Wednesday, June 29, 2011

စားသောက်ကုန်များဈေးကျသော်လည်း ရာဘာခြံဈေးမြင့်တက်လျှက်ရှိ

သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
နိုင်မာန် – ထိုင်းဘတ်ငွေ၊ဒေါ်လာဈေးကျပြီး နောက်ပိုင်း စားသောက်ကုန်ပစ္စည်းများဈေးကျ လာသော်လည်း ရာဘာခြံရောင်းဝယ်သူများပြား လာနေခြင်းကြောင်း ရာဘာခြံဈေးနှုန်းမြင့်တက် နေကြောင်း ရာဘာခြံရောင်း ဝယ်သူတို့ကပြော သည်။
Rubber
ရေးမြို့နယ်အတွင်းရှိ ရာဘာခြံတစ်ခြံ
မွန်ပြည်နယ်မှာ ရာဘာပင်သည် တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုလို ဖြစ်နေပြီး အထူးသဖြင့် ပြည်ပ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ပို့လာသည့် ငွေများကြောင့် ရာဘာခြံအပြိုင်အဆိုင် လုဝယ်နေကြခြင်းကြောင့် ရာဘာခြံ ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်သည်ဟု ရာဘာခြံအရောင်းအဝယ် ပြုလုပ်သူတို့က ပြောသည်။

“ရာဘာခြံတစ်ခြံမှာ တကယ်လို့ ခြံရှင်က ရောင်းဖို့ ခေါ်လိုက်မယ်ဆိုတာနဲ့ ဈေးနှုန်းက ဘယ်လောက်ပဲဖြစ်ဖြစ် ဝယ်ဖို့လာမေးတဲ့လူတွေက ရောက်လာတာပဲ၊ ရောင်းသူနဲ့ ဝယ်သူတွေက အလုပ်ဖြစ်သွားတာပဲများတယ်” ဟု သံဖြူဇရပ်မြို့ပေါ်ရှိ ရာဘာခြံရောင်းဝယ်သူတစ်ဦးက ပြောသည်။

ယခုနှစ် မိုးတွင်းချိန်မှာ ရာဘာဈေး တစ်ပေါင်လျှင် (၅၀၀) ကျပ်ခန့် ကျသွားသည်။ မိုးတွင်းချိန်မှာ ရာဘာအစေး မထုတ်လုပ်နိုင်ခြင်းကြောင့် ရာဘာဈေးကျသော်လည်း ငွေကြေးရှိသူတို့၏ရာဘာခြံဝယ်ယူနေသည့်အရှိန် ကြောင့် ရာဘာခြံဈေး ဆက်လက်မြင့်တက်နေသည်။

မြေတစ်ဧကမှာ ရာဘာပင် (၂၀၀) ပင် စိုက်ပျိုးနေကြပြီး၊ တချို့မှာ အပင် ၂၅၀ ထိ စိုက်ပျိုးကြသည်။ ရာဘာခြံအရောင်းအဝယ်မှာ စိုက်ပျိုးသည့် သက်တမ်းပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိသည်။

“ငါးနှစ်စိုက်ထားတဲ့ ရာဘာပင် ကိုင်းဆက်ပေါ့၊ ခြံကတော့ ရွာနဲ့နီးတယ် အဲဒါကို တစ်ပင် ၈ သောင်းနဲ့ အပင် ၂၀၀ ကို သိန်း (၁၆၀) နဲ့ ရောင်းလိုက်တယ်” ဟု မကြာခင်က အပင် ၂၀၀ ရှိ ရာဘာခြံကို ရောင်းထားသည့် နိုင်ဝင်ထွန်းဆိုသူက ပြောသည်။

အစေးထုတ်နိုင်သည့် ၇၊ ၈ နှစ်ရှိ ရာဘာပင်တစ်ပင်လျှင် တစ်သိန်းဈေး ရောင်းဝယ်နေကြပြီး၊ အပင်ငယ် တစ်နှစ် နှစ်နှစ်ဆိုလျှင် ခြံ၏ တည်နေရာပေါ်မူတည်ပြီး ရွာနှင့်နီးသည့်နေရာမှာ တစ်ပင်လျှင် ၄ သောင်း၊ ၅ သောင်းနှင့် ရွာနှင့်ဝေးသည့် နေရာမှာ တစ်ပင်လျှင် ၂ သောင်း အနည်းဆုံးဈေးဖြင့် ရောင်းဝယ်နေကြသည်။

ရေးမြို့နယ်၊ လမိုင်မြို့နယ်ခွဲရှိ ရာဘာခြံရောင်းဝယ်နေသူ နိုင်မိုင်လွန်က “ရာဘာပင်က ရွှေပင် ငွေပင်လို ဖြစ်နေပြီး၊ ကိုင်းဆက်ခြံတွေ ရွာနဲ့နီးတယ် ဆိုရင်တော့ ဈေးကတော့ နှိုင်းစရာမရှိဘူး၊ရောင်းတဲ့လူတွေလည်း မရှိဘူး၊ ရောင်းလူရှိပြန်တော့လည်း ဝယ်နိုင်ဖို့က ပိုက်ဆံကို အိတ်နဲ့ ထည့်ရမယ်” ဟု သူက ပြောသည်။

ရာဘာခြံဝယ်နိုင်သူအများစုသည် ထိုင်းနိုင်ငံမှ ဝင်ငွေကောင်းရရှိနေသူများဖြစ်သည်။ ရာဘာခြံဈေး ကောင်းလာသည်နှင့်အမျှ ရာဘာခြံလုပ်သူများလည်း တောခုတ်ပြီး ရာဘာခြံတိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် မွန်ပြည်နယ်မှာ သစ်တောပြုန်းတီးမှုဖြစ်လာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရှိလာသည်။

ယခုနောက်ပိုင်း ရာဘာခြံပိုင်ရှင်များက ကိုင်းဆက်မျိုးကိုသာ စိုက်ပျိုးလာကြပြီး၊ နောက် ၅ နှစ်အတွင်းမှာ မွန်ပြည်နယ်မှ ထွက်သည့် ရာဘာသည် နှစ်ဆ တိုးလာမည်ဟု ရာဘာကိုင်းဆက်မျိုး ပျိုးရောင်းနေသူ မုဒုံမြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်သည် ရာဘာအများဆုံးစိုက်ပျိုးရာဒေသဖြစ်ပြီး ဧက (၄၅၁၆၉၆) ရှိကာ၊ တနသာင်္ရီတိုင်းမှာ ဧက (၂၅၀၀၀၀) ဒုတိယအများဆုံးစိုက်ပျိုးရာ၊ တတိယအများဆုံးမှာ ကရင်ပြည်နယ်ဖြစ်ပြီး ဧက (၁၅၀၀၀၀) ကျော် စိုက်ပျိုးထားပြီးဖြစ်သည်။

၂၀၁၀ ခုနှစ်စာရင်းအရ မွန်ပြည်နယ် ရာဘာခြံစိုက်ပျိုးဧက ၄ သိန်းခွဲကျော်ရှိပြီး၊ အစေးထုတ်နိုင်သည့် ဧက ၂ သိန်း ၇ သောင်းကျော်ရှိသည်ဟု မုဒုံမြို့နယ် မြန်မာ့နှစ်ရှည်ပင် မန်နေဂျာရုံးက ပြောသည်။

မွန်ပြည်နယ်သည် အခြားပြည်နယ်များထက် ရာဘာအစေးထုတ်လုပ်နိုင်မှု ပိုမိုကောင်းမွန်ကာ တစ်ဧကလျှင် (၆၄၃ ဒသမ ၅၈) ပေါင် ထွက်ပြီး၊ ကရင်ပြည်နယ်မှာ (၅၃၀ ဒသမ ၀၀) ပေါင် ထွက်သည်ဟုမြန်မာ့နှစ်ရှည် ပင်မှ သုတေသနပြုထားချက်အရ သိရသည်။

မွန်ပြည်နယ်မှာ ရာဘာခြံခေတ်စားလာပြီးနောက်ပိုင်း တချို့သော ငွေကြေးချမ်းသာသူတို့က ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနသာင်္ရီတိုင်းဘက်သို့ ရာဘာခြံစိုက်ပျိုးရန် ပြောင်းရွှေ့သွားကြသူများလည်းရှိသည်။
.

0 comments: