Wednesday, May 05, 2010

စာသင်ခန်းနှင့် မတူ၊ ငရဲခန်းနှင့် တူနေ


ရန်ကုန်တိုင်းအတွင်း သန်လျင်၊ မှော်ဘီ၊ လှိုင်သာယာ၊ လှော်ကား ကျောင်းသားများ အတွက် မေလဆန်းမှ စတင်ပြီး ကျောင်းပြန်တက် နေရခြင်းသည် ငရဲခန်း အတွင်း ၀င်ရသကဲ့သို့ လွန်စွာ စိုးရိမ်နေရ ကြောင်းကို ရန်ကုန်မြို့ခံ တစ်ဦးမှ မောက္ခသို့ ပြောပြခဲ့သည်။

“လူကြီးတွေ၊ လူလတ်ပိုင်းတွေတောင် မခံမရပ်နိုင်ဖြစ်ရလောက်တဲ့အထိ အပူချိန်မြင့်မားလွန်းနေတာ။ ကလေးတွေ ကျောင်းပြန်တက်ခိုင်းတယ်။ အင်မတန် စဉ်းစားဥာဏ်နည်းပါးတဲ့ လုပ်ရပ်ဗျာ။ ရေဓါတ်ခန်းခြောက်ပြီး အသက်အန္တရာယ်တောင် စိုးရိမ်ရတာ။ စာသင်ခန်းဟာ စာသင်ခန်းနဲ့ မတူဘဲ ငရဲကျနေသလို ဖြစ်နေပြီဗျ”
မြန်မာနိုင်ငံအတွင်း ယခုနှစ် နွေရာသီမှာ အပူချိန် အလွန်မြင့်မား လှသည့်အတွက် ကျောင်းများစောစီးစွာဖွင့်လှစ်ခြင်းသည် ကလေး သူငယ်များ၏ ကျန်းမာရေးကို ထိခိုက်မှု ရှိနေကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့နှင့် မြို့ကြီးအချို့တွင် အပူချိန်မြင့်မားသည့် ဒဏ်ကြောင့် အသက်ဆုံးရှုံးရသူများ ရှိနေကြောင်းလည်း သတင်းရရှိပါသည်။ ကလေးငယ်များနှင့် အသက်အရွယ်ကြီးပြင်းသူများအတွက် လွန်စွာ အန္တရာယ်ရှိနေပါသည်။
မီးပုံမှန်မလာသည့်အပြင် ရေလည်း ရှားပါးမှုကြောင့် လွန်စွာ အနေရခက်ကြောင်းကို ရန်ကုန်မြို့သူတစ်ဦးမှ ညဉ်းတွားပြောဆိုခဲ့သည်။
“ဘယ်လိုနေလို၊ ဘယ်လိုထိုင်ရမှန်းကို မသိဘူး။ ပူလွန်းလို့ လူတွေလည်း စိတ်မရှည်ကြသလိုဘဲ။ ရေမီး ဘာမှမလာတော့ အားလုံးနဲ့ကို အဆက်ပြတ်နေတော့တာ။ အင်တာနက်လည်း သုံးလို့မရဘူး။ ကျမသမီးလေးကို ကျောင်းလာပို့ဖို့ပြောတာ ပူလွန်းလို့ မပို့တော့ဘူး”
လူတွင် ကိုယ်တွင်းအပူချိန် ၉၈ ဒသမ ၄ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ရှိနေစေရန် ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမှု အစိတ်အပိုင်းက ထိန်းညှိပေးထား ပြီး ပြင်ပအပူချိန်ကို ခံနိုင်ရန် အတိုင်းအတာတစ်ခုအထိ ထိန်းညှိပေးနိုင်သော်လည်း အပူချိန်မြင့်မားလွန်းပါက စွမ်းဆောင်နိုင်စွမ်းနိမ့်ကျတတ် ကြောင်း၊ ထို့ကြောင့် အပူချိန်မြင့်မားချိန်တွင် ရေချိုးခြင်းမှရှောင်ကြဉ်ရန်၊ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာမပြုလုပ်ရန်၊ အရက်သေစာ သောက်စားခြင်းမပြုရန်၊ နေ့ခင်းဘက် အပြင်ထွက်လျင် အမိုးအကာ ရစေသည့် ထီး၊ ဦးထုပ်များ အသုံးပြုရန်၊ အပူဒဏ် သက်သာစေသည့် အဖြူရောင်အပါအ၀င် အရောင်ဖျော့သည့် အ၀တ်အစားများ ၀တ်ဆင်ရန်၊ ချည်ထည်များ ပိုမိုဝတ်ဆင်ရန်၊ ချွေးထွက်များပါက ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန်မြင့်ပါက ရေအေး ဖတ်တိုက်ရန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ် နှင့် နာတာရှည် ဝေဒနာရှင်များ အရိပ်ရပြီး လေ၀င်လေထွက်ကောင်းသော နေရာများတွင် နားနေရန်၊ မိတ်ဖု၊ ယားနာများထွက်ပါက ရေအေး ၀တ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်း ပြုလုပ်ရန် စသည့် အပူဒဏ်ကို ကာကွယ်ခြင်းများ ပြလုပ်သင့်ကြောင်းကို ကျန်းမာရေး အသိပညာပေးရန် လိုအပ်နေကြောင်း သတင်း ရရှိပါသည်။
ကလေးသူငယ်များကို အပူချိန်မြင့်မားသည့် ဘေးအန္တရာယ်မှ ကာကွယ်ပေးရန် လိုအပ်နေသည်။
အထူးသဖြင့် အပူချိန်မြင့်မားလွန်းသည့် နေ့ရက်များတွင် ကျောင်းများပိတ်ထားရန် လိုအပ်ပါသည်။
မောက္ခပြည်တွင်းသတင်း
 

0 comments: