Friday, October 22, 2010

"ကိုယ်လုပ်မှ ကိုယ်စားရတယ် ဘယ်သူတက်တက်အရေးမကြီးဘူး" ဟု ပြောဆိုနေသူများသို့

"*ကိုယ်လုပ်မှ ကိုယ်စားရတယ် ဘယ်သူတက်တက်အရေးမကြီးဘူး*" ဆိုတဲ့စကားကို
နေရာအတော်များများမှာကြားနေ၊တွေ့နေရပြန်ပါပြီ။ ဒီစကားဟာ
ပြည်သူတွေထဲကသာမန်လက်လုပ်လက်စားသမားအများစု ပြောနေကြတဲ့စကားပါ။
ပထမစကားထက်ပိုပြီအသုံးများသလို (လူထုအတွင်း
ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေမှုကြောင့်) တိုင်းပြည်အတွက်
ပိုပြီးစိုးရိမ်စရာကောင်းပါတယ်။

သူတို့တွေထဲက တချို့ဟာ ဒီစကားကို သူတို့ရဲ့
သူငယ်ချင်း၊ညီအစ်ကိုမောင်နှမ၊သားသမီး၊တူ၊တူမ မြေးမြစ်တွေ အစိုးရအကြောင်း
နိုင်ငံအကြောင်းပြောဆိုဝေဖန်တဲ့အခါမှာ
ဒီစကားကိုပြောပြီး၊တဖက်လူဆက်မပြောနိုင်အောင် ပြောဆိုပိတ်ပင်တားဆီးလေ့ရှိပါတယ်။
အကြောင်းရင်းတွေကတော့အမျိုးမျိုးရှိနိုင်ပါတယ်။

 သူတို့ကိုယ်၌က နိုင်ငံရေးကို စိတ်ဝင်စားရကောင်းမှန်းမသိ၍ဖြစ်စေ၊အစိုးရဟာ
သူတို့ဘ၀တိုးတက်မှု၊ဆုတ်ယုတ်မှု နေထိုင်မှုအဆင့်အတန်းတိုးတက်မြင့်မားမှုတွေနဲ့
ပါတ်သတ်နေမှန်း မသိ၍ဖြစ်စေ၊ချစ်၍၊စိုးရိမ်၍ ဖြစ်စေ
စသည့်အကြောင်းအမျိုးမျိုးကြောင့်တဖက်လူကို နိုင်ငံရေးစိတ်မ၀င်စားစေ၇န်
နိုင်ငံရေးအကြောင်းမပြောရန် ဤစကားဖြင့်
ပြောဆိုပိတ်ပင်တားဆီးလေ့ရှိပါတယ်။(မုန်းလို့ တားမှာမဟုတ်တာတော့အသေအချာပါပဲ
ဤကားစကားချပ်)

ဒီစကားကိုပဲ အမြဲလက်သုံးပြောနေကျနောက်တစ်အုပ်စုကတော့ စစ်အစိုးရလက်ကိုင်တုတ်
တွေပါပဲ။ ဒီစကားကိုပဲ ပုံစံအမျိုးမျိုးပြောင်းလဲသုံးစွဲပြီး နေရာအမျိုးမျိုးမှာ
သူတို့စိတ်ကြိုက် ပြည်သူတွေနိုင်ငံရေး စိတ်မ၀င်စားနိုင်စေရန်
ပြောဆိုဝါဒဖြန့်ခဲ့ကြပါတယ်..။
နိုင်ငံရေးစိတ်ဝင်စားတတ်တဲ့သူတွေကိုလည်း..”ပြောမနေပါနဲ့ဗျာ ဘယ်သူတက်တက်
အရေးမကြီးပါဘူးဗျာ သူတို့လည်းစားနေကြမှာပဲ ကိုယ်လည်းကိုယ်လုပ်မှ ကိုယ်စားရတာ
အေးအေးဆေးဆေးသာနေတာ ကောင်းပါတယ်” စသည်ဖြင့်
ပြောဆိုဖြောင်းဖြဖို့ကြိုးစားလေ့ရှိပါတယ်။

""ကိုယ်လုပ်မှ ကိုယ်စားရတယ် ဘယ်သူတက်တက်အရေးမကြီဘူး"" ဆိုတာ သေချာပြန်
လေ့လာသုံးသပ် ကြည့်ကြဖို့ ပြောချင်ပါတယ်..။

အစိုးရဟာ ပြည်သူ့အခြေခံ လိုအပ်ချက်ကို ဖြည့်စည်းပေးနေရမှာဖြစ်ပါတယ်။ရေ၊မီး
ကစပြီး စီးပွားရေး ၊လူမှုရေး ၊ကျန်းမာရေး ပညာရေး အလုပ်အကိုင် စတာစတာ တွေကို
ပြည်သူအများအစဉ်ပြေအောင် ဖန်တီးပေးနေရမှာဖြစ်ပါတယ်။ အစိုးရကောင်းရင် ကောင်းသလို
ပြည်သူအများ သက်သာချောင်ချိစွာနေနိုင်မှာ ဖြစ်ပါတယ်။
ပညာတတ်အစွမ်းအစရှိသူများအတွက် အခွင့်အလမ်း ပိုရရှိလာနိုင်သလို၊အောက်ခြေ
သာမန်လူတန်းစားများအတွက်လည်း လမ်းပမ်းဆက်သွယ်ရေးကအစ၊နေထိုင်မှု အဆင့်အတန်းများ
တိုးတက်မြင့်မားလာစေမှာဖြစ်ပါတယ်။

ဒါတွေကို အစိုးရကောင်းများက ကောင်းစွာဖန်တီးနိုင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေ
နဲ့နှိုင်းယှဉ်လေ့လာကြည့်ရပါလိမ့်မယ်။

ဝေးဝေးကြည့်စရာမလိုပါဘူး...။ဒီအာရှမှာတင် မြင်နိုင်ပါတယ်။မြန်မာနိုင်ငံလို
သဘာဝသယံဇာတ၊ရေနံ၊သစ် စတာတွေ မပေါကြွယ်ပဲ အစိုးရကောင်းရဲ့
စီမံခန့်ခွဲအုပ်ချုပ်မှုနဲ့ ပြည်သူအများ အဆင့်အတန်းမြင့်မားစွာ နေနိုင်တာ
တွေ့ရပါလိမ့်မယ်။

။ဘယ်လိုတွေတိုးတက်လာနိုင်လဲ....။

ဥပမာ  တခြားနိုင်ငံတွေမှာ လူတိုင်း ကားစီးနိုင်အောင်အစိုးရက
စီစဉ်ပေးထားပါတယ်။လူတစ်ယောက်ဟာ အလုပ်တခုရှိရုံနဲ့ သူလာစာနဲ့သင့်တော်တဲ့ကားကို
လစဉ်ပေးချေတဲ့ စနစ်နဲ့ ၀ယ်စီးလို့ရပါတယ်။ ပုံမှန်ထက် ဈေးပိုပေးရတယ်ဆိုပေမဲ့
လစာထဲကနေအနည်းငယ်စီသာ ဖြတ်တောက်သွားတဲ့အတွက် စားဝတ်နေရေး မထိခိုက်နိုင်သလို
သူနဲ့သူ့မိသားစုလည်း ခရီးသွားလာရာမှာ အစဉ်ပြေသက်သာစေပါတယ်။
မိသားစုတစ်ခုမှာဒီလူကကားဝယ်၊တခြားလူက အိမ်ဝယ် စသည်ဖြင့် တာဝန်ယူလိုက်တဲ့အခါမှာ
မိသားစုဘ၀ စိုပြည်သာယာလာစေပါတယ်။

တခြားကဏ္ဏ တွေဖြစ်တဲ့ ပညာရေး ဆက်သွယ်ရေး ကျန်မာရေးစတဲ့ကဏ္ဏ တွေမှာလည်း အစိုးရဟာ
အများကြီးပံ့ပိုးပေးထားပါသေးတယ်။
အသက်အရွယ်ကြီးသူတွေ၊ကိုယ်ခန္တာချို့ယွင်းမှုကြောင့် အလုပ်မလုပ်နိုင်သူ စတာတွေကို
လစဉ်ထောက်ပံ့ကြေး ပေးလေ့ ရှိပါတယ်။ပညာရေးမှာလည်း မူလတန်းအရွယ်ကနေ အခြေခံ
တန်းတွေအထိကို အခမဲ့ပညာသင်ကြားနိုင်အောင် စီစဉ်ပေးထားလေ့ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ကောင်းမွန်တဲ့အတွက်ပြည်သူအများ ပြည်သူ့အခွင့်အရေး
အပြည့်အ၀ရရှိခံစားကြရတာကိုလည်း လေ့လာနိုင်ပါတယ်။(လူတွေကပျင်းလို့ အလုပ်မလုပ်ပဲ
တောင်းစားနေတာတွေလည်းရှိပါတယ်။ဒါဟာ လူနဲ့သာသက်ဆိုင်ကြာင်း ကြိုအသိပေးထားတာပါ)။

ကျွန်တော်တို့နိုင်ငံမှာတော့ ဒါတွေနဲ့ပြောင်းပြန်ပါ။

မကြာသေးခင်ကမှ တိုင်းပြည်ကနေ ပြန်လည်ရုတ်သိမ်းသွားတဲ့ ဂျပန်မှ TOYOTA ကားကုမ္ပဏီ
ကိစ္စကို ဥပမာပေးချင်ပါတယ်။ဒီကုမ္ပဏဟာ ပြည်တွင်းမှာအစိုးရနဲ့ ဖက်စပ်
လုပ်ကိုင်ရန်စာချုပ်နဲ့ ၀င်ရောက်လာတာဖြစ်ပါတယ်။ဒါပေမဲ့ တကယ်တန်း
ကားထုတ်လုပ်တဲ့အခါ ဒီကားဝယ်ယူခွင့်ကို
အစိုးရ၀န်ကြီးများနှင့်ဗိုလ်ချုပ်များဝယ်ရန်သာ
ခွင့်ပြုခဲ့ပါတယ်။ကားထုတ်လုပ်မှုဟာလည်း နှစ်စဉ် အစီးရေအနည်းငယ်သာ
ထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့် ကုမ္ပဏီက ပြည်သူအများစီးနိုင်ရန် ရည်၇ွယ်ပြီ
ပြည်သူများသို့ လစဉ်ပေးချေ စနစ်ဖြင့် ရောင်းချခွင့်ပြုပါ၇န်တင်ပြတဲ့အခါ အစိုးရက
ခွင့်မပြုတဲ့အတွက် ပြန်လည်ရုတ်သိမ်းသွားရခြင်းဖြစ်ပါတယ်။

ဒါဟာ သာမန်၇ုံးဝန်ထမ်းတွေအပါအ၀င်  စီးပွားရေးအနည်းငယ် အစဉ်ပြေနေသူ
လူအများစုအတွက် အစဉ်ပြေစေမဲ့ အခွင့်အရေးကို အစိုးရက
ပုတ်ထုတ်ဖယ်ရှားလိုက်တာဖြစ်ပါတယ်။အကယ်၍ ဤအစီအစဉ်သာ
ဖြစ်ပေါ်အောင်မြင်ခဲ့မယ်ဆိုရင် ပြည်သူအများအစဉ်ပြေစေမှာ မလွဲပါဘူး။

မိမိကလည်း မဖန်တီးနိုင်၊ဖန်တီးနိုင်မဲ့သူကိုလည်း အားမပေးတာ၊မကူညီတာဟာ
စစ်အစိုးရရဲ့ ထုံးစံလိုဖြစ်နေပါပြီ။

အလားတူပဲ မလေးရှားနိုင်ငံမှ တယ်လီဖုန်းလိုင်း ကုမ္ပဏက
ပြည်သူအများဆက်သွယ်ရေးလွယ်ကူစေရန် ၀င်ရောက်လုပ်ဆောင်
ခွင့်တောင်းခံရာတွင်လည်းလက္မခံ ခဲ့ပြန်ပါဘူး။ဒါပေမဲ့ စစ်အစိုးရနဲ့
ရင်းနှီးတဲ့လုပ်ငန်းရှင်(တေဇ)ကို လုပ်ပိုင်ခွင့် ချပေးပြီးတဲ့အခါမှာတော့
သာမန်လူများ အသုံးမပြုနိုင်တဲ့ဈေးနဲ့ အမြတ်ကြီးစား ရောင်းချပါတော့တယ်။

ဒီအတွက် အကျိုးဆက်က နိုင်ငံတွင်း ဆက်သွယ်ရေး ခက်ခဲပြီး ပြည်သူအများ
အခက်အခဲပိုတိုးစေတာဖြစ်လာပါတယ်။အရေးတကြီးပြောဆိုရမဲ့ စကားတစ်ခွန်းအတွက်
အချိန်ကုန်ခံကာ ကားတတန် လှေတတန် သွားလာရတာတွေ၊လိုင်းကားကြပ်ညပ်စွာ
တိုးစီးရတာတွေ၊အချိန်မီ သတင်းအချက်အလက်မရရှိတဲ့အတွက် ဆုံးရှုံး နစ်နာမှုတွေ
စသည်ဖြင့် ပြသနာပေါင်းများစွာ ကြုံတွေ့နေကြရပါတယ်။(တခြားနိုင်ငံမှာ
လူတိုင်းဖုန်းကိုယ်စီ ကိုင်နိုင်တာနဲ့ ပြည်တွင်းမှာ ရပ်ကွက်ကျေးရွာ တစ်ခုမှ
လက်ကိုင်ဖုန်း ၁၀ လုံးပြည့်အောင်မရှိတာနဲ့ နှိုင်းယှဉ်တာဖြစ်ပါတယ်)

အလားတူပဲ ကျန်းမာရေး၊ပညာရေး ကဏ္ဏတွေမှာလည်း အစိုးရ၇ဲ့ စီမံပံ့ပိုးမှု မရှိသလောက်
နည်းပါးနေတဲ့အတွက် ပြည်သူတွေ အလွန်ဒုက္ခရောက်နေကြရပါတယ်။ ဆွေးနွေးလိုရင်းဖြစ်တဲ့
အလုပ်အကိုင်ကိစ္စ ဆိုရင်လည်း ပြည်သူတွေ လုပ်အားခ
အနှိမ်ခံနေရတာတွေ၊အချိန်ပိုလုပ်အားခ မရရှိတာတွေ၊လုပ်အားခနဲ့မတန်
အလုပ်လုပ်နေကြရတာတွေ ဟာနေရာအနှံ့မှာပါပဲ။တနေ့ လုပ်ခဟာ အပိုစုဆောင်းဖို့၊
မိဘဘိုးဘွားကို ကျွေးမွေးစောက်ရှောက်ထားဖို့ နေနေသာသာ မိမိ မိသားစုအရေး
ကိုတောင် ပြေလည်အောင် မဖြေရှင်းနိုင်ကြပါဘူး။

လက်ရှိ ဖြစ်ပျက်နေသေးတဲ့ အလုပ်လက်မဲ့ ပြသနာတွေ၊ပညာနဲ့မတန် ရရာအလုပ်ဝင်လုပ်
နေကြရတာတွေ၊ အခြား ဦးနှောက်ယိုစီးမှု၊လူ့စွမ်းအား ယိုစီးမှုစတဲ့ပြသနာပေါင်းစုံဟာ
အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖြင်းမှုတွေကြောင့် ဖြစ်နေရခြင်းဖြစ်ပါတယ်။

ဒါတွေကို အစိုးရကောင်းများကသာ ပြေလည်အောင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ပြည်သူ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်မဲ့ အစိုးရဟာ ပြည်သူက
ရွေးချယ်တင်မြှောက်တဲ့ အစိုးရ ပဲဖြစ်တယ်ဆိုတာ
ယုံမှားသံသယဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ပြည်သူ့ကို အကျိုးပြုမဲ့
အစိုးရကောင်းတစ်ရပ် ပေါ်ပေါက်လာအောင် ပြည်သူတိုင်းက
ကြိုးပမ်းကြရမှာဖြစ်ပါတယ်။(ဒါကြောင့်တော့ ရွေးကောက်ပွဲမှာ
မဲသွားမပေးနဲ့ပေါ့ဗျာ)။ ပြည်သူဆိုရာမှာ အသက်အရွယ် ငယ်သူ ကြီးသူ ပညာတတ်သူ မတတ်သူ
ကျား၊မ စသည်ဖြင့် လူတန်းစားပေါင်းစုံ ပါဝင်ရမှာဖြစ်ပါတယ်။

လက်၇ှိ လူအများစုထင်မြင်ယူဆနေတာက  နိုင်ငံရေး လုပ်သူ လူတန်းစားက သတ်သတ်
ရှိတယ်လို့ ထင်နေကြပါတယ်..(အဲ့လိုထင်မြင်နေအောင် အလုပ်ခံထားရပါတယ်)* တကယ်တော့
“နိုင်ငံရေးသမား” ဆိုသူတွေဟာ ပြည်သူတွေကြောင့်သာ
ပေါ်ပေါက်လာတဲ့၊ကိုယ်ကျိုးစွန့်အနစ်နာခံနေတဲ့
ပြည်သူ့သူရဲကောင်းတွေသာဖြစ်ပါတယ်။*(လုပ်စား
သမားတွေကိုတော့ချွင်းချက်အနေနဲ့ ခဏဘေးထုတ်ထားပါရစေ)

ဒါတွေကို နားမလည်သူတွေဟာ နိုင်ငံရေးစကားမပြောရဲ ၊နိုင်ငံရေးလုပ်သူနဲ့ မဆက်ဆံရဲ
တာတွေ နိုင်ငံရေးအကြောင်းပြောဆိုတာကို အပစ်ကြီးတစ်ခုလိုယူဆပြီး တားမြစ်တာတွေ
လုပ်နေကြပါတယ်။

ဒါဟာမှားယွင်းတဲ့အယူအဆ တစ်ရပ်ပါ။

နိုင်ငံသားတစ်ဦးဟာ မိမိနိုင်ငံအကြောင်းကို လွတ်လပ်စွာပြောဆိုဝေဖန်ပိုင်ခွင့်
ရှိရမှာ၊ပြောဆိုရဲ ရမှာ ဖြစ်ပါတယ်။ဒါမှသာ ပြည်သူလူထုအတွင်း
နိုင်ငံရေးအသိများတိုးပွားကြွယ်ဝလာပြီး ကောင်းမွန်ပြည့်ဝတဲ့ နိုင်ငံတစ်ခုကို
တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အဆုံးသတ်ပြောကြားလိုတာက အထက်မှာ ပြောခဲ့သလို အစိုးရကောင်း ပေါ်ပေါက်ရေးဟာ
နိုင်ငံရေးသမားတွေမှာတင် တာဝန်ရှိတာမဟုတ်ပဲ သာမာန်ပြည်သူတွေမှာလည်း
တာဝန်ရှိတာဖြစ်ပါတယ်။၊သာမန် ပြည်သူတွေရဲ့အကြောင်းကပင် နိုင်ငံရေးအကြောင်း
ဖြစ်တယ်ဆိုတာကို ပြည်သူအများအား တတ်နိုင်သရွေ့  နား၊မျက်စိဖွင့်ပေးကြဖို့
လိုပါတယ်။ “ကိုယ်လုပ်မှ ကိုယ်စားရမယ်” ဆိုပေမဲ့ ကိုယ်လုပ်သလောက်
အကျိုးခံစားခွင့်ရ ဖို့ဆိုတာ အုပ်ချုပ်သူအစိုးရရဲ့ အရည်အချင်းနဲ့
စေတနာပေါ်မှာလည်း မူတည်နေတာကို သတိပြုသင့်ပါတယ်။

“ပြည်သူဟာ သူတို့နဲ့ထိုက်တန်တဲ့ အစိုးရကိုပဲရရှိသည်” ဆိုတာအပြည့်အ၀ မမှန်သလို
“ဘယ်သူတက်တက် ကိုယ်လုပ်မှကိုယ်စားရမယ်” ဆိုတဲ့စကားဟာလည်း  အပြည့်အဝ
မှန်ကန်တဲ့စကားမဟုတ်ပါဘူး။ ဒီစကားတွေကို ဆက်လက်သုံးစွဲ နေခြင်းဟာ
နောင်ပေါ်ပေါက်လာနိုင်တဲ့ တိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ မျိုးဆက်သစ်တွေ
တိုးပွားလာခြင်းကို အဟန့်အတားဖြစ်စေနေတာကို တိုင်းပြည်အား
တိုးတက်ကြီးပွားစေရန်ဆန္ဒ ရှိသော ပြည်သူများအား နားလည်သဘောပေါက်စေချင်ပါတယ်။

 အစိုးရ လက်ကိုင်တုတ်များမှ ပြောဆိုခြင်းဟာလည်း ပြည်သူတွေကိုတွေကို
နိုင်ငံတွင်း၌ဖြစ်ပျက်နေသမျှကို မသိရှိစေရန် ပြောဆိုဝေဖန်ခြင်းမပြုနိုင်ရန်
တားဆီးပိတ်ပင်လို၍ ပြည်သူအတွင်း တွင်ကျယ်အောင် ပြုလုပ် ၀ါဒဖြန့်နေခြင်းသာ
ဖြစ်ပါတယ်။နားမယောင်သင့်၊ လက္မခံ သင့်ပါ။

ဒီစကားတွေကို ပြောဆိုထောက်ခံ နေကြတဲ့ စာရှုသူ ညီအစ်ကို မောင်နှမများသည်လည်း
အတွေးအခေါ်ဟောင်းကို စွန့်ပစ်ပြီး၊ ကိုယ်လုပ်နိုင်တာတွေကို လုပ်နေရင်းကပဲ
ကိုယ်လိုမသိသေးတဲ့ ပြည်သူများကို တတ်နိုင်သလောက်
နိုင်ငံရေးအသိပညာဖြန့်ဝေပေးဖို့ ပန်ကြားလိုပါတယ်။
(မြန်မာ့အရေး)  Facebookမှ
.

0 comments: