Monday, April 26, 2010

ပြည်ပရောက် တရားဝင်မြန်မာလုပ်သားများ၏ အထွေထွေနစ်နာမှုများအတွက် လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများမှ ဖြေရှင်းဆောင်ရွက်ပေးမှု ထိရောက်နေ

 စင်ကာပူနိုင်ငံရဲ့အလုပ်သမားရုံးရှေ့တွင် အလုပ်သမားများအားတွေ့ရစဉ်
  ပြည်ပတွင်လူမှုရေး၊ လုပ်သားရေးရာ အပါအ၀င် အထွေထွေနစ်နာ မှုများနှင့် ရင်ဆိုင်နေရသည့် တရားဝင် မြန်မာလုပ်သားများ အနေဖြင့်  လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်း များ၏ အကူအညီဖြင့် နစ်နာမှုများ အတွက် ဖြေရှင်းဆောင်ရွက်မှုများတွင် အောင်မြင်သည့်  အနေအထား များ ရှိလာခဲ့ကြောင်း ပြည်ပရောက် မြန်မာလုပ်သားများ၏  ပြောပြချက် များအရ သိရှိရသည်။

    စင်ကာပူနိုင်ငံတွင် တရားဝင် မြန်မာလုပ်သားတစ်ဦးအဖြစ် ရောက်ရှိနေထိုင်ပြီး တရားဝင် လုပ်သား အခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ နှင့် ရင်ဆိုင်ခဲ့ရကာ လူမှုရေးအဖွဲ့ အစည်းတစ်ခု၏ ကူညီမှုဖြင့် တရားဝင် လုပ်သားအခွင့်အရေးများ ပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်သည့် အခြေအနေရရှိခဲ့ကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူ မြန်မာအမျိုးသမီးတစ်ဦး က ဆိုပါသည်။

    ''၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံက အေးဂျင့်တစ်ခုရဲ့အစီအစဉ်နဲ့ စင်ကာပူနိုင်ငံကို တရားဝင်ထွက်သွားခဲ့တာပါ။ အဲဒီက အေးဂျင့်ရုံးကစီစဉ်ပေးတဲ့ နေရာမှာနေပြီး ဆေးစစ်တာတို့ ၊ မှတ်ပုံတင်တာတို့လုပ်ရပါတယ်။MOM  ရုံးကိုလည်း သွားရပါတယ်။ အလုပ် ရှင်နဲ့တွေ့ပေးပြီး စာချုပ်ချုပ်ရပါ တယ်။ လုပ်ရတာကတော့ အိမ်အကူ ပေါ့။ ခြောက်လစာချုပ်ချုပ်ခဲ့ကြတာ ပါ။  အိမ်ရှင်က စားသောက်ဆိုင် ဖွင့်ထားတော့  အိမ်အကူဆိုပေမယ့် စားသောက်ဆိုင်ကို ကူရတဲ့အတွက် အိပ်ချိန်အလွန်နည်းပါတယ်။  ဒါပေမယ့် စာချုပ်ပြည့်မှ ပြောင်းတော့မယ် ဆိုပြီး နေခဲ့ပါတယ်။ နောက်ပိုင်းကျတော့ အိမ်ရှင်က ပိုဆိုးလာပါတယ်။ အိပ်ချိန်နည်း အစားအသောက်ဆင်းရဲတဲ့အပြင် မနက်သုံးနာရီမနိုးရင် ရိုက်ပြီးတော့နှိုးပါတယ်။ နေ့တိုင်း အရိုက်ခံရတော့ ထွက်ပြေးချင်ပေမယ့် စာချုပ်မစေ့သေးတော့ လျော်ကြေးပေးရမယ်။ အဖမ်းခံရမယ်လို့ အိမ်ရှင်ကခြိမ်းခြောက်လို့ မပြေးရဲပါ ဘူး။ နောက်ပိုင်း ဘာသာရေးအဖွဲ့ အစည်းတစ်ခုက မြန်မာသူငယ်ချင်းတွေ အကူအညီနဲ့ စင်ကာပူနိုင်ငံမှာ အခြေစိုက်ထားတဲ့ လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုက ခေါ်သွားပြီး အဲဒီအဖွဲ့အစည်းက တစ်ဆင့်တရားစွဲဖို့ စီစဉ်တုန်း အိမ်ရှင်လိုက်လာပြီး  နစ်နာကြေးပေးပါတယ်။ နောက် တစ်အိမ်ကို ကူးပြောင်းနိုင်ကြောင်း လက်မှတ်ရေးထိုးပေးတာနဲ့ပဲ သူ့ကို တရားမစွဲတော့ဘူး။ ကျွန်မရဲ့အေးဂျင့်ကလည်းလိုက်လာပြီး နောက် အိမ်သစ်အတွက် စာချုပ်လည်းချုပ် ပေးပါတယ်။ အခုတစ်ခေါက် စာချုပ်ချုပ်မှပဲ အိမ်အကူတွေကို ဘယ်လိုအခွင့်အရေးတွေ ပေးထားတယ် ဆိုတာသိခွင့်ရခဲ့ပါတယ်'' ဟု အဆို ပါ အမျိုးသမီးက ရှင်းပြခဲ့သည်။

    ယင်းအပြင် မြန်မာအမျိုးသမီး အများစု အိမ်အကူအဖြစ်သွားရောက် လုပ်ကိုင်ရာ ထိုင်းနိုင်ငံရှိ နယ်စပ်မြို့ များတွင်လည်း အထွေထွေနစ်နာမှု များအတွက် အကူအညီပေးနေသည့် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ များစွာရှိနေပြီး နစ်နာသူများအနေဖြင့် အဆိုပါ အဖွဲ့အစည်းများနှင့်ဆက်သွယ် ဆောင်ရွက်ခွင့်ရရှိကြရန်သာ လိုအပ်ကြောင်း သိရသည်။

    ''ထိုင်းနိုင်ငံက မယ်ဆိုင်ဘက် မှာဆိုရင် မြန်မာဘက်က ရှမ်းတိုင်းရင်းသူတွေ  ကူးလာပြီးတော့ အလုပ် လုပ်ကြတာများတယ်။   အဲဒီဘက် တွေမှာလည်း တစ်ခုခု ပြဿနာရှိ တယ်ဆိုရင် ဘုရားကျောင်းတို့လို ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း တွေကို အားကိုးကြရတာပဲ။ ထိုင်းနယ်စပ်မြို့တွေမှာရှိနေတဲ့ ဘာသာရေး လူမှုရေးအဖွဲ့အစည်းတွေ ဆိုရင် လည်း ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့အတွက် အကူအညီတော်တော် များများ ပေးနိုင်ကြပါတယ်။ ဒါပေမယ့် အိမ်အကူအများစုက ပြင်ပထွက်ခွင့်မရတော့ တစ်ခုခုဖြစ်ရင်တော့  အကူအညီပေးဖို့ရာမလွယ်ဘူး။ မသိဘူးဖြစ်နေတယ်လေ'' ဟု ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်ခဲ့ဖူးသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက  ပြောပြခဲ့သည်။

    ပြည်ပနိုင်ငံများသို့ မည်သည့် အလုပ်အကိုင်ဖြင့်ဖြစ်စေ သွားရောက် လုပ်ကိုင်ကြမည့်  မြန်မာလုပ်သား များအနေဖြင့် သွားရောက်အလုပ်လုပ် ကိုင်ကြမည့် နိုင်ငံရှိ အလုပ်သမား ဥပဒေ၊ အလုပ်သမား အခွင့်အရေး များကို သိရှိထားရန် လိုအပ်သည့် အပြင် အခက်အခဲ တစ်ခုခု ကြုံတွေ့ခဲ့ပါက ဆက်သွယ် တိုင်ကြားနိုင်သည့် သံရုံးဖုန်းနံပါတ်များ၊ အဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များ၊ရဲစခန်းများ၏ ဖုန်းနံပါတ်များနှင့် ဆက်သွယ်အကြောင်းကြားနိုင်သည့် အဖွဲ့အစည်းများကို သိရှိထားရန် လိုအပ်ကြောင်း ပြည်ပလုပ်သားရေးရာ လေ့လာနေသူ သုတေသီတစ်ဦးက ဆိုသည်။

မြန်မာလုပ်သားများ အကူအညီတောင်းခံနိုင်သည့် အဖွဲ့အစည်းများနှင့် ဖုန်းနံပါတ်များ

Immediate Danger Call (ထိုင်း ဘာသာဖြင့်)  1300
 Thai Royal Police  (ထိုင်းဘာသာဖြင့်) 191
 Labour Rights Promotion Network(ထိုင်းဘာသာဖြင့်) 034-434726
 Foundation  For  Child   Development (ထိုင်း-မြန်မာ နှစ်ဘာသာဖြင့်) 02-4355231
 Ministry of Manpower(MOM) (စင်ကာပူနိုင်ငံ)  64385122
ref;11Jour

0 comments: