ ထပ်တူစွာပဲ သူတို့လာနိုင်အောင် ငါကသာကူညီမယ်ဆို သူတို့လာမှာသေချာတယ်လို့ တွေးမိတာနဲ့ တဆက်တည်း သူတို့ကို သတင်းပေးဖို့အရေး၊ ခရီးစဉ်အတွက် ကူညီဖို့အရေး အမြန်ဆုံး အစီအစဉ်တွေ ချလိုက်ပါတယ်ဗျာ…



စဉ့်အိုးတစ်လုံး ပေ ၃၀ ကျော်လောက်က သစ်ပင်ပေါ်တင်နေတာ တွေ့လိုက်ရတော့ ဒါထက်တော့ ရေက ကျော်ခဲ့မှာပဲ လို့ တွေးရင်း ကျွန်တော့်ခရီးစဉ်ဟာမိုးချူပ်ခဲ့ရပါတယ်။ မိုးချူပ်ထဲမှာပဲ ကျွန်တော့်ဟာ လမ်းပြ လူငယ်လေးတွေနဲ့အတူ ယောချောင်းထဲကို ဆင်းရင်း ရေနောက်နောက်မှာ တစ်ကိုယ်လုံးပေးနေတဲ့ ခန္ဓကာကိုယ်ကို ရေဆေးချခဲ့ပါတယ်။ ညောင်းတယ်ဗျာ…


ဒါ့ကြောင့် နောက်ကျိနေတဲ့ရေထဲ တစ်ကိုယ်လုံး စိမ်ပြီး ရေစီးနေတဲ့အထဲ ဆန်တက်ရင်း ဖြေချလိုက်တာ တစ်ကိုယ်လုံးပေါ့ပါး လန်းဆန်းသွားပါတယ်။....ယောချောင်းရေ သောက်တဲ့ရွာအားလုံး ရေဘေးဒုက္ခကြုံတယ်ဆရာ ဆိုတဲ့ဘေးက လူငယ်လေး ပြောစကားကိုတော့ ရေစီးသံနဲ့အတူ ကျွန်တော်ကောင်းကောင်းကြီး ကြားလိုက်ပါတယ်။…


ကျွန်တော့်ခရီးစဉ်ဟာ သတင်းဆိုးတွေပဲကြားနေရတဲ့ ခရီးစဉ်တစ်ခုတော့ မဟုတ်ပါဘူးဗျာ။ ဒေသခံ ပြည်သူတွေအတွက် ဆက်လက်ကူညီနိုင်တော့မယ်ဆိုတဲ့ သတင်းကောင်းတွေလည်းကြားခဲ့ရပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ဆရာတော်ဦးစရိယနဲ့ ဒါယိကာ၊ ဒါယိကာမ အပေါင်းရဲ့လှူဒါန်းငွေဟာ လေးသိန်းကျပ်ဖြစ်သွားခဲ့သလို Paypal Account ထဲကိုလည်း kyaw phone ဆိုတဲ့ အမည်နဲ့ စေတနာရှင်တစ်ဦးက $37.37 USD လှူဒါန်းခဲ့ပြီလို့ သိရပါတယ်။ မတ်ဖန်က အကျိုးတော်ဆောင် ညီအစ်ကိုတွေဖြစ်တဲ့ နောင်နောင်၊ ကိုဆန်းမြင့်အောင်၊ ဂျင်းဂျင်းတို့ဟာလည်း ဒီညပဲ ချောင်မြို့ဆီ မတ်ဖန်ကား နဲ့အတူ ခရီးဆက်နေပြီ ဖြစ်တဲ့အကြောင်း သိခဲ့ရတာမို့ မနက်ဖြန်မနက် ချောက်ကိုရောက်လာပြီးတော့ ရေဘေးထိရာ ဒေသအရောက် ဒုတိယအသုတ် လှူဒါန်းမှု စတင်နိုင်တော့မှာပါ။


နောက်ထပ် သတင်းကောင်း တစ်ခုကတော့ ကျွန်တော်ဟာ ပရဟိတ လူငယ်တွေ ကိုယ်တိုင်လှူဒါန်းနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ချောက်မြို့မှာ ကြားစခန်းတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်လိုက်တာ
အောင်မြင်စွာအခန်း ငှါးရမ်းနိုင်ခဲ့ပြီ ဆိုတဲ့သတင်းပါပဲ။ ဒီကြားစခန်းလေးကနေ ဆိပ်ဖြူဒေသဆီသွားမယ့် အလှူရှင်တွေကို သွားလာရေးကူညီပေးမှာဖြစ်သလို ရန်ကုန်က အလှူပစ္စည်းတွေကိုလည်း လက်ခံပေးနိုင်မှာဖြစ်ပါတယ်။ ဒါထက်ပိုတဲ့ အကူအညီပေးရေး ကိစ္စတွေကို ဆက်လက်ဆောင်ရွက်နိုင်တော့မှာပါ…


ကိုမှူးရေ... ကျွန်တော့် ခရီးစဉ်အတွင်းအံ့ဖွယ် ဗွီဒီယိုတွေ ဓါတ်ပုံတွေ ရခဲ့ပါတယ်။ ရေကြီးနေတုန်း ရိုက်ထားတဲ့ ဗွီဒီယိုလေးပါ ရခဲ့သလို
လက်ရှိကယ်ဆယ်ရေး အကူအညီတွေ မရေသေးတဲ့ ဒေသရဲ့ အသေးစိတ်ပုံတွေလည်းရခဲ့ပါတယ်။  ဒါတွေကို မနက်ဖြန်မှာ ဆက်လက်တင်ပေးဖို့
ကြိုးစားသွားပါ့မယ်။ အခုကတော့  ချောက်- ရန်ကုန် အပြန်ခရီးစဉ် အဆင်မပြေလို့ ကျောက်ပန်းတောင်းထိ ဆင်းလာပြီး ကားစောင့်ရင်း တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ခရီးဆက်ပါအုံးမယ်…..
ဇော်ဇော်
ခေတ္တ- ကျောက်ပန်းတောင်း
အိအေး ဖေ့ဘုတ်မှ
 
.

0 comments: