Friday, June 29, 2007

ပဒေါင်လူငယ်တဦးရဲ့ ကိုယ်တွေ့မှတ်တမ်း

ပဒေါင်လူငယ်တဦးရဲ့ ကိုယ်တွေ့မှတ်တမ်း

ဝေးလံခေါင်ဖျားတဲ့ ကျေးလက်တောမြို့လေးမှာ မွေးဖွားကြီးပြင်းလာခဲ့ရပြီး ပြဿနာသောင်းခြောက်ထောင်နဲ့ ပြည့်နေတဲ့ ဗမာပြည်ကနေ လွတ်လပ်မှုဆီ ရောက်အောင် ခရီးရှည်ကြီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့တဲ့ ပဒေါင်လူငယ်လေး တယောက်အကြောင်းကို ဒီကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကလေးက အသေးစိတ် ရေးဖွဲ့ထားပါတယ်။


သရဲစိမ်းများ၏နယ်မြေမှသည် - ဗမာတယောက်၏ ခရီးရှည် မှတ်တမ်း (From the Land of Green Ghosts: A Burmese Odyssey ) လို့ အမည်ပေးထားတဲ့ အဲဒီစာအုပ်ကို ပါစကယ် ခူးသွေး(Pascal Khoo Thwe) က ရေးတာဖြစ်ပြီး " ဟာပါး ကောလင်း စာအုပ်တိုက်က ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဗမာပြည်အကြောင်းရေးထားတဲ့ ဒီလိုစာအုပ်မျိုးကို ဖတ်ချင်လို့ စာရေးသူ မျှော်နေခဲ့တာ ကြာပါပြီ။ အတိတ်ကာလက မွေးရပ်မြေမှာ တွေ့ကြုံခဲ့ရတာတွေကို ပြန်လည်မျှော်မှန်း ကြည့်ထားတာ တွေဟာ အဆိုးနဲ့အကောင်း ရောပြွမ်းနေ ပါတယ်။ ဒါဟာ" ဗမာပြည် " ရဲ့ သင်္ကေတပါပဲ။

ကြွယ်ဝတဲ့ယဉ်ကျေးမှုတခုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုကို အခြေခံပြီး ဒီစာအုပ်ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အားလုံးကို ကစဥ့်ကလျားဖြစ်သွားစေ ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင်ပတ်သက်ခဲ့သူ ခူးသွေးက တသက်လုံး အုပ်ချုပ် သူတို့အလိုအတိုင်း လှုပ်ရှားနေထိုင်ခဲ့ရတာတွေကို သရုပ်ဖော် တင်ပြထားတဲ့ "သရဲစိမ်းများ၏နယ်မြေမှသည်" ဟာ သူ့ထက် အသက်ကြီးသူ များနဲ့ သူ့ရဲ့ ရောင်းရင်းရဲဘော်ရဲဘက်တွေရဲ့ ပုံရိပ်တွေ၊ ၀မ်းနည်းစရာတွေ၊ ၀မ်းသာပျော်ရွှင်စရာတွေ စတာတွေနဲ့ ချယ်မှုန်းထားတဲ့ ကန်လန့်ကာတချပ်ဖြစ်ပါတယ်။

ခူးသွေးဟာ တောင်ပိုင်း ရှမ်းပြည်က " ကယန်း " လူမျိုးအကြီးအကဲတဦးရဲ့ မျိုးရိုးကနေ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ်။ သူ့စာအုပ်ထဲမှာ " ကယန်းလူမျိုးစု " အစား လူသိများတဲ့ " ပဒေါင်လူမျိုး " ဆိုတာကိုပဲ သုံးသွားပါတယ်။ လည်ပင်းမှာ ကြေးကွင်းတွေ အဆင့်ဆင့်စွပ်ကြတာကြောင့် ရှည်ထွက်လာတဲ့ လည်ပင်းများ ရှိကြတဲ့ပဒေါင်အမျိုးသမီးတွေ အကြောင်း လူသိများကြပါတယ်။ ရိုးရာယဉ်ကျေးမှုအရ ကြေးကွင်း အရေအတွက်များတာကို ဂုဏ်ယူတတ်ကြတာဖြစ်ကြပေမယ့် အခြားသူများအတွက်ကတော့ ထူးထူးဆန်းဆန်းအရာတခုလို စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ဆပ်ကပ်မှာ လူထူးလူဆန်းများအဖြစ် ပြသဖို့အတွက် သူ့ရွာက အမျိုးသမီးတွေကို ၁၉၃၆ ခုနှစ်တုန်းက အင်္ဂလန်ကို ခေါ်သွား ခဲ့ဖူးတယ်ဆိုတဲ့အကြောင်း ခူးသွေးက သူ့စာအုပ်ထဲမှာ ရေးထားပါတယ်။ ရပ်ဆွေ ရပ်မျိုးအနေနဲ့ဆိုရင် အဲဒီအမျိုးသမီး တွေဟာ သူနဲ့ အဘွားတော်စပ်ပါတယ်။ ပဒေါင်တွေဘက်က ပြန်ကြည့် တော့လည်း အင်္ဂလိပ်လူမျိုးတွေဟာ အလွန်စိတ်ဝင် စားစရာ ဖြစ်နေပြန်ပါတယ်။အင်္ဂလိပ်တွေဟာ လက်ဘက်ရည်သောက်ရင် အခမ်းအနားတခုလို လုပ်တတ်တဲ့အကြောင်းနဲ့ အင်္ဂလန်မှာ ခေါင်ရည်မရှိတဲ့ အကြောင်းတွေကို ပြန်လာတဲ့ ပဒေါင်အမျိုးသမီးတွေက ပြန်ပြောကြပါသတဲ့။ နောက်ပိုင်းကာလ မှာတော့ ပဒေါင်အမျိုးသမီးတွေကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်စရာ ပြသမှုတခုအဖြစ် ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတခုမှာ အသုံးချခဲ့ပါတယ်။

ခူးသွေးရဲ့အဖေက တိရစ္ဆာန်ဆရာဝန် ဖြစ်ပြီးအမေက သူနာပြုဆရာမပါ။ မျိုးရိုးက ဂီးဘ (Geba) အနွယ် ဖြစ်ပါတယ်။ ခူးသွေးဟာ ကလေးဘဝကို လူမျိုးစုပေါင်းစုံ နေထိုင်ရာ တောမြို့ကလေးမှာ ပျော်ရွှင် ချမ်းမြေ့စွာ ကုန်လွန်ခဲ့ပါတယ်။ လူပျိုပေါက်အရွယ် အကြောင်းတွေက တောင်ပိုင်းအမေရိကန် ဝတ္ထုတွေထဲက တကယ့်ဘ၀တွေကို ပြန်ပြောင်းပြောပြ နေသလိုပါပဲ။ ရွာသူရွာသားတွေဟာ တစ္ဆေသူရဲတွေနဲ့ အတိတ်နမိတ်တွေကို ယုံကြည်ကြတယ်။ ဆန်စပါးကို စိုက်ပျိုးကြ တယ်။ သစ်သီးသစ်ဥတွေကို ခူးဆွတ်စားသောက်ကြတယ်။ကက်သလစ် ဘာသာဝင်တွေဟာ နတ်ကိုးကွယ်သူတွေနဲ့ ချမ်းမြေ့ပျော်ရွှင်စွာ ပေါင်းသင်းတတ်ကြသလို ဗုဒ္ဓဘာသာဝင်တွေနဲ့လည်း ချစ်ခင်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ကြပါတယ်။
အိမ်နီးနားချင်းတွေဖြစ်ကြတဲ့ ဘာသာရေးအကြီးအကဲတွေဟာ ရေဒီယိုကလာတဲ့ အဲလ်ဗစ်ပရက်စလေ သီချင်းများကို အတူနားထောင်ရင်း မြေဆီမြေနှစ်ကောင်းတဲ့ သည်ကမ္ဘာမြေပေါ်မှာ မျှဝေနေထိုင်ကြတယ်။

ဒါပေမယ့်အရာအားလုံးတော့ ကောင်းမနေခဲ့ပါဘူး။ နေ၀င်းရဲ့ စစ်အစိုးရကြောင့် သူတို့မိသားစုဟာ တဖြေးဖြေး ဆင်းရဲမွဲတေ လာပါတယ်။ ငှက်ဖျားဖြစ်နေတဲ့ အီတလီလူမျိုး ကက်သလစ် ဘုန်းကြီးဖြစ်သူနဲ့ အကြိတ်အနယ် နပန်းသတ်ပြီးမှ ခရစ်ယာန် ဘာသာဝင်ဖြစ်လာတဲ့ ခူးသွေးရဲ့ အဘိုးဖြစ်သူဟာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အာဏာပိုင်တွေကို အာခံခဲ့ပါတယ်။ ခူးသွေးရဲ့ အဘိုးအကြောင်းဟာ မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို တတ်နိုင်သလောက် ဆန့်ကျင်ခဲ့ကြသူတွေအကြောင်းထဲက ကြေကွဲဝမ်းနည်းဖွယ်ရာ ဥပမာတခုပါ။

"အဘိုးကို သူတို့ဖမ်းသွားကြပါတယ်။ မဟုတ်တမ်းတရမ်းတွေ စွပ်စွဲပြီး အမှန်တွေကို လျှောက်မပြောဖို့လည်း ခြိမ်းချောက် ခဲ့ကြတယ်။ ပြီးတော့ ရိုက်နှက်ခဲ့ကြတယ်။ အဘိုးရဲ့ နောက်လိုက်နောက်ပါတွေကိုလည်း ဖမ်းဆီးပြီး ရက်ရက်စက်စက် နှိပ်စက်ခဲ့ကြတယ်။ အဲဒါတွေကို တုံ့ပြန်တဲ့အနေနဲ့ အဘိုးဟာ အဲဒီလူတွေကို လောက်ကောင်တွေကိုက်စားခြင်း ခံရပါစေလို့ ကျိန်ဆဲခဲ့တယ်။ ရိုးရာဓလေ့ထုံးစံအရ အင်မတန်ပြင်းထန်တဲ့ ကျိန်ဆဲမှုပေါ့။ အဲဒီက လွတ်လာပြီးတဲ့နောက် အဘိုးဟာ သူ့အဘိုးအဘွားတွေကို မြှုပ်နှံသင်္ဂြိုဟ်ထားတဲ့ သုဿာန်ကို နတ်ဆရာတွေနဲ့သွားပြီး သေဆုံးသွားပြီဖြစ်တဲ့ ဆွေစဉ်မျိုးဆက် တွေကို တိုင်တည်ပြီး အကူအညီ တောင်းခံခဲ့တယ်။ နတ်ဆရာတွေနဲ့အတူ ၀ိညာဉ်ခေါ်ပွဲတခုကိုလည်း လုပ်ခဲ့ကြတယ် "

သိပ်မကြာခင်မှာပဲ ခူးသွေးဟာ သူ့ရဲ့ ကလေးဘ၀ရဲ့ ခိုလှုံရာကို စွန့်ခွာပြီး မန္တလေးကို ထွက်ခွာခဲ့ရတယ်။ သရဲစိမ်းတွေရဲ့ အန္တရာယ်ကို သတိထားနေဖို့ကိုလဲ သတိပေးလိုက်ကြသေးတယ်။ ခူးသွေးဟာ တခြားတိုင်းရင်းသား မျိုးနွယ်စုကျောင်းသား တွေနဲ့ ခင်မင်ရင်းနှီးခဲ့ရုံတင်မက " မိုး "ဆိုတဲ့ ဗမာမလေးနဲ့လဲ ချစ်သူဖြစ်ခဲ့ကြတယ်။ ဗမာပြည်အတွက် အမှန်တရားကို ယူဆောင်ပေးဖို့ "ဇ"ရှိသူတဦးဖြစ်တဲ့ မိုးဟာ ဒေါက်မြင့်ဖိနပ်ကိုချွတ်ပြီး ခြေညှပ်ဖိနပ်ကို ပြောင်းစီးခဲ့တယ်။ စစ်တပ်မိသားစုဝင် အဖြစ်ကနေ မြေအောက်တော်လှန်ရေးသမားဘ၀ကို ပြောင်းခဲ့တယ်။ ၁၉၈၈ အရေးအခင်းကြီးပေါ်ပေါက်လာတဲ့အခါ တပ်မတော်သားတွေ အသွင်ဆောင်ထားတဲ့ သရဲစိမ်းတွေဟာ နုနယ်ပျိုမျစ်တဲ့ မိုးကို သတ်ပစ်ခဲ့ကြသလို မန္တလေးရဲ့ လမ်းတွေကိုလဲ သွေးတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့ကြတယ်။

သူနဲ့ရွယ်တူ လူငယ်များနည်းတူ ခူးသွေးဟာလဲ ၁၉၈၈ ခု၊ စက်တင်္ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုတာနဲ့ ကြောက်လန့်တကြား တောတောင်တွေဘက်ဆီ ထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ မြို့နေ လူလတ်တန်းစားပဒေါင်တယောက်ဟာ သူမသိဖူးတဲ့ ဒါပေမယ့် အမြဲတမ်းကြောက်ရွံ့ခဲ့တဲ့ ဗမာပြည်တမျိုးကို ပက်ပင်းရင်ဆိုင်ရပါတော့တယ်။

" မြို့သားဗမာတွေပြောလေ့ရှိတဲ့ တော ဆိုတဲ့ စကားမှာ နှိမ်တဲ့သဘော၊ အထင်သေးတဲ့ သဘော၊ အောက်တန်းကျတဲ့ သဘောတွေ ပါနေတုန်းပဲ။ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစု သူပုန်တွေနဲ့ သွားပြီးပူးပေါင်းတဲ့ သူကို တောသားလေးလို့ သတ်မှတ်လိုက်ကြတော့တာပဲ။ အဲဒီစကားရဲ့ နောက်မှာ ထုတ်မပြောပေမယ့် မယဉ်ကျေးတဲ့သူ၊ ထင်ရာစိုင်းတတ်တဲ့ သူ၊ ရိုင်းစိုင်းကြမ်းတမ်းသူ၊ အရိုင်းတိရစ္ဆာန်နဲ့ တူသူ ဆိုတာတွေက တဆက်တည်းပါနေတော့ တာပါ။ဒါတွေက ဗမာတွေရွံမုန်းတဲ့ အချက်တွေပါ။ မယဉ်ကျေးတဲ့ လူသားနွယ်ဝင်လို့ သတ်မှတ်ပြောဆိုခံရတဲ့အခါတိုင်း ကျနော် ရင်နာ ခဲ့ရပါတယ် "

ခူးသွေးရဲ့ ဒီလို စူးစူးရဲရဲ ထွင်းဖောက်တဲ့အမြင်က ဗမာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စိတ်ဝမ်းကွဲပြား မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ အစရှိတဲ့ အမှားအယွင်းတွေကို ဖော်ကျူး ပြသနေပါတယ်။

ဒီလိုအာဃာတစိတ်တွေ ရှိပေမယ့် မကြာခင်မှာပဲ ခူးသွေးဟာ တောတောင်သဘာဝအလှရဲ့ ဖမ်းစားမှုကို ခံလာရပါတယ်။

"ဒီလို မြင့်မြတ်တဲ့နေရာမှာ နတ်တွေနဲ့ တခြားဝိညာဉ်တွေ ရှိနေကြတယ်လို့ ကျနော်သိလာတယ်။ ဒီမြေကမ္ဘာကြီးကို စောင့်တဲ့ နတ်တွေနဲ့ ဆက်သွယ်လို့ရအောင် ဒီနေရာမှာ ကြာကြာ နေချင်လာတယ်။ လူမျိုးစုတွေကို စောင့်ရှောက်တဲ့ နတ်တွေနဲ့ရော ပေါ့။ ကျနော့်ကိုယ်ကျနော် သုခဘုံကိုရောက်နေတယ်လို့ ခံစားနေရတယ်။ အဲဒါ မဟုတ်မှန်းလည်း သိနေတယ်။ ကျနော့်ကို တစုံတခုက ဖမ်းစားထားပြီ၊ ကျနော် ဘာမှ မလုပ်နိုင်တော့ဘူး။ သဘာဝရဲ့ အေးငြိမ်းတဲ့အလှအပတွေကို ကျနော်ခံစားမိနေ တာကိုက တောစောင့် နတ်သမီး၊ မြစ်စောင့်နတ်သမီးတွေ အမှန်တကယ်ပဲ ဒီနေရာမှာ ရှိနေကြတယ်ဆိုတဲ့ အသိကို ဖြစ်ပေါ်လာစေခဲ့တယ် "

သေမင်းနဲ့ လက်တလုံးခြား သွားနေခဲ့ရတဲ့ ကာလတွေမှာ ခူးသွေးဟာ ကျေးလက်ဒေသနေ လူမျိုးစုတွေ အပေါ် ဆင်နွှဲနေတဲ့ ဗမာ့စစ်တပ်ရဲ့စစ်ပွဲတွေအကြောင်း ကိုယ်တွေ့သိမြင်လာရတယ်။ ဒါဟာ သူစာအုပ်မှာအားအကောင်းဆုံး ရေးသားဖော်ပြချက် ဖြစ်တယ်။ ကြောက်ရွံ့မှုတွေ အားအင်ကုန်ခမ်းမှုတွေ ပင်ပန်း ဆင်းရဲမှုတွေက သူ့ကို ချုပ်နှောင်ထားတယ်။ ဒါပေမယ့် သူဟာ ဝါးကျည်တောက်ထဲက ရေချိုချို အေးအေးကိုတော့ အရသာခံနိုင်ပါသေးတယ်။

ကက်သလစ်ဘာသာထဲက အိန်ဂျယ်နတ်တွေနဲ့ နတ်ဇီးကွက်ရဲ့နိမိတ်ကောင်းတွေ စောင်မကြည့်ရှုမှုကြောင့် ခူးသွေးဟာ ဗုံးတွေ၊ ကျည်ဆံတွေ၊ ရောဂါဝေဒနာတွေကြားကပဲ အသက်ဆက်ရှင်နေခဲ့ပါတယ်။ တိုက်ပွဲတွေနဲ့ ထုသားပေသားကျနေတဲ့ ကရင်နီ တော်လှန်ရေးရဲဘော်တွေနဲ့ သူ့ရဲ့ ရဲဘော်ရဲဘက် " ကျောင်းသားစစ်သား " တွေနဲ့အတူ ထိုင်းမြန်မာနယ်စပ်မှာ လှုပ်ရှားရုန်းကန်ရင်း နေထိုင်ခဲ့တယ်။ တနေ့မှာတော့ မန္တလေးတုန်းက သိကျွမ်းခဲ့ဖူးတဲ့ ဗြိတိသျှလူမျိုး ပါမောက္ခတယောက်နဲ့ ပြန်တွေ့ပြီး သူ့အကူအညီနဲ့ အင်္ဂလန်က ကိမ်းဘရစ် တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရခဲ့ပါတော့တယ်။

ကယ်တင်ခန်း နဲ့ ပတ်သက်လို့ အလွန်အကျူးရေးသားတာမျိုးကို ကျွန်တော့်အနေနဲ့ တော်တော် သတိထား ချင်ပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိလောက်အောင်ကို ဖြစ်နေကြတဲ့ ဗမာလူမျိုး တွေကြားမှာ အကူအညီ ဆိုတာကို စိတ်ကူးယဉ် မျှော်လင့်နေကြပါတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်နေကြ သူ များသည် ပင်လျှင် မိမိကို တယောက်ယောက်က ရောက်လာ ကူညီပြီး ကယ်ထုတ်သွား မှာကို စိတ်ကူးယဉ်နေတတ် ကြတာမျိုးတွေ တွေ့ရ ပါတယ်။ ဒါမှမဟုတ် စစ်တပ်အစိုးရကို ကူညီဖယ်ရှားပေးလာကြမဲ့ အဖြစ်မျိုးကို တောင့်တ နေတတ်ကြပါ တယ်။

အဲဒီလို ဖြစ်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ တတိယနိုင်ငံရဲ့ ဒုက္ခသုက္ခတွေ ကြားထဲကနေ ပထမနိုင်ငံဆီကို ရောက်သွား ကြပြီး လူလူသူသူ နေချင်ကြတဲ့ မျှော်လင့်ချက်တွေ ရှင်သန်နေတတ်ကြတာ မဆန်းပါဘူး။ တစုံတယောက် အထူးသဖြင့် မျက်နှာဖြူတယောက်က ဒုက္ခရောက်နေတဲ့ သူကို သနားပြီး ခေါ်ယူသွားတဲ့အတွက် အဲဒီလူရဲ့ ဘ၀လမ်းကြောင်း ကောင်းမွန် သွားတဲ့အကြောင်း စိတ်ကူးယဉ်ဆန်ဆန် မျှော်လင့်နေတတ်ကြတာမျိုးပါ။ ဒီစာအုပ်ကလေးကိုလဲ အစကတော့ ဒါမျိုးလို့ ထင်မိခဲ့ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကိန်းဘရစ်မှာ ခူးသွေး ပညာသင်ခွင့်ရခဲ့တာဟာ အင်္ဂလိပ်စာကို ပြေပြစ်ချောမွေ့ အောင် ရေးတတ်ဖို့အတွက် အထောက်အကူ ဖြစ်စေတာပဲ ရှိပါတယ်။ တကယ်က သူ့ဘ၀ပါ။ လူမဆန်မှု၊ ရက်စက်ကြမ်း ကြုတ်မှု။ လူသားချင်း စာနာထောက်ထားစိတ် ကင်းမဲ့မှု စတာတွေနဲ့ ပြည့်နှက်နေ တဲ့ သူဖြတ်သန်းလာခဲ့ရတဲ့ ဗမာပြည်က သူ့ဘ၀က သူ့ကို အခုလို ဖြစ်အောင် တွန်းအား ပေး ခဲ့တာ သာဖြစ် ပါ တယ်။ အဲဒါကြောင့် အခုဆို သူ့ရင်ထဲမှာ ရှိနေခဲ့တဲ့ ပြောပြချင်နေတာတွေကို စာတအုပ်အဖြစ် စာဖတ်သူတွေဆီကို သူပို့လွှတ်လိုက်နိုင်ခဲ့ပါပြီ။

အခုလို စာအုပ်ကောင်းကလေးဖတ်ရတဲ့အခါကျတော့ တခြား ခေတ်ပြိုင် ဗမာတွေရေးတဲ့ အခုလိုဘ၀အတွေ့အကြုံမှတ်တမ်း စာအုပ်တွေ ထွက်မလာတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ အင်္ဂလိပ်လို မတွေ့မိပါဘူး။ စာရေးသူ ပြန်စဉ်းစားလို့ ရသလောက်ကတော့ တော်လှန်ရေးသမားတဦးဖြစ်တဲ့ "အေးဆောင်" ရဲ့ "နောက်တန်းမှာနေတဲ့ ဗမာ" ဆိုတာနဲ့ ပန်းချီဆရာ " အောင်အောင်တိတ် " ရဲ့ " ရွှေတိဂုံ မြင်ကွင်း " ဆိုတာပဲ တွေ့ဖူးပါတယ်။ နှစ်အုပ်စလုံးဟာ စာအုပ်ကောင်းတွေပါ။ ဒါပေမယ့် ၁၉၈၉နှစ်က ထုတ်ခဲ့တာဆိုတော့ ကြာလှပြီပေါ့။ ကရင်လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့လိုအဖွဲ့အစည်းမျိုးတွေ ကနေ လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ဗမာလူမျိုးတွေရဲ့ ဇာတ်လမ်းတို လေး တွေကို တွေ့ရ တတ်ပေမယ့် အခုလို ကိုယ်ရေးဘ၀ ဇာတ်လမ်းရှည်မျိုး မဟုတ်ပါဘူး။ ဒီစာအုပ်မျိုးတွေက အခုအချိန်မှာ ကျွန်တော်တို့ ဖတ်ဖို့လိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ သိဖို့လိုတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်မိမယ့် မြို့ပေါ်က ဗမာတွေရော ကျေးလက်တောရွာတောတောင်တွေထဲက သူတွေ အနေနဲ့ အကျိုးတခုခု ကိုတော့ ရရှိနိုင်ပါလိမ့်မယ်။ သူတို့လျှောက်လှမ်းရမဲ့ လမ်းကိုရွေးနိုင်ဖို့၊ သူတို့ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်ဖို့နဲ့ သူတို့တတွေ ချမှတ်လုပ်ဆောင်ရမဲ့ ဆုံးဖြတ်ချက်တွေအတွက် အထောက်အကူ ရပါလိမ့်မယ်။ အရှေ့တောင်အာရှဒေသနဲ့ အကျွမ်းတ၀င် မရှိကြတဲ့ စာဖတ်သူတွေကိုလည်း ဒီစာအုပ်ကလေးက ပြည့်ပြည့်စုံစုံဖော်ပြပေးပါတယ်။ သူ့ဘ၀ဇာတ်ကြောင်းကို ပြန်ပြော ပြရမှာ ခူးသွေး ရေးပြခဲ့တာတွေဟာ အမှားအယွင်းမရှိပါဘူး။ ဒါပေမယ့် သရုပ်ဖော်ပုံလေးတွေကို သည့်ထက် ဂရုတစိုက် လုပ်ရင် ပိုကောင်းမယ် ထင်ပါတယ်။

သုံးလေးခန်းလောက် ဖတ်ပြီးတဲ့ အချိန်မှာ ခူးသွေးရဲ့ဘ၀ဟာ တကယ့်လူ့ဘ၀ထဲက ဟယ်ရီပေါ်တာ အဖြစ်ပါလားလို့ ခံစား လိုက်ရပါတယ်။ အထူးအဆန်းတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ရပြီး သာမန်နဲ့မတူတဲ့ ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား သွားနေခဲ့ရတယ်၊မကောင်းဆိုးရွားတွေရဲ့ခြိမ်းခြောက်မှုကို ခံနေခဲ့ ရတယ်။ ဒါပေမယ့်လည်း စူးစမ်းတဲ့ စိတ်ဓာတ်ကတော့ ရှိနေတယ်။ ဖိနှိပ်မှုတွေကို ပြန်ပြီး ခုခံရင်ဆိုင်ဖို့ ကြီးပြင်းလာခဲ့ရတဲ့ ရဲရင့်သူလေး တယောက်ပေါ့။

နောက်ဆုံးတော့ အင်္ဂလိပ်ဘွဲ့ဝတ်ရုံကို ခြုံလွှမ်းထားတဲ့ ခူးသွေးဟာ သူဖန်ဆင်းထားတဲ့ အနုပညာနဲ့ သစ္စာတရားတွေဖြစ်တဲ့ ဒီမှော်စာအုပ်နဲ့ မြန်မာစစ်အစိုးရကို ရင်ဆိုင်လိုက်ပါတယ်။ ။ [Top]

(၂၀၀၃ခုနှစ် မတ်လထုတ် ဧရာဝတီမဂ္ဂဇင်းမှ Edith Mirante ၏ Pascal Khoo Thwe and the Book of Memory ကို ဆီလျော်အောင် ပြန်ဆိုပါသည်)

သူ့အမြင်

သူ့အမြင်
ခိုနားစရာ မေတ္တာရိပ်မြုံကမ္ဘာ

မိဘတွေဆီက ခွန်ဆောင်ရလိုက်တဲ့ တခုတည်းသောအမွေက အိပ်ခ်ျအိုင်ဗွီရောဂါပိုးပါပဲ။ ဒါပေမယ့် အသက် ၉ နှစ်သာ ရှိသေးတဲ့ ခွန်ဆောင်ဟာ အဲ့ဒီရောဂါပိုးရဲ့ အန္တရာယ်ကြီးမားပုံကို သတိထားမိဟန် မတူပါဘူး။ ခွန်ဆောင်မှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေကြောင်း သူမရဲ့အုပ်ထိန်းသူက ကျနော့်ကိုပြောပြနေချိန်မှာ သူမက ပြုံးပြီးကြည့်နေတယ်လေ။ ခွန်ဆောင်ရဲ့ မိဘနှစ်ပါးစလုံး သူမကိုမွေးပြီးမကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။



စောင့်ရှောက်မယ့်မိဘနဲ့ ဆွေမျိုးတွေမရှိပေမယ့် ခွန်ဆောင်ကြည့်ရတာ စိတ်အားငယ်နေပုံမပေါ်ပါဘူး။ မျက်နှာလေးက အပြစ်ကင်းစင်ပြီး ချစ်စရာ ကလေးငယ် တယောက်ပါ။ ဒါတွေအားလုံးအတွက် သူမကျေးဇူးတင်ရမယ့် သူကတော့ သေးငယ်ပေမယ့် လုံခြုံနွေးထွေးမှုအပြည့်ရှိတဲ့ သူမနေထိုင်ရာ အိမ်လေးပါပဲ။ အဲ့ဒီအိမ်လေးရဲ့အရှင်သခင်ဟာ ၂၀၀၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုပေးဖို့ အဆိုတင်သွင်းခံရသူ ၁၀၀၀ ထဲမှာပါခဲ့တဲ့ ကရင်အမျိုးသမီး ဆရာမကြီး ပေါလုလု ဖြစ်ပါတယ်။

မေတ္တာရိပ်မြုံအိမ်လေးဟာ မြန်မာနိုင်ငံတောင်ပိုင်း ဘုရားသုံးဆူဒေသနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဆန်ခလဘူရီဒေသက ရွာလေးတရွာမှာ တည်ရှိပါတယ်။ ခွန်ဆောင်ဟာ မေတ္တာရိပ်မြုံအိမ်လေးမှာ နေထိုင်ကြတဲ့ လူပေါင်း ၈၀ ထဲက တယောက်ပါ။ အဲ့ဒီအိမ်လေးဟာ နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်း ကြောင့် မြန်မာပြည်ကထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ နားခိုရာနေရာတခုပါ။

မြန်မာပြည်ကနေ ထိုင်းနိုင်ငံထဲထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေထဲက ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်နေသူတွေ အတွက်ရည်ရွယ်ပြီး အသက် ၅၈ နှစ်အရွယ် ဆရာမပေါလုလုဟာ မေတ္တာရိပ်မြုံလေးကို ၁၉၉၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။

"ဒုက္ခသည်လူနာတွေကို ကူညီစောင့်ရှောက်သူမဲ့ ပစ်ထားတာတွေ့ရတော့ သူတို့ကို ကျမကြည့်မနေနိုင်ပါဘူး။ ဒါနဲ့ပဲ ဒီလုပ်ငန်းကို ကျမတယောက်တည်းစပြီး လုပ်ခဲ့တာပါ"လို့ မေတ္တာရိပ်မြုံအိမ်ကလေးမှာ သွားရောက်တွေ့ဆုံစဉ် သူနာပြုဆရာမ ပေါလုလုက ကရုဏာလေသံနဲ့ ရှင်းပြခဲ့ပါတယ်။

တကယ်တော့ မေတ္တာရိပ်မြုံအိမ်လေးမှာ လူတွေခံစားနေရတဲ့ဒုက္ခတွေကို တချိန်က ဆရာမပေါလုလုလည်း ခံစားခဲ့ရဖူး ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဆရာမပေါလုလုဟာ သူမမွေးဖွားကြီးပြင်းရာ ပဲခူးတိုင်း တောင်ငူမြို့လေးကို စွန့်ခွာခဲ့ပြီး နိုင်ငံရေးလွတ်လပ်မှုရရှိဖို့အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသား အစည်းအရုံးနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူမဟာ ကရင်အမျိုးသားအစည်းအရုံးအတွက် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဆရာမပေါလုလုရဲ့ မေတ္တာရိပ်မြုံအိမ်လေးမှာ နေထိုင်ကြသူတွေထဲမှာ မိဘမဲ့ကလေးငယ် ၂၂ ယောက်ရှိပါတယ်။ လူနာ ၄၈ ဦးနဲ့ သက်ကြီးရွယ်အို ၁၄ ဦးတို့ကိုလည်း ဆရာမပေါလုလုအပါအ၀င် ၀န်ထမ်း ၁၈ ဦးက ပြုစုစောင့်ရှောက်ပေးနေပါတယ်။ အဲ့ဒီအထဲက ၁၀ ဦးဟာ သူနာပြုတွေဖြစ်ကြပါတယ်။ လူနာတ၀က်ခန့်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ မေတ္တာရိပ်မြုံ လေးဟာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်း တချို့ဆီက အစားအစာနဲ့ ငွေကြေးအထောက်အပံ့ ရရှိပါတယ်။ ဒါပေမယ့် ပိုပြီးကျယ်ဝန်းတဲ့ နေရာထိုင်ခင်းနဲ့ ပြုစုစောင့်ရှောက်ပေးမယ့်ဝန်ထမ်းတွေ အတော့်ကိုလိုအပ်နေပါတယ်။

လူနာခုနစ်ယောက်ဟာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ခွန်ဆောင်နဲ့ အခြားကလေး တယောက်လည်းပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း ပြုစုစောင့်ရှောက်ခဲ့တဲ့ လူနာပေါင်း ၁၅၀၀ ထဲမှာ ၁၀၀ ကျော်ဟာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ ဖြစ်ပါတယ်။

မေတ္တာရိပ်မြုံအိမ်လေးမှာနေကြတဲ့ တချို့လူနာတွေဟာ စိတ်ရောဂါသည်တွေဖြစ်ကြပြီး တချို့က မသန်မစွမ်း လူနာတွေ ဖြစ်ကြပါတယ်။ အနီးမှာရှိတဲ့ ခရစ်ယာန်ဆေးရုံက အဲ့ဒီအိမ်လေးရဲ့လူနာတွေ အရေးပေါ်ဆေးကုသမှုလိုအပ်လာရင်
ဆေးဝါးနဲ့ ဆေးကုသမှု အကူအညီပေးပါတယ်။

မွန်၊ ကရင်နဲ့ အခြားမြန်မာတိုင်းရင်းသားတွေအပြင် ကမ္ဘောဒီးယား၊ မလေးရှားနဲ့ တရုတ်လူမျိုး အနည်းငယ်လည်း မေတ္တာရိပ်မြုံအိမ်လေးမှာ နေထိုင်ကြတာတွေ့ခဲ့ရပါတယ်။

အန်ဂျီအိုတချို့ဆီက အကူအညီရရှိနေပေမယ့် မေတ္တာရိပ်မြုံဟာ မိမိဘာသာရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရိုးရာ အထည်ရက်လုပ်ခြင်းအတတ်နဲ့ စက်ချုပ်အတတ်ပညာ သင်တန်းတွေပေးနေပါတယ်။ အိမ်ကလေးရဲ့ မြေကွက်လပ်မှာ ၀က်မွေးမြူရေးလည်း လုပ်ကိုင်နေပါတယ်။


မေတ္တာရိပ်မြုံဆရာတွေဟာ ကလေးတွေကို မြန်မာ၊ အင်္ဂလိပ်၊ ကရင်နဲ့ မွန်စကားတွေ ကိုလည်း သင်ကြားပေးပါတယ်။ "တချို့ကလေးတွေဟာဘာသာစကား သုံးလေးမျိုး ပြောတတ်နေပါပြီ"လို့ ဆရာမပေါလုလုက ပြုံးရွှင်စွာရှင်းပြပါတယ်။

အခုဆိုရင် မေတ္တရိပ်မြုံက ကလေးတွေ ထိုင်းစာသင်ကျောင်းတွေမှာ ပညာသင်ယူနိုင်ပါပြီ။ ခွန်ဆောင်လည်း အိမ်နားက မူလတန်းကျောင်းလေးမှာ စာသင်နေပါပြီ။ ဒါပေမယ့် သူမဟာ သူမရဲ့အနာဂတ်ကို မသိရှိပါဘူး။ ခွန်ဆောင်ရဲ့ဘ၀ ရှေ့ဆက်ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။

သူမကို ဘာဖြစ်ချင်သလဲလို့မေးလိုက်တဲ့အခါ ခွန်ဆောင်ပြုံးနေတတ်ပါတယ်။ သူမရဲ့ အပြုံးလေးဟာ တောက်ပပြီး အပြစ်ကင်းစင်လှပါတယ်။ ဒါပေမယ့် သူမရဲ့ အနာဂတ်ဟာ သူမရဲ့အပြုံးလောက် တောက်ပနိုင်ပါ့မလား။ ။

ဧရာဝတီမဂ္ဂဇင်းမှ

Thursday, June 28, 2007

မြန်မာ့ ဆံပင်ရှည်များ ဈေးကွက်ဝင်


မြန်မာ့ ဆံပင်ရှည်များ ဈေးကွက်ဝင်


သူအိမ်ပြန်ရောက်တော့ သူ့ဇနီးကိုတွေ့တွေ့ချင်း တခုခုတော့မှားနေပြီလို့ သူသိလိုက်ပါတယ်။ သူ့ဇနီးရဲ့ မျက်နှာအမူအရာက ပုံမှန်မဟုတ်ဘူး။ သူ့ကို စိတ်ဆိုးစိတ်ကောက်နေတဲ့ မျက်နှာပုံစံမျိုးလည်းမဟုတ်ဘူး။ တစုံတရာကို နှမြောတသနေသူ တယောက်ရဲ့ ယူကျုံးမရတဲ့ မျက်နှာမျိုးဖြစ်နေတယ်။ အိမ်မှာ ပြဿနာကြီးကြီး တခုတော့ ရှိနေပြီလို့ သူရိပ်မိလိုက်ပါတယ်။

ဆန်ကုန်သွားလို့လား။ ဆန်ကုန်သွားရုံနဲ့တော့ သူ့မျက်နှာ ခုလောက်ကြီး ပျက်ယွင်းနေမှာ မဟုတ်ဘူး။ ဆန်ကုန်တိုင်း လမ်းထိပ်က ကုန်ခြောက်ဆိုင်မှာ အကြွေးယူပြီး စားနေကြပဲ။ ဒါက သူတို့အိမ်အတွက် ပြဿနာမှမဟုတ်တာ။ ဘာလို့လည်း ဆိုတာ သူ အပြေးအလွှားစဉ်စားနေတုန်း သမီးကြီးက အိမ်ခန်းထဲက ထွက်လာတယ်။ အဖေဖြစ်သူကိုလည်းမြင်ရော ဟီးခနဲ ငိုချလိုက်တယ်။ အဲဒီအခါမှ သူသတိထားမိတာက သမီးကြီးရဲ့ ဆံပင်တွေ။

ကျောလယ်ထိရောက်အောင် ရှည်လျားနေပြီဖြစ်တဲ့ ဆံပင်တွေနဲ့ သမီးကြီးကို ဒီမနက်ထိ သူမြင်တွေ့နေခဲ့သေးတာပဲ။ ခုတော့ ပခုံးပေါ်မထိတထိ တညီတည်းကျနေတဲ့ ဆံပင်တွေနဲ့ မျက်ခွံတွေ မို့အစ်နေအောင် ငိုထားတဲ့သမီး ကို တွေ့လိုက်ရတယ်။

"ဒီအပတ်ထဲမှာ အငယ်နှစ်ယောက်ကို ကျောင်းအပ်ရမယ်လေ။ လက်ထဲမှာလည်း တပြားမှမရှိဘူး။ ဘယ်ကမှ လည်း ချေးလို့မရတာနဲ့ မထူးဘူးဆိုပြီး သမီးရဲ့ဆံပင်ကိုဖြတ်ပြီး ရောင်းလိုက်တယ်။ မတတ်နိုင်ဘူးလေ။ ကျမလည်း ကြံရာမရလို့ လုပ်လိုက်တာပဲ။ အဲဒါကို သူကတနေကုန် ငိုနေတော့တာ"လို့ ဇနီးသည်က စိတ်ပျက် လက်ပျက် မျက်နှာမျိုးနဲ့ ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ငါးလလောက်တုန်းကလည်း သူတို့ငွေလိုလို့ ဇနီးသည်က ဆံပင်ဖြတ်ပြီး ရောင်းခဲ့သေးတယ်။ သိပ်မရဘူး ဆိုပေမယ့် ခြောက်ထောင်ကျော်လောက်တော့ ရလိုက်တယ်။ ဇနီးသည်ရဲ့ဆံပင်က ခြောက်ပြီး အရောင်မလှတဲ့အတွက် ဈေးသိပ်မရခဲ့ဘူး။ သမီးဆံပင်ကတော့ နက်မှောင်ပြီး ရှည်လျားတဲ့အတွက် ဈေးကောင်းရမှာပဲ။ အငယ်နှစ်ယောက်အတွက် ကျောင်းစရိတ် အဆင်ပြေသွားမှာပဲလို့ တွေးမိပြီးမှ သမီးကြီး အတွက် စိတ်မကောင်းဖြစ်ရတယ်။


သမီးခမျာ အသက် ၁၀ နှစ်အရွယ်ကတည်းက ဆံပင်ရှည်ထားခဲ့တာ။ သူ့ဆံပင်လေးကို သူ အမြတ်တနိုး မွေးမြူခဲ့ရှာတာ။ ခုလို အသက် ၁၆ နှစ်အရွယ်ရောက်လို့ လှချင်ပချင်တဲ့ အခါကျမှ ဆံပင်ဖြတ်ရောင်းလိုက် ရတဲ့အတွက် စိတ်ထိခိုက်သွားမှာပဲ။ သမီးရဲ့ ၀မ်းနည်းနာကျင်မှုကို သူဘယ်လို နှစ်သိမ့်အားပေးရမလဲ။ "သမီးအတွက် စိတ်မကောင်းဘူး"လို့ အသက် ၄၆ နှစ် အရွယ် ဘုရင့်နောင်ပွဲရုံမှ ကုန်တင်ကုန်ချ အလုပ်သမား တဦးဖြစ်တဲ့ ဦးမောင်ပြုံးက သူ့ခံစားချက်ကို ပြောပြပါတယ်။

တကယ်တော့ ဆံပင်ရောင်းတယ် ၀ယ်တယ်ဆိုတာ ဒီနေ့ခေတ်အတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။ ဦးမောင်ပြုံးတို့လို အလုပ်ကြမ်းသမားတွေ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အနေများကြတဲ့ လှိုင်သာယာမှာလည်း ဆံပင်ဝယ်တဲ့ ဆိုင်တွေက တလမ်းမှာ တဆိုင်နှုန်းနဲ့ ရှိနေပါပြီ။

ရန်ကုန်တိုင်းအတွင်းက မြို့နယ်အတော်များများမှာပါ တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ၃၅ လမ်း၊ ၃၆ လမ်းလို နေရာမျိုးတွေမှာတောင် ဆံပင်ဝယ်သည်ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေနဲ့ ဆံပင်အရောင်း အ၀ယ် လုပ်နေသူတွေ ရှိလာခဲ့ပါပြီ။

ဆံပင်သားကောင်းပြီး အလေးချိန်စီးတဲ့ ဆံပင်၊ နက်မှောင်တောက်ပြောင်ပြီး အရောင်လှတဲ့ ဆံပင်ဆိုရင် တစ်ဆယ်သားကို ကျပ် လေးသောင်းထိ ဈေးရတတ်တယ်။ ဆံပင်သားလည်း ညီမယ်၊ ရှည်လည်းရှည်မယ်၊ အရောင်လည်း လှတယ်၊ ဆံလုံး လည်း ကြီးမယ်ဆိုရင်တော့ ပထမတန်းစား ဆံပင်အဖြစ် သတ်မှတ်ပြီး တစ်ဆယ်သား ခြောက်သောင်းထိ ဈေးပေးလေ့ ရှိတယ်လို့ ဆံပင်ဝယ်သူတွေက ဆိုပါတယ်။ အဲဒီဆိုင်တွေက ဆံပင်ဖြတ်ရောင်းမယ့်သူဆီကနေ တိုက်ရိုက်ဝယ်သလို ဆံပင် လိုက်ဝယ်တဲ့ သူတွေဆီကလည်း ၀ယ်တယ်။ ဆံပင်ညှပ်ဆိုင်တွေ ဆီကလည်းပုံမှန် လာသွင်းကြတယ်လို့ သိရပါတယ်။

ကလေးကျောင်းစရိတ်လိုလို့ စားစရိတ်လိုလို့ ဆေးဖိုးလိုလို့၊ အကြွေးပေးစရာရှိလို့၊ မီးဖွားစရိတ်လိုလို့ စတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အမျိုးသမီးတွေဟာ သူတို့ခေါင်းပေါ်က ဆံပင်တွေကိုဖြတ်ရောင်းပြီး ဖြေရှင်းလာကြတာကိုလည်း ဒီနေ့ခေတ်မှာ မြင်တွေ့လာရပါတယ်။

"အများစုကတော့ သိတဲ့အတိုင်း စားဖို့ခက်ခဲလာတော့ ကိုယ့်မှာရှိတဲ့ ဆံပင်လည်း ရောင်းလို့ရတယ်ဆိုပြီး ရောင်းကြတာပဲ။ တချို့ဆိုရင် ဆံပင်က ဘယ်လောက်မှတောင် ရှည်သေးတာ မဟုတ်ဘဲနဲ့ ရှိတဲ့ဆံပင်လေးကိုပဲ ရသလောက်နဲ့ ဖြတ်ရောင်း လာကြတယ်၊တကျပ်သားလောက်ရှိရင်ပဲ ရောင်းဖို့ ပြင်နေကြပြီ" လို့ သင်္ကန်းကျွန်း မြို့နယ်တွင်းမှ ဆံပင်လိုက်ဝယ်သူ ကိုမြင့်က ဆိုပါတယ်။

သူတို့လို ဆံပင်လိုက်ဝယ်ပြီး ဒိုင်တွေမှာ ပြန်သွင်းတဲ့ သူတွေကတော့ ဆံပင် တစ်ဆယ်သားကို ကျပ် နှစ်ထောင်လောက် စားရတယ်လို့ သိရပါတယ်။

ဆံပင်ဟာ ဈေးကွက်ဝင်လာတဲ့အတွက် ဘတ်စ်ကားပေါ်မှာ၊ လူကြပ်တဲ့ ဈေးတွေထဲမှာ အမျိုးသမီးတွေရဲ့ ဆံပင်တွေကို ခိုးယူ ဖြတ်တောက်မှုတွေရှိလာတယ်လို့ ပြည်တွင်းမှာ ထုတ်ဝေတဲ့ဂျာနယ်တွေက ရေးသားဖော်ပြ ကြ ပါတယ်။

လှိုင်သာယာမှာ နေထိုင်တဲ့ မအေးအေးမော်ကလည်း လှိုင်သာယာမီးခွက်ဈေးထဲမှာ ဈေးဝယ်နေရင်း နောက်ကနေ စုချည်ထားတဲ့ ဆံပင်ကို ဖြတ်ယုခြင်း ခံခဲ့ရတယ်လို့ ပြောပြပါတယ်။

"ရှေ့ကို ကုန်းပြီး ကြက်သွန်နီထိုင်ရွေးနေတုန်းဖြတ်သွားတာ၊ ကျမလည်းကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ ချက်ချင်း မသိလိုက် ဘူး၊ အဲဒီကြက်သွန်ဝယ်ပြီးလို့ ငွေရှင်းတဲ့အချိန်မှ ခေါင်းက တမျိုးကြီးဖြစ်ပြီး ပေါ့နေတယ်ပေါ့၊အဲဒါနဲ့ စိတ်ထင့်ပြီး နောက်က ဆံပင်ကို ရှေ့ဘက်သိမ်းလိုက်မှ ဆံပင်အဖြတ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရတယ်" လို့ တင်ပါးဖုံးလုနီးပါး ရှည်လျားတဲ့ သူမရဲ့ ဆံပင်ခိုးယူဖြတ်တောက်ခံရတဲ့ အကြောင်းကို ပြောပြပါတယ်။

ကိုယ့်ခေါင်းပေါ်က မဟုတ်တဲ့ ဆံပင်ကိုတောင် စွန်စားပြီး ခိုးရလောက်အောင် ဘယ်လိုအကြောင်းတရားမျိုးက သူတို့ကို တွန်းအား ပေးနေသလဲ ၊ မြန်မာ အမျိုးသမီးတွေရဲ့ ယဉ်ကျေးမှု သမိုင်းမှာ ဆံပင်ဟာ မိန်းမတို့ရဲ့ဘုန်း တန်ခိုးတောင်ဖြစ်ခဲ့ ဖူးတာပဲ (မိန်းမတို့ဘုန်း ဆံထုံး ဆိုတာ ရှိတယ်မဟုတ်လား)၊ ဘယ်လိုကြောင့်များ မိန်းမတွေက ကိုယ်အမြတ်တနိုးထား ကြတဲ့ ကိုယ့်ခေါင်းက ဆံပင်ကိုတောင် ဖြတ်ပြီး ရောင်းစားနေကြရတာလဲ။

ဆံပင်ရောင်းစားသူ အများစုဟာ အသက် ၃၀၊ ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးတွေဖြစ်ကြပြီး ရောင်းလို့ ရတဲ့ ငွေနဲ့ ဘုရားလှူချင်လို့၊ အလှူအတန်းလုပ်ချင်လို့ ရောင်းတဲ့သူတွေလည်းရှိနေတာ တွေ့မြင်ရပါတယ်။

အများစုကတော့ အကျပ်အတည်းတွေကြောင့် ကိုယ့်ခေါင်းပေါ်က ဆံပင်ကို ဖြတ်ရောင်းကြပေမယ့် သူတို့ ထင်ထား သလောက်၊ မျှော်မှန်းထားသလောက် ပိုက်ဆံ မရကြတာလည်း ရှိတဲ့အတွက် ဈေးနှုန်းနဲ့ အလေးချိန် ပေါ်မှာ ခေါင်းပုံဖြတ် ခံကြရတယ်လို့ ထင်မြင်ယူဆသူတွေလည်း ရှိတာ တွေ့မြင်ရပါတယ် ။

အသက် ၂၈ နှစ်အရွယ်၊ရွှေပြည်သာမှ မခင်သူဇာကတော့ ဖခင်ဖြစ်သူအတွက် ဆေးဖိုးလိုအပ်နေလို့ အင်းစိန်ဈေး အနီးမှာ ရှိတဲ့ ဆံပင်အ၀ယ်ဆိုင်မှာ သူမရဲ့ ပေါင်လည်ထိရောက်တဲ့ ဆံပင်ရှည်ကြီးကို ဖြတ်ရောင်းခဲ့ပါတယ်။ ဒါပေမယ့် သူမမျှော်မှန်း ထားသလောက်မရဘဲ ကျပ် သုံးသောင်းကျော်ပဲ ရတဲ့အတွက် အ၀ယ်ဆိုင်ရဲ့ အလေးချိန် ပေါ်မှာ သံသယဖြစ်မိကြောင်း ပြောပြပါတယ်။

"ကျမ ထင်ထားတာက ရောင်းလိုက်ရင် အနည်းဆုံး ခြောက်သောင်းကျော် ခုနှစ်သောင်းလောက်ထိ ရလိမ့်မယ် လို့ မှန်းထားတာ ထင်သလောက်မရတော့ ၀မ်းနည်းပြီးငိုချင်လာတယ်၊ ဒါပေမယ့် အဖေ့အတွက်ပဲလေဆိုပြီး ကိုယ့်စိတ်ကိုယ် မနည်းအားတင်းထားခဲ့ရတယ်" လို့ မခင်သူဇာ ကပြန်ပြောပြခဲ့ပါတယ်။

ဆံပင်သား ၀ယ်သူတွေနဲ့ အ၀ယ်ဆိုင်တွေက ဈေးနှုန်းနဲ့ အလေးချိန်မှာ မမှန်မကန်ပြုလုပ်သူတွေရှိသလို မှန်မှန်ကန်ကန် ဈေးပေးပြီး အလေးချိန်မခိုးဘဲ ရောင်းဝယ်သူတွေလည်း ရှိတယ်လို့ ဆံပင်ဝယ်သူ တဦးက ပြောပါတယ်။

"သာမန်အားဖြင့် ဆံပင်က ပေါ့ပါးတယ်၊ ဆံပင်တဆယ်သားရဖို့မပြောပါနဲ့ ငါးကျပ်သားရဖို့ဆိုတာလည်းမလွယ်ပါဘူး။၊ တချို့ ဆံပင်လာရောင်းတဲ့သူတွေကလည်း မရောင်းခင် ဆံပင်ကို အလေးချိန်စီးအောင် ဆိုပြီး အုန်းဆီ တွေ၊ ခေါင်းလိမ်း ဆီတွေ လိမ်းလာတာတွေလည်း ရှိတယ်"လို့ ဆံပင်ဝယ်သူက အတွေ့အကြုံကို ပြောပြ ပါတယ်။

"၀ယ်တဲ့ ဒိုင်တွေကတော့ တရုတ်ပြည်နဲ့ ထိုင်ဝမ်ကို ဓိကထားပြီး တင်ပို့နေသလို ထိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံကိုလည်း တင်ပို့နေ ကြတဲ့အတွက် အရင် ၂ နှစ် ၃ နှစ်ထက်စာရင် နှစ်ဆနီးပါးလောက်ပိုပြီး ၀ယ်လိုအားကောင်းလာတယ်" လို့လည်း သာကေတမြို့နယ်ရှိ အ၀ယ်ဒိုင်တခုက ပြောပါတယ်။

မြန်မာနိုင်ငံမှ ဆံပင်တွေကို ၂၀၀၃ ခုနှစ်မတိုင်မီကတည်းက တရုတ်ပြည်ကို တင်ပို့နေကြပေမယ့် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ပိုပြီးကျယ်ပြန့် လာတာကိုတွေ့မြင်ရပါတယ်။ ဆံပင်တွေကိုအိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ တရုတ် ထိုင်းနဲ့ အိန္ဒိယနယ်စပ်ဒေသတွေက ဆံပင်တုလုပ်ဖို့ ၀ယ်ကြသလို ခုခေတ်စားနေတဲ့ ဆံပင်ရှည်ချင်တဲ့သူတွေ အတွက် ဆံပင်သားဆက်ဖို့ အတွက်လည်း ၀ယ်လာကြတယ်လို့ သိရပါတယ်။

"ဆံပင်ကို ၀ယ်ပြီးရင် သန့်အောင်လုပ်ပြီး ပို့ပေးရတယ်။ သူတို့ဆီရောက်မှ ဆံပင်ကို သေချာပြန်သန့်တယ်။ ပြုပြင်သင့်တာ ပြုပြင်တယ်၊ ပိုးသတ်တယ်၊ ပေါင်းတင်တယ်။ ပြီးတော့ ဆံပင်ကို ပါကင်အိတ်နဲ့ အလုံထုတ်ပိုး ပေးပြီး ဈေးကွက်ထဲကို ပြန်ဖြန့်တာ၊ ဆံပင်တုလည်းလုပ်တယ်။ ဆံပင်ဆက်ချင်တဲ့သူတွေအတွက် လိုအပ်တဲ့ အရှည်အလိုက် သူ့ဟာနဲ့သူ ပါကင် ထုတ်ပြီး ပြန်ရောင်းတာ" လို့ ဆံပင်အ၀ယ် ဒိုင်က ပြောပြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဆံပင်သားကို ကိုယ့်ပင်ကို ဆံပင်သားနဲ့ ထပ်ဆက်ပြီး လိုချင်တဲ့ ဆံပင်ရှည် အတိုင်း ရအောင် ပြုလုပ်ဖန်တီးမှုတွေ ခေတ်စားလာတာဟာလည်း ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းကျယ်ပြန့်လာစေတဲ့ အကြောင်းရင်း တရပ်ပဲ ဖြစ်တယ်လို့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အတွင်းမှာ ရှိတဲ့ အလှပြုပြင် ရေးဝန်ဆောင်မှု လုပ်ငန်းတခုမှ သင်တန်းနည်းပြ ဆရာမတဦးကဆိုပါတယ်။

"မြန်မာနိုင်ငံမှာတော့ ခုမှ စလုပ်လာကြတာပါ၊ ပိုက်ဆံရှိတဲ့ အမျိုးသမီးတွေက ဆံပင်တိုနေရာကနေ ရှည်ချင်လာတဲ့အခါ ဆံပင်ကို အချိန်ယူပြီး မမွေးတော့ဘူး၊ ကိုယ့်ဆံပင်နဲ့ ကိုက်တဲ့ ဆံပင်သားကို ၀ယ်ပြီး ကိုယ့်နဂို ဆံပင်နဲ့ကပ်ပြီး ဆက်လိုက် ကြတယ်၊ နာရီပိုင်းအတွင်း ဆံပင်ရှည် ဖြစ်သွားတာပေါ့" လို့ သင်တန်းနည်းပြ ဆရာမက ပြောပြပါတယ်။

ဆံပင်သားဆက်တဲ့ ဆံပင်အိတ်တွေကို ပြည်တွင်းက အလှပြင်ဝန်ဆောင်မှု လုပ်ငန်းအတော်များများမှာ တွေ့မြင် ရပါတယ်။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ပစည်းတွေအ၀င်များတယ်လို့ သိရပြီး ပြည်တွင်းဖြစ်လည်းရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်း တွေကလည်း ဆံပင်သားအတိုအရှည်၊ ဆံပင်သားကောင်းမွန်မှု၊ ပိုးသတ်သန့်စင်ထားမှု၊ ဆံပင်သားအရောင် တောက်ပမှု စတာတွေပေါ်မှာ မူတည်ပြီး အနည်းဆုံးကျပ် ငါးသောင်းကနေ တစ်သိန်း၊ နှစ်သိန်း တန်ကနေ ခြောက်သိန်းကျော်တန်ထိ ရှိတာတွေ့မြင်ရပါတယ်။
"တရုတ်တွေက ကျမတို့ဆီက ဆံပင်တွေကို ဈေးပေါပေါနဲ့ ၀ယ်တယ်။ ပြီးရင် သူတို့ဆီမှာ ပါကင်ပိတ်ပြီး ကျမတို့ ဆီကို ဈေးကြီးကြီးနဲ့ ပြန်သွင်းလာကြတယ်၊ ဒါ တရုတ်ပြည်ရဲ့ စီးပွားရေးပဲ" လို့ သင်တန်းနည်းပြ ဆရာမကဝေဖန် သုံးသပ်ပြပါတယ်။

ဧရာဝတီမှ