အရှောင်အတိမ်း
ဂျက်စီဂျိမ်းစ်၊ ကျွန်တော်တို့ ငယ်စဉ်က လွတ်လပ်ရေးကြီးရပြီးစမှာ မြန်မာ
ဇာတ်ကားတွေ ဆိုလည်း ထိုးခန်း၊ ကျိတ်ခန်း၊ စတန့်ခန်းတွေ ခေတ်စားသည်။
အင်္ဂလိပ်ကားတွေဆိုလည်း စစ်ကား ရယ်၊ နွားကျောင်းသား Cow Boy
ကားတွေရယ်သာများသည်။
ရုပ်ရှင်တို့ ထုံးစံအတိုင်း တိုက်ကြ၊
ခိုက်ကြ၊ ထိုးကြ၊ ကျိတ်ကြရင်လည်း ဇာတ်လိုက် ကနိုင်သည်။ ပစ်ကြ၊ ခတ်ကြသော
ကားဆိုလျှင်လည်း လူဆိုးပစ်သော ကျည်ကို ဇာတ်လိုက်က ရှောင်နိုင်သည်၊
ဇာတ်လိုက်က ပစ်လိုက်မှဖြင့် လူဆိုးခမျာသေရှာရော။ နာမည်ကြီး ဇာတ်လိုက်ထဲမှာ
ဂျက်စီဂျိမ်းစ် တစ်ယောက်ပါပါသည်။
ထိုထိုသော ဇာတ်လိုက်ကျော်တို့ထံမှ
မြန်မာတို့ လူမှုနယ်ပယ်ကို ဆွဲယူလာသော စကားက ''အရှောင်အတိမ်း
ဂျက်စီဂျိမ်းစ်'' ဟူ၍ ရေပန်းစားလာသည်။ လူ့လောက၊ လူ့နယ် ပယ်အသီးသီးမှာ
လည်သလိုရှောင်သူတို့ လွတ်သောသရုပ်ကို တင်စားခဲ့ကြသော ကာရံနဘေလေးနှင့်
မွေးစား စကားလေး ဖြစ်လာသည်။
စစ်ကြိုခေတ်က ဝံသာနုတို့
လှုပ်ရှားသောအချိန်မှာ အင်္ကျီပါးဝတ်သူ အမျိုးသမီး များကို
ရဟန်းပြည်သူလူထုအတော်များများက ရှုတ်ချခဲ့ကြသည်၊ ကဲ့ရဲ့ခဲ့ကြသည်၊
ဆန့်ကျင်ခဲ့ကြသည်။
စစ်ကြီးလည်း ပြီးရော ပထမဦးစွာ
သတိပြုမိသည်က လေထီးစပိုး အင်္ကျီများခေတ် စားလာသည်။ စစ်အတွင်းက
လေထီးများကိုစု၍ဝယ်သည်။ လှောင်ထားသည်။ စစ်ကြီး ပြီးသောအခါ
လေထီးပိုးစများကို ဖြတ်၍ ရောင်းကြသည်၊ အမျိုးသမီးတွေဝယ်ကြ၊ ချုပ်ဝတ်ကြသည်။
သည့်နောက် လွတ်လပ်ရေးနှင့်အတူ ပေါ်လာသော
O-G-L (ခေါ်)သွင်းကုန်လိုင်စင် ခေတ်ဖြစ်လာသည်။ စက်ရုံတွေ ထောင်ကြသောအခါမှာ
နိုင်လွန်စက်ရုံတည်သည်။ နိုင်လွန် စ ပါးပါးတွေကို ကိုယ်လုံးလှသူတို့
တိုတိုကျပ်ကျပ် ချုပ်ဝတ်ကြသည်။ နိုင်လွန်ခေတ်မှာပင်
'မှန်နိုင်လွန်'ပေါ်လာသည်။ ဝတ်ထားသူ၏ အတွင်းခံဇာဘော်လီမှ အတွန့်လေးများပင်
မြင်ရသည်။ တိုတိုကျပ်ကျပ် ဝတ်သူတို့၊ အသားဖြူသူဆိုလျှင် အင်္ကျီဝတ်ထား
မှန်းမသိရ။ အတွင်းခံဘော်လီချည်း ဝတ်လာသလားထင်ရအောင် ပါးလွှာလွန်းလှသော
မှန်နိုင်လွန်တွေ အရောင်းသွက်ခဲ့သည်။
ထိုအချိန်မှာ အထိုးအကျိတ် အသတ်အပုတ်
ဇာတ်ကားများအတွက် ရေပန်းစားလာသည်က ရေကူးဝတ်စုံနှင့် ရိုက်ကူးသော
ကားများဖြစ်သည်။ မင်းသမီး Estha Willians သော Bathing Beauty
ဇာတ်ကားဆိုလျှင် ကျိတ်ကျိတ်တိုး စည်ကားခဲ့သည်။
လွတ်လပ်သော နိုင်ငံပီပီ ကြံ့ခိုင်
သန်စွမ်းသော လူမျိုးဖြစ်ဖို့ အားပေးမှုများ ရှိလာသည်ဟုဆိုရမည်။ မောင်ဗမာ၊
မယ်ဗမာပြိုင်ပွဲတွေ ကျင်းပသည်။ မောင် ဒဂုံ မယ်ဒဂုံ။ ရွှေမန်းမောင်၊
ရွှေမန်းမယ် အစ မြို့တိုင်းမှာ ကျင်းပကြသည်။
ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သန်
စွမ်းမှုအလှပြရသော ပြိုင်ပွဲဖြစ်၍ အရှိကို အရှိအတိုင်း ပြရသည်။ မောင်တွေက
Suspendar ခေါ် ဘောင်းဘီပေါင်ပြတ် လေးနှင့်ကြွက်သားကြီးတွေ အဖုအထစ်
ကြွကြွလှလှကို ပြရသည်။
မယ်တွေကလည်း Swimming Costume ခေါ်
ရေကူးဝတ်စုံ အပါးလေးများဝတ်၍ ကိုယ်ကာယ တကယ့်အလှကို ပြကြသည်။
လမ်းလျှောက်ပြသည်။ ရှေ့မှဘေးမှ နောက်မှ မြင်ကွင်းကိုယ်ဟန် အလှပြကြရသည်။
ဒိုင်လူကြီးများက လမ်းလျှောက် စင်မြင့်ရှေ့မှထိုင်၍ ပရိသတ်နှင့်အတူ
ကြည့်ခါ အမှတ်ပေးရသည်။
ထိုထိုသော ကိုယ်ကာယအလှ ပြိုင်ပွဲများကို
တစ်ခေတ်တစ်ခါမှာ ပုံစံပြောင်းလိုက်သည်။ ပြိုင်ပွဲဝင်မယ်လေးများကို
လူဗိုလ်ပုံအလယ်မှာ ရေကူးဝတ်စုံနှင့် ကိုယ်ဟန် အလှပြခွင့် မပြုတော့ဘဲ
အခန်းထဲမှာသာ အမျိုးသမီးဒိုင်များချည်း သီးသန့်ကြည့်ရသည်။ ကိုယ်ကာယ
အတိုင်းအထွာတွေ ယူရသည်။ ရင်၊ ခါး၊ တင်ပါး၊ ပေါင်တန်၊ ခြေ သလုံး၊
အသေးစိပ်မှတ်ရသည်။ လူရှေ့ သူရှေ့မှာတော့ အင်္ကျီလက်ပြတ် ကိုယ်ကြပ်နှင့် ထမီ
ပျော့ပျော့ပါးပါးနှင့် ကိုယ်လုံးကိုမြင်သာအောင် ဝတ်ဆင်လျက်
ကိုယ်ဟန်ပြရသည်။ လမ်းလျှောက်ပြရသည်။
နှစ်တွေပင် ကြာခဲ့ပြီ။ ယနေ့ထက်တိုင်ဖြစ်သည်။
ယဉ်ကျေးမှုထိန်းသိမ်းရေးအဖြစ် စည်းကမ်းတွေပြင်ခဲ့သည်။ မောင်နှင့်နှမ၊ သားနှင့်အမိ အတူမကြည့်သင့်ဟု ဟီရိသြတပ္ပ ထိန်းရေးကြပ်မတ်ခဲ့သည်။
သို့သော် ရေပူသည် အမြဲစီးနေမြဲဖြစ်သည်။ စီးလာသောရေကို တားထားလျှင် နိမ့်ရာပါးရာကို ရှာ၍ တိုးထွက်တတ်သည်ကို လူတိုင်းသိသည်။
လွန်ခဲ့သော ငါးဆယ့်တစ်နှစ်က မြဝတီမဂ္ဂဇင်းတွင် အလှမယ်
နော်လွီဇာဘင်ဆင် ကိုယ်လုံးပြဟန်ကိုလည်း ဖော်ပြထားသည်။ ရေကူးဝတ်စုံကို
ဝတ်ထားသည်။ ခြေစုံရပ်၍ ရိုးရိုးမတ်တပ် ရပ်နေသည်။ လက်တစ်ဘက်ကိုမြှောက်ကာ
ကျန်လက် တစ်ဘက်က ခါးထောက်ထားသည်။ ကိုယ်နေဟန်ထား အလှတွေပေါ်လာသည်။
ယနေ့ခေတ်ကာလမှာ ဟိုတစ်ချိန်ကလို
ရေကူးဝတ်စုံနှင့် ကာယအလှမယ်တွေ ကိုယ်ဟန်ပြပုံတွေ ခွင့်မပြုတော့သော်လည်း
ပြင်ပမှ ယဉ်ကျေးမှုတွေ မုန်တိုင်းဆင် ဝင်ရောက်လာသည်။ အချို့ဂျာနယ်များ၊
ကွာလတီမဂ္ဂင်းများတွင် ကြွေစက္ကူတွေနှင့် ပုံမျိုးစုံ ပါလာသည်။ မော်ဒယ်တွေ၊
သရုပ်ဆောင်တွေ၊ အဆိုတော်တွေ အရွယ်စုံ၊ ဆိုက်ဆုံပါလာသည်။
တောရွာဓလေ့ ထမီရင်လျား ထားသလိုမျိုး
ရင်ဘတ်လုံရုံ အင်္ကျီလေးနှင့် ပေါင်ရင်းဖော် ကိုယ်ကြပ်ဂါဝန်လေးနှင့်၊
ပေါင်ရင်းမှခြေဖျားအထိ အသားကပ်ခြေစွပ်ရှည် (Body Glove) နှင့်
ကိုယ်ဟန်မျိုးစုံ ဖော်ပြထားကြသည်။ ခြေစွပ်အနက်ဝတ်ထားကြသူများရှိသလို
အသားရောင်ခြေစွပ်ရှည်များဝတ်ထားလျှင်တစ်ကယ့်အသားကဲ့သို့မြင်ရသည်။
ခါးကိုကော့ထားသည်၊ ရင်ကိုမော့ထားသည်၊
ခြေကိုခွဲ၍ရပ်သူ၊ ခြေတစ်ဖက်မြှောက် ၍ရပ်သူပုံစံစုံသည်။
အချို့အလှမယ်လေးများ ရင်သားကို ဖုံး၍၊ တင်ပါးကိုဖုံး၍၊ ဗိုက်သားကို
လှပ်ထားသည်။ ချပ်ချပ်ရပ်ရပ်ဗိုက်ကိုအလှပြရင်း 'ချက်' တွင်
သံကွင်းလေးတပ်ထားသူ လည်းရှိသည်။
ပေါ်ပြူလာဂျာနယ် ဆယ့်သုံးနှစ်ပြည့်
အထူးထုတ်မှာလည်း ဆရာဦးဝင်းငြိမ်းက စာနယ်ဇင်းတို့ ရှင်သန်ရေးအတွက်
အလှမယ်လေးတို့ ကော့ကော်ကန်ကား ပုံများနှင့် ကျား မကန်သင့်ကြောင်း
ရေးသားထားသည်ကို တွေ့လိုက်ရသည်။ (၃ဝ၊၆၊၂ဝ၁ဝ)နေ့ထုတ် နံနက်ခင်း
ဂျာနယ်တွင်တော့ လုပ်ငန်းသဘောအရ မြင်နေ တွေ့နေရသော ဆရာတင်သန်းဦးက
သူရဲ့ရေးဟန် သွက်သွက်လေးနှင့် သရော်စာရေးထားသည်။ ရင်လျားဂိုဏ်းကား
တစ်ဂိုဏ်းတည်း မဟုတ်တော့ပေ။ ရင်ဖော်ဂိုဏ်း၊ ချက်ပေါ်ဂိုဏ်း၊
ကျောပြောင်ဂိုဏ်း၊ မြီးညှောင်ရိုးဂိုဏ်း၊ စကတ်တိုဂိုဏ်း၊
ဘောင်းဘီတိုဂိုဏ်း၊ အားလုံး ပေါင်းမိနေကြလေပြီ။
စကတ်တိုကို ကြိုးပျောက်ဝတ်ကြ၏။ ရင်အထက်တွင်
ဘာမှမရှိ၊ ရင်ကိုတစ်ဝက် မက ဖော်လာကြ၏၊ ချက်ကို အလယ်ဗဟိုတွင် ထားပြီး
ဗိုက်သားကို ဖော်လာကြ၏။ ခါးတို ဝတ်စုံခေါ်၏၊ ချက်ကို ထင်ရှားစိမ့်သောငှာ
သံကွင်းတစ်ကွင်း ဖောက်၍ စွပ်ထားသေး၏။ ဟူ၍ဖော်ပြပြီး ----
''ကလေးတွေက သူတို့ကို ကြည့်ပြီးအတုခိုးနေတာ၊ ဒါကိုလွှတ်ထားလို့ မဖြစ်တော့ဘူး''ဟု သတိပေးထားပြန်သည်။
ရေကူးဝတ်စုံနှင့် မယ်ရွေးပွဲကို
ပိတ်ပင်ထားဆဲဖြစ်သည်။ သို့သော် ယခု ရန်ကုန် မြို့လယ်၊ မြို့နယ်အားလုံး၊
လမ်းမဝဲယာမှာ အရပ်သူကလေးများ ထိုပုံစံနှင့် လမ်းလျှောက်နေကြပြီ။
စတိတ်ရှိုးမှ Cat Walk လျှောက်လမ်းပေါ်မှာပင် မဟုတ်တော့ပြီ။
သည်လိုခေတ်ရေစီးကို ဘယ်လို တားဆီး ကြမည်နည်း၊ ကျွန်တော့်အိမ်မှ
မြေးမလေးများကို မသက်ဆွေက တဟင်းဟင်းနဲ့ ထိန်းထားရသည်။ ဒါတောင်မှ
ဈေးသွားရင်း ဝယ်လာသော စပါကက်တီခေါ် ကြိုးသေးတပ် ပုခုံးဖော်အင်္ကျီကို ဝတ်သည်၊
အဖွားကို ကြောက်ရ၍ လုံခြုံသော ဖလံနယ္အက်ႌ၊ စတုိင္အက်ႌ လက္ရွည္ပြပြကုိ
လုံလုံခြုံခြုံ ထပ်ဝတ် ထားသည်။
စာရွက်ပေါ်မှ ကြော်ငြာမှမြင်သမျှ
အတုခိုးဝတ်ချင်သော စိတ်ကို ရသေ့စိတ်ဖြေ စတိလေးဝတ်သည်။ ထမီရှည်ရှည်အပေါ်ဝတ်
အင်္ကျီပွပွနှင့် ထပ်၍ လုံခြုံစေကြသည်။
မည်သူမှပြစရာမဟုတ်သော်လည်း စတိလေးဝတ်လိုက်ရမှဟူသော လူငယ်စိတ်ကို ကျွန်တော်စဉ်းစားနေမိသည်။
ရိုးရာယဉ်ကျေးမှုအတွက် တာဝန်ရှိသူတို့၊
လူကြီးသူမတို့ကြားမှ အလှမယ်များသည် လည်းကောင်း၊ တင်းကြပ်စွာ
ထိန်းချုပ်ထားသော အဖွားရဲ့နှိပ်ကွပ်မှုကြားမှ မြေးမလေးများ သည်လည်းကောင်း၊
နောင်လာနောက်သမီးလေးများသည်လည်းကောင်း၊ အာပတ် လွတ်အောင်
မည်သို့ကြံဆောင်ကြလေမည်လဲဆိုသည်ကိုတော့ တွေးကြည့်၍ မရမိသေးတာအမှန်။
မောင်ဆွေသက်
0 comments:
Post a Comment