နအဖရဲ့ ထိုးစစ်ကြောင့် ရွာပုန်း ရွာရှောင် ဖြစ်သွားတဲ့ ပြည်သူ ၆ သိန်း
နီးပါးထဲက သုံးပုံတပုံဟာ ကလေး ငယ်တွေ ဖြစ်ပြီး အဲဒီ ကလေး ငယ်တွေ ကြုံတွေ့
နေရတဲ့ အခက် အခဲ တွေနဲ့ ပတ်သတ်လို့ ဒုက္ခသည် တွေကို ကူညီ ပေးနေတဲ့ ဖရီးဘား
မားရိန်းဂျား အဖွဲ့က အစီ ရင်ခံစာ တစောင်ကို ထုတ်ပြန် လိုက်ပါတယ်။
ဒီအစီရင်ခံစာဟာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ မြန်မာစစ်တပ်က ကလေးငယ်တွေ အပေါ် မတော်မတရား ပြုလုပ်မှုတွေကို စောင်ပေ ရေးသားထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။
အဓိကအားဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွားတဲ့ မတရား လုပ်မှုတွေ အဓိက အခြေခံ ပြုစုထားတာ ဖြစ်ပြီး မွန်နဲ့ ရခိုင်ပြည်နယ် ဘက်ကလည်း တချို့ ပါဝင်တယ်လို့ ဖရီးဘားမား ရိန်းဂျားအဖွဲ့ ဒါရိုက်တာက ပြောပါတယ်။
စာမျက်နှာ ၁၀၇ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ နအဖ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် နေရပ်စွန့်ခွာပြီး တောတွင်း ထွက်ပြေး ပုန်းအောင်း နေရတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား ကလေးငယ်တွေရဲ့ အကြောင်းကို ရေးသား ထားပါတယ်။
ဒီအစီရင်ခံစာ ပါတဲ့ ညောင်လေးပင် ခရိုင်မှာ ကျော်ကြီးမြို့နယ်က အသက် ၅ နှစ်အရွယ် ကလေးငယ် တဦးနဲ့ လသားအရွယ် တဦး နအဖ စစ်တပ်က ပစ်ခတ် သတ်ဖြတ် ခဲ့ပုံကို ဖရီးဘားမား ရိန်းဂျားအဖွဲ့ရဲ့ ဒါရိုက်တာက ခုလို ရှင်းပြပါတယ်။
`လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက ၅ နှစ်အရွယ် မိန်းကလေး တယောက်နဲ့ သူ့ရဲ့ ၅ လသားအရွယ် မောင်လေးနဲ့ သူ့အဒေါ်တို့ ပစ်သတ်ခံရတယ်။ နောက်သူတို့ အမေလည်း သေနတ်နဲ့ အပစ် ခံရတယ်။ အဲဒီတော့ သူတို့ ပထမဆုံး ကြုံရတဲ့ ပြဿနာကတော့ နအဖ စစ်တပ် သေနတ်နဲ့ ပစ်သတ်ခံရမယ့် ဟာပါပဲ။ ဒုတိယကတော့ သူတို့ ရွာနဲ့ အိမ်တွေကို တိုက်ခိုက်တာ ခံရတဲ့အခါ စားနပ်ရိက္ခာ ပြတ်လတ်တဲ့ ပြဿနာ ပါပဲ။
တတိယ ပြဿနာကတော့ သူတို့အိမ်တွေ မီးရှို့ခံရတဲ့အခါ နေစရာမရှိ၊ ကျောင်းတွေပါ ဖျက်ဆီးပစ်တဲ့ အတွက် ကလေးတွေလည်း စာသင်စာရာ နေရာမရှိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သူတို့ဟာ တချိန်လုံး စိုးရိမ် ကြောက်ရွံ့နေရ၊ နောက်ထပ်လည်း ဘာဖြစ်မှာမှန်းမသိ၊ မိဘတွေကလည်း သူတို့ကို ကာကွယ်မှု မပေးနိုင်တာ တွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ သူတို့ဟာ မသေချာ မရေရာ မပြည့်မစုံနဲ့ ထိတ်လန့် ကြောက်ရွှံ့ပြီး ဒုက္ခခံနေရတဲ့ ဘ၀တွေမှာ နေနေရပါတယ်။ ´
ဖရီးဘားမား ရိန်းဂျား အဖွဲ့ထဲက ကိုယ်တိုင် ကွင်းဆင်းနေတဲ့ ကိုမန်းကီးကလည်း နအဖရဲ့ ထိုးစစ်ကြောင့် နေရပ်စွန့်ခွာသူ ကလေးငယ်ဘ၀ ဘ၀အကြောင်း တချို့ကို အခုလို ပြောပါတယ်။
`စစ်ကြောင့် အခြေအနေ အမျိုးမျိုးတွေ တွေ့နေရတာပေါ့။ အသက် အိုးအိမ် ဆုံးရှုံးမယ်၊ မိဘ ဆုံးရှုံးမယ်၊ နောက်ပြီးတော့ နေစရာတွေ ဆုံးရှုံးမယ်၊ အစားအစာတွေ ဆုံးရှုံးမယ်၊ အနာဂတ်ရဲ့ ပညာရေး အခြေအနေတွေ ဆုံးရှုံးမယ်၊ နောက်ပြီးတော့ ကျန်းမာရေး အခြေအနေတွေ ချို့တဲ့မယ်၊ ဒီလို အမျိုးမျိုးပေါ့လေ အဆင့်ဆင့်နဲ့ စစ်ကြောင့် ဖြစ်ပေါ်လာတယ်။ အဓိကကတော့ ဒီ တိုင်းပြည်ကြီးကို မှားယွင်းတဲ့ စနစ်နဲ့ အုပ်ချုပ်နေတဲ့ ခေါင်းဆောင်ကြီး တွေကြောင့်ပေါ့။ အခြေအနေတွေ မတွေ့ကြုံသင့်ရတဲ့ အခက်အခဲနဲ့ တွေ့ကြုံ နေရတာပေါ့။ ´
၂၀၀၂ ကနေ ၂၀၀၉ အထိ ထိုးစစ်ကြောင့် ဌာနေစွန့်ခွာရသူ ၆ သိန်းနီးပါး ရှိပြီး အဲဒီထဲက သုံးပုံတပုံဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ အက်ဘီအာရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
နအဖရဲ့ ထိုးစစ်ကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ အတိဒုက္ခ ရောက်နေရတဲ့ အတွက် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ရပ်တန့်အောင် ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အဖွဲ့ရဲ့ ဒါရိုက်တာက အခုလို တောင်းဆိုပါတယ်။
`ကမ္ဘာ့ကုလသမဂ္ဂကပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းတခုပဲ ဖြစ်ဖြစ်၊ နအဖ အစိုးရကို ရပ်တန့်အောင် တိုက်ရိုက်နည်းနဲ့ပဲ ဖြစ်စေ ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ထောက်ပံ့ပေးတာပဲ ဖြစ်စေ၊ နည်းလမ်းပေါင်းစုံနဲ့ ကြားဝင် ဖြေရှင်းပေးပါ´
ဒါ့အပြင် ထွက်ပြေး ပုန်းအောင်းနေတဲ့ ကလေးငယ်တွေကို အကူအညီ ပေးဖို့လည်း မျှော်လင့်တယ်လို့ ပြောဆိုသွားပါတယ်။
Source - DVB

0 comments:
Post a Comment