Friday, October 22, 2010

"ပြည်သူလူထုသည် ၄င်းတို့နှင့် ထိုက်တန်သော အစိုးရကိုသာရရှိသည်" ဆိုသောစကားအား ဆန်းစစ်ခြင်း

ဘုရားဟောထားတာကတော့ တူသောအကျိုးပေးမည် တဲ့။ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်။ဒါအမှန်ပါပဲ..။
ဒါပေမဲ့ ဒီစကားဟာ နိုင်ငံရေးလောကသားတွေကပြောဆိုဖို့ နိုင်ငံရေးစကားလုံးအဖြစ် အသွင်ပြောင်းလိုက်တဲ့ အခါကျတော့ အောက်က စကားစု ဖြစ်သွားပါတယ်။

"ပြည်သူလူထုသည် ၄င်းတို့နှင့် ထိုက်တန်သော အစိုးရကိုသာရရှိသည်" တဲ့...။

ဒီစကားရဲ့ ဆိုလိုပုံက ပြည်သူတွေက အဆင့်အတန်းရှိမှစည်းကမ်းရှိမှ အစိုးရကောင်းကိုရမယ်။ပြည်သူက အဆင့်အတန်းမရှိ၊စည်းကမ်းမရှိရင် မကောင်းတဲ့အစိုးရပဲ ရမယ် ...လို့ဆိုလိုတာ ဆိုတာကို အထူးပြောနေစရာမလိုတော့ပါဘူး။

စာရေးသူ အမြင်ကိုပြောရရင်တော့ ဒီစကားကို အပြည့်အ၀ မထောက်ခံနိုင်ဘူးလို့ပဲပြောရပါလိမ့်မယ်..။
ဘာကြောင့် လည်းဆိုတော့ ဒီစကားကိုထောက်ခံလိုက်ရင်ယခု တိုင်းပြည်ဆုတ်ယုတ်နေတာ ၊ပြည်သူတွေ ၀န်ထမ်းတွေ အကျင့်ပျက်နေကြရတာတွေအားလုံးဟာ ပြည်သူ့ခေါင်းပေါ် ပုံချနေသလိုဖြစ်နေပါတယ်။ပြည်သူတွေကြောင့်ပဲ တိုင်းပြည်ဆင်းရဲနေသလိုလို ဆုတ်ယုတ်နေသလိုလို ဖြစ်နေပါတယ်။
တွေ့နေကြားနေရတာ ကြာပါပြီ။ လူအတော်များများကလည်း လက္ခံထားပုံရတယ်..။

ဒါဟာ အမှန်လား..သေချာစဉ်းစားသင့်ပါတယ်။

ပထမဆုံး စဉ်းစားလိုက်မိတာက ဒီစကားကိုပြောဆိုသူတွေအကြောင်းပါ။ဒီလိုစကားမျိုးကို သာမာန် လူတွေ ပြောဆိုလေ့မရှိပါဘူး။ဒီစကားကို ပြောဆိုပြီ ဆိုကထဲက ဒီလူဟာ နိုင်ငံ့အရေးကို စိတ်ဝင်စားသူ၊သာမာန် လူအချို့ထက် နိုင်ငံရေး၊လူမှုရေးအသိအမြင်ရှိသူတွေ ကသာ ပြောဆိုလေ့ရှိပါတယ်။ဒီလိုအသိတွေ ရှိသူဟာလည်း တိုင်းပြည်ရဲ့ လိုအပ်ချက် အုပ်ချုပ်သူရဲ့ လိုအပ်ချက် ပြည်သူတွေရဲ့လိုအပ်ချက် စတာတွေကို သိမြင်သူပီပီ (အတတ်နိုင်ဆုံးတော့)တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းကို အားထုတ်ကြိုးပမ်းမဲ့သူ၊အားထုတ်ကြိုးပမ်းနေတဲ့သူတွေ ဖြစ်မယ်လို့ ယေဘူယျ ကောက်ချက်ချလို့ရပါတယ်။

ဒါဆို မေးစရာရှိလာတာက ဒီစကားပြောဆိုသူကကော ပြည်သူမဟုတ်ဖူးလား..? ပြောသူကိုယ်၌ ဟာ ပြည်သူဖြစ်ပါလျက်၊တိုင်းပြည် ကောင်းကျိုးလိုလားသူ ဖြစ်ပါလျက် ဘာ့ကြောင့် ဒီလိုစကားကိုပြောထွက်ရတာလဲ?ဒီလို ပြည်သူတွေအပေါ် အပစ်ပုံချတဲ့စကားကိုပြောပြီး အခြားသာမန် ပြည်သူတွေလိုပဲ တိုင်းပြည်ကောင်းရာကောင်းကြောင်း တိုးတက်ရာတိုးတက်ကြောင်းကို ဆက်မလုပ်တော့ပဲ နေလိုက်တော့မှာလား။
ဒီစကားကိုထောက်ခံသူတွေကလည်း တိုင်းပြည်ဖြစ်ချင်ရာဖြစ်ဆိုပြီး နေလိုက်ကြတော့မှာလား။
ပိုပြီးအန္တရာယ် ကြီးတာက နိုင်ငံရေးကို စတင်စိတ်ဝင်စားကာစ လူငယ်တွေ၊နိုင်ငံ့အရေးကို ရောက်ရာနေရာကနေ စတင် ဆောင်ရွက်လိုသူလူငယ်တွေ မြင်သွား၊ကြားသွားတဲ့အခါမှာ “ဟာ ဟုတ်တယ်  ဒီလိုစည်းကမ်းမရှိတဲ့ သူတွေနဲ့ ဒီလိုအစိုးရနဲ့ပဲတန်တယ် ငါလုပ်လည်းဘာမှ ထူးမှာမဟုတ်တော့ပါဘူး”ဆိုတဲ့ အတွေးမျိုး ၀င်သွားခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီးနစ်နာသွားနိုင်တယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။
ဒါပြောဆိုသူတွေနေရာကနေ စာရေးသူ စဉ်းစားမိတာပါ။

ပြည်သူတွေနေရာက နေကြည့်ရအောင်….

ပြည်သူတွေ စည်းကမ်းမဲ့လို့ စာရိတ္တမကောင်းလို့ လို့ ပြောမယ်ဆိုရင် ထဲ့စဉ်းစားသင့်တာက ပြည်သူတွေဘာ့ကြောင့် စည်းကမ်းမဲ့၇သလဲ ၊ဘာကြောင့် စာရိတ္တ ပျက်ရသလဲဆိုတာပါပဲ။

 ဥပမာ ပြည်သူတွေစည်းကမ်းမရှိဘူး တွေ့ရာနေရာမှာ ကွမ်းတံတွေးထွေးတယ် လမ်းပေါ်မှာအမှုက်ပစ်တယ်၊အမျိုးသားတွေကသက်ကြီးရွယ်အို အမျိုးသမီး စသည်ဖြင့်မခွဲခြားနိုင်ဘူးကားပေါ်အတင်းတက်နေရာလုတယ်…ယာဉ်မောင်းတွေ ကစည်းကမ်းမဲ့မောင်းတယ် လူသူမဲ့နေတဲ့အချိန်မှာ အင်္ကျီစုတ် ပုဆိုးစုတ်ကအစ ခိုးတယ် တစ်ဦးဆီကတစ်ဦး လိမ်ညာစားသောက်နေကြရတယ် ၀န်ထမ်းတွေက လာဘ်ငွေမရရင် ဘာမှမလုပ်ကြတော့ဘူး …စသည်စသည်ဖြင့်ပြောမယ်ဆိုမကုန်နိုင်ပါဘူး..။

ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရားနဲ့ ဆိုင်တယ်လို့ပြောလို့ရပေမဲ့ အစိုးရနဲ့လည်း တိုက်ရိုက်ပါတ်သတ်နေပါတယ်..။
လမ်းပေါ်မှာအမှိုက်ပစ်တာကို ပြောမယ်ဆိုရင် အမှိုက်ပုံးလုံလောက်အောင် ရှိမ၇ှိ ရှိတဲ့အမှိုက်ပုံး ပြည့်လျှံနေမနေ အချိန်မီ လှဲလှယ်ခြင်း ရှိမရှိ စတာတွေကိုလည်းကြည့်ရပါမယ်..။

လူတွေ စမ်းကမ်းမဲ့ ကားလမ်းပေါ်ကလျှောက်နေတာ ဟာ ကိုယ့်အသက်အန္တရာယ်ကို ဂရုမစိုက်လို့တော့ မဟုတ်တန်ကောင်းပါဘူး။လူသွားစင်္ကြံပျက်နေတာ ၀န်ထမ်းတွေရဲ့ အပိုကြားပေါက်၇ှာဖွေတဲ့အနေနဲ့ ဈေးသည်တွေရောင်းချခွင့်ပြုထားတာ မြောင်းဖုံးတွေ ကျိုးပဲ့ပေါက်ပြဲပြီး သံစွယ်ငေါငေါ ထွက်နေခြင်းတွေကသာ လူတွေကိုယာဉ်သွားလမ်းပေါ်က ဆင်းလျှောက်စေတာပါ။

ရုံးတက်၇ုံးဆင်းချိန် မှတ်တိုင်မှာလူတွေ ပြုံခဲပြီး ကားလာတဲ့အခါ အတင်းတိုးဝှေ့မတက်စေချင်ရင် ခရီးသည်နဲ့ယာဉ် မျှတအောင်သက်ဆိုင်ရာက စီစဉ်ပေးသင့်ပါတယ်။ယာဉ်စီးရေ လုံလောက်သော်လည်း မီးပျက်နေတဲ့ဓာတ်ငွေ့အရောင်းဆိုင်မှာ လိုင်းကားတွေ စုပြုံတန်းစီနေကြရခြင်းဟာ ခရီးသည်တွေရဲ့ မိသားစုရှိရာကိုအေးဆေးသက်သာစွာ ခရီးသွားလိုစိတ်နဲ့ အမျိုးသမီး၊သက်ကြီးရွယ်အို စသူတွေအတွက် ဦးစားပေးချင်စိတ်ကို ပျောက်ကွယ်သွားစေနိုင်တာကို ငြင်းမရပါဘူး..။

ဒီလိုပဲ လူတွေ လိမ်ညာစားသောက်နေကြတာ သူများပစ္စည်းခိုးယူ စားသောက်နေကြရတာတွေဟာလည်း ကောင်းမွန်စွာ လုပ်ကိုင်ရှာဖွေစားသောက်ရုံနဲ့ မလောက်ငှတော့တာကြောင့်ဆိုတာ သတိပြုသင့်ပါတယ်။(အခြေခံ လူတန်းစားတွေရဲ့ လုပ်ခလစာ၊ကုန်ဈေးနှုန်း စတာတွေနဲ့ချိန်ထိုးကြည့်နိုင်ပါတယ်)

ဝန်ထမ်းတွေသာ သင့်တော်တဲ့ လခ ကိုရရှိမယ်၊သင့်တော်တဲ့ ကုန်ဈေးနှုန်းနဲ့ စားသောက် နေထိုင် နိုင်မယ်ဆိုရင် (ပင်ကိုယ်ဗီဇကြောင့် အကျင့်ပျက်နေတဲ့သူကလွဲလို့)ဘယ်ဝန်ထမ်းမှ လာဘ်စားနေစရာ အကြောင်းမရှိပါဘူး။

ခုတော့၇ုံးဝန်ထမ်းတွေဟာ ၇ုံးမှာသုံးဖို့ဘောလ်ပင်ကအစ မိမိအစီအစဉ်နဲ့ အစဉ်ပြေအောင် ဖန်တီးနေကြရပါတယ်။စာပို့သမားအတွက် စက်ဘီး၊ဆိုင်ကယ်စီစဉ်ပေးထားခြင်းမရှိပါဘူး။  ၀န်ထမ်းက ကိုယ်တိုင်ရှာဖွေ ပြီးသုံးရပါတယ်၊ပျက်ရင်  မိမိစရိတ်နဲ့ ပြင်ရပါတယ်။ ကျောင်းတွေမှာဆိုရင်လည်း ဆရာမ တွေအတွက်မြေဖြူကအစ သင်ထောက်ကူပစ္စည်း လုံလောက်အောင်မရှိပါဘူး။စာသင်ခန်းမှာထိုင်ခုံက မလုံလောက်၊မိုး၇ွာရင် မိုးကယိုနေပါသေးတယ်။ဒါတွေကို အစိုးရက မဖြည့်စည်းပေးတဲ့အခါမှာ ၀န်ထမ်းတွေဟာ အစဉ်ပြေသလို ဖန်တီးကြရပါတော့တယ်။ ဒါတွေဟာ မြို့ပေါ်ကထင်သာမြင်သာတဲ့အချက်အချို့ပဲ ရှိပါသေးတယ်။

ကျေးလက်တွေမှာဖြစ်ပေါ် နေတဲ့ အမှုအခင်းတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ဆေးမရှိတဲ့ဆေးရုံပေါ်က အရေးပေါ်လူနာအတွက် အပြင်က၀ယ်ရမဲ့ဆေးဖိုးရှာဖွေရင်းက ဖြစ်ပေါ်လာတဲ့ လုယက်မှု လူသတ်မှု၊လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းကနေ အခြေတည်လာတဲ့ မှောင်ရိပ်ခို လုယက်မှု အဓ္ဓမကျင့်မှု စတာတွေဟာ လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့ပါတ်သတ်တယ်လို့ ပြောလို့ရပေမဲ့ တာဝန်ရှိသူတွေရဲ့  အဓိကလိုအပ်ချက်တွေကို မဖြည့်စည်းနိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက် ဆိုတာကိုလည်း မငြင်းနိုင်ပါဘူး။

ဆေးရုံမှာသာ ဆေးဝါးလုံလောက်စွာရှိနေရင် အရေးပေါ်ဆေးဖိုးရှာစရာ မလိုသလို လုယက်လူသတ်မှုလည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး။
လူသွားလမ်းနဲ့ ရွာဝန်းကျင်မှာ လျှပ်စစ်မီးထွန်းလင်းနေမယ်ဆိုရင် အလုပ်ကနေ ညမိုးချုပ်မှ ပြန်ရမဲ့လူတွေ၊မိန်းမပျိုတွေအတွက်လုယက်ခံရခြင်း၊ အဓ္ဓမကျင့်ခံရခြင်းဆိုတာတွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။အမှုအခင်း နည်းပါးသွားပြီ ဆိုရင်လည်း လူတွေ၇ဲ့ စာရိတ္တကိုယ်ကျင့်တရား ကောင်းမွန်တိုးတက်လာပြီလို့ ယေဘူရ ကောက်ချက်ချနိုင်ပါသေးတယ်။

ဒါတွေကို အစဉ်ပြေသလို ကြည့်ရှင်းဖို့အတွက် ပေါ်ပေါက်လာတဲ့စကားကတော့ “ကိုယ်ထူကိုယ်ထ”ဆိုတဲ့စကားပါပဲ။
ကျောင်း၊ရုံးဌာနတွေအပြင် နေရာတိုင်းမှာ ကိုယ်ထူကိုယ်ထတွေ ဖြစ်လာတဲ့အခါမှာ နောက်ဆုံးဒီစရိတ်တွေကို ကျခံရသူဟာ ပြည်သူလူထုပဲ ပြန်ဖြစ်နေပါတယ်။ပြည်သူတွေဟာ ဒီစရိတ်စကတွေကိုဖြေရှင်းဖို့အတွက် ရရာနည်းနဲ့ ငွေရှာနေကြရပါတော့တယ်။

ဒါတွေတင်မက အမြဲတစေမဖြစ်မနေ ပေးဆောင်နေရတဲ့ ရပ်ကွက်ထဲမှာ၊ကျေးရွာထဲမှာ ဧည့်စာရင်းတိုင်တာကအစ မီးကင်းကြေးအလယ် လမ်းခင်းတာအဆုံး (အလှူငွေဟုပြောဆို) အကောက်ခံလိုက်ရတဲ့အခါမှာ ဒီပြည်သူတွေဟာ ဘယ်သူကိုမှ ကိုယ်ချင်းစာစိတ် ညှာတာစိတ် မထားနိုင်တော့ပဲ ပြည်သူအများစုဟာခိုးယူ၊ လိမ်ညာပြီးစားရတဲ့ဘ၀ကို ရောက်သွားကြရတာပါ။
ဒါတွေဟာ စနစ်ကြောင့် ဖြစ်ပေါ်လာရတဲ့ လူတွေရဲ့ စည်းကမ်းမဲ့မှု ကိုယ်ကျင့်တရားပျက်မှုတွေပါ။

စာရေးသူဟာ ပြည်သူတွေဘက်က လိုက်ပြီးတဖက်သတ်ကာကွယ်ပြောဆိုနေတာ မဟုတ်သလို အစိုးရကို မကောင်းတဲ့ အမြင်သတ်သတ်နဲ့ ကြည့်ရှုပြောဆိုနေတာ မဟုတ်ပါဘူး။ဖြစ်ပျက်နေမှုများကို ကြောင်းကျိုးဆက်စပ်  တွေးခေါ်ေ၇းသားခြင်း သာဖြစ်ကြောင်းကိုတော့ စာရှုသူ နားလည်သဘောပေါက် စေချင်ပါတယ်။

ပြည်သူတွေထဲမှာလည်း မူရင်းဗီဇကြောင့် စည်းကမ်းမဲ့သူ စာရိတ္တပျက်သူတွေရှိနေကြောင်း စာရေးသူ လက္ခံ ပါတယ်။။ဒီလို စာရိတ္တပျက်ဆီးနေသူ တွေကိုမြင်တိုင်း ဒီစကားရေရွတ်လို့တော့မရပါဘူး။ဒီလိုလူတွေကို ဘယ်လိုပုံစံနဲ့ စည်းရုံးသင့်တယ် ဆိုတာကိုတော့ သီးခြားလေ့လာရပါလိမ့်မယ်။

 ဒီစကားလုံး အသုံးတွင်ကျယ်လာမှာကိုတော့ စိုးရိမ်မိပါတယ်။ စည်းကဲ့မဲ့သူလူတစ်ယောက်ကို ကြည့်ပြီး  ဒီစကားလုံးကို ပြောဆိုလိုက်တဲ့အခါမှာ အခြားသာမာန်ပြည်သူ တွေကိုပါ ထိခိုက်ရုံမျှမက နောင်ပေါ်ထွက်လာနိုင်တဲ့ မျိုးဆက်သစ် လူငယ်များ ကိုပါ တွေဝေပြီး အဟန့်အတားဖြစ်စေနိုင်တာကို ဤစကားအား ပြောဆို ထောက်ခံသူများ ဆင်ခြင်စဉ်းစားနိုင်စေရန် အကြံပေး တင်ပြလိုက်ပါသည်။   ။

မြန်မာ့အရေး(Facebook)မှ
.

0 comments: