Wednesday, July 28, 2010

ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်သော်လည်း မီးကမှန်မှန်လာပါ့မလား ..နောက်ဆုံးတော့ တရုတ်ကြီးပဲအမြတ်ထွက်မယ်.

နော်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Yunnan Provincial Investment Holding Group Co.,Ltd. မှ Chairman Mr.BAO Minghu နှင့်အဖွဲ့သည် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဧည့်ခန်းမ၌ (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြည်စိုး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Yunnan Provincial Investment Holding Group Co.,Ltd. မှ President Mr.LIU Yinong နှင့် International Group of Entrepreneurs Company Limited မှ တာဝန်ရှိသူတို့က နော်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement) ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များကို လျှပ်စစ်မီးပေးဝေရာတွင် ၁၉.၇.၂၀၁၀ ရက်မှ စတင်၍ တစ်ရက်လျှင် ၁၀ နာရီအထိ တိုးမြှင့်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားမှ သိရသည်။ စက်မှုဇုန်များသို့ လျှပ်စစ်ဓါတ်အား ဖြန့်ဝေမှုကို ၁၆.၆.၂၀၁၀ ရက်မှစတင်၍ တစ်ရက်လျှင် ၅ နာရီနှုန်းဖြင့် အုပ်စုနှစ်စုခွဲကာ အလှည့်ကျ ပေးဝေခဲ့ပြီး တစ်လကျော်ခန့်အကြာ ၁၉.၇.၂၀၁၀ ရက်တွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ တစ်ရက်လျှင် ၁၀ နာရီနှုန်းဖြင့် ဓါတ်အားဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ “လျှပ်စစ်မီးပုံမှန် ပြန်ရလာတော့ စက်ရုံ၊ အလုပ်ရုံတွေအတွက် ပုံမှန်လည်ပတ်နိုင်လာပါတယ်။ မီးမလာတဲ့ရက်တွေမှာ မီးစက်အသုံးပြုရတာဟာ ဒီဇယ်ဆီဖိုး စရိတ်စက ကြီးလွန်းတယ်” ဟု လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ လျှပ်စစ်သုံးစွဲမှု စုစုပေါင်းအတွက် လိုအပ်သောပမာဏမှာ မဂ္ဂါဝပ် ၆၆၀ ကျော်ဖြစ်ပြီး၊ ယင်း၏ ၁၈ ရာခိုင်နှုန်း ခန့်ဖြစ်သော မဂ္ဂါဝပ် ၁၂၀ ကျော်မှာ စက်မှုဇုန်များအတွက် လိုအပ်ခြင်းဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: