Monday, May 23, 2011

ရခိုင် အစိုးရသစ် လက်ထက် မော်တော်ပီကေရဲများ အကောက်ကြမ်းနေ

  သတင်း - နိရဉ္စရာ သတင်းဌာန
ဦးလှမောင်တင် ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရမှာ အာဏာ မရှိဘဲ ရုပ်သေး အစိုးရဖြစ်နေ သဖြင့် စစ်တပ်၊ ရဲနှင့် အစိုးရ ဌာနများ အနေဖြင့် ရခိုင်ပြည်နယ်တွင် ထင်သလို ဆက်လက် မင်းမူ နေပြီး တစ်ချို့နေရာများတွင် အခြေအနေမှာယခင် ကထက် ပိုမို ဆိုးရွားလာနေသည်ဟု သိရသည်။
Motorbikes-in-Sittwe285" အခြေအနေက စစ်တွေက တစ်ချို့နေရာတွေမှာ ဆိုရင် အရင်ကထက် ပိုဆိုးရွားလာပါတယ်။ အခုဆိုရင် လမ်းပြရဲ (မော်တော်ပီကေ)တွေက အကြောင်း အမျိုးမျိုးပြပြီး ဆိုက်ကားသမားနဲ့ မော်တော်ဆိုင်ကယ် တွေဆီက ငွေကောက်တယ်။ အရင်က ကျပ် ၃၀၀ ဆိုရင် ခုဆိုရင် ၇၀၀ ထိ တိုးကောက်လာပါတယ် " ဟု အမည် မဖေါ်လိုသူ ဆိုက်ကားသမား တစ်ဦးက ပြောသည်။

လမ်းပြရဲများကို လမ်းဆုံ လမ်းခွများတွင် ဖြန့်ကျက်ချထားပြီး ဆိုက်ကားတစီးကို ကျပ် ၇၀၀ ကောက်ခံနေပြီး ဆိုင်ကယ် တစ်စီးကိုလည်း ယခင်က ၁၅၀၀ ကျပ်ကောက်ရာမှ ယခုအခါ ကျပ် ၃၀၀၀ ကနေ ၄၀၀၀ ထောင်ထိ ကောက်ခံနေကြောင်း သိရသည်။

" သူတို့က ပိုက်ဆံတောင်းချင်ရင် အကြောင်း အမျိုးမျိုးပြပြီး တောင်းနေတာဘဲ။ ကဒ်ပြား မပါဘူး။ပါရင် လည်း ကဒ်ပြားက ဟောင်းနေပြီ။ လိုင်စင် ကြေးသွင်းပြီး ပီလား။ စသဖြင့် အမျိုးမျိုး ပြပြီးတောင်းနေတာပါ ဘဲ။ ဆိုက်ကားသမားတွေကလည်း ရဲစခန်းရောက်ရင် ပိုရှုပ်မှာမို့တောင်းတဲ့ငွေကို ပေးကြရတာပါဘဲ" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ မော်တော်ပီကေရဲများ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသည်ကို အထက်ကို တင်ပြ လျှင်လည်း မည်သူ တစ်ဦးတယောက်မှ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

" အခု ကောက်နေတာက အစိုးရက တရားဝင် ကောက်နေတာ မဟုတ်ပါဘူး။ တပ်ကြပ်အဆင့်ရှိတဲ့ လမ်းပြရဲတွေက သူတို့ အထက် အကြီးအကဲတွေက ကောက်ခိုင်းတဲ့ အတွက် တရားမ၀င် ကေက်နေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

အဓိက မော်တော်ပီကေမှ ငွေကောက်ခံနေသည့် နေရာများမှာ မေယုလမ်းဆုံ၊ သင်္ဘောဆိပ်၊ စိုင်းဒရား လမ်းဆုံ၊ ရေချမ်းပြင်သွားလမ်း၊ မီးစက်ကြီး လမ်းဆုံ နှင့် တခြားနေရာအသီးတို့တွင် ဖြစ်သည်။

၎င်းပြင် စစ်တွေမှ ရဲအဖွဲ့သည့် ကားလမ်းများဘေးတွင် ပြည်သူများ လွတ်လပ်စွာ ယာဉ်များ ရပ်နားနိုင်သော နေရာ ကွက်လပ်များကိုလည်း စည်ပင် အဖွဲ့မှ လေလံဆွဲ ရယူထားပြီး ယာဉ်ရပ်နားသည်နှင့် ငွေများ ကောက်ခံနေကြောင်း သိရသည်။

ဆိုက်ကားတစီးကို တညရပ်နားခ ကျပ် ၅၀၀ကနေ ၇၀၀ ထိပေးနေရပြီ ၄င်းတို့ တောင်းခံသည့် ငွေများကို မပေးဆောင်နိုင်ပါက လူနှင့်ဆိုက်ကားကိုဖမ်းကာ စစ်တွေမြို့အမှတ် (၂) ရဲစခန်းသို့ ခေါ်ယူပြီးငွေကြေး အမြောက်အများ တောင်းခံကြောင်း သိရသည်။

ယခုကဲ့သို့ စစ်တွေတွင် မော်တော်ပီကေရဲများ သောင်းကျန်းနေသဖြင့် တစ်နေ့ လုပ်မှ တစ်နေ့ စားရသော ဆိုက်ကား သမားများမှာ စစ်တွေတွင် အခက်အခဲ မျိုးစုံဖြင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
.

0 comments: