Sunday, January 26, 2014

အာဏာအစစ်က ဘယ်သူ့ လက်ထဲမှာလဲ



မန်မာ့အဓိကအတိုက်အခံပါတီ ပြန်လည်မှတ်ပုံတင်ဖြစ်စေခဲ့သည့် ၊ မြန်မာ့အတိုက်အခံခေါင်းဆောင်လွှတ်တော်အတွင်းသို့  ၀င်ဖြစ်စေခဲ့သည့် အဓိက ဆွဲဆောင်မှုက ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်လိုတဲ့ပြင်းပြတဲ့ဆန္ဒကြောင့်ပါ ။ နှစ်ရှည်လများ ရေပက် မ၀င်အောင်ဆွဲပြီးတဲ့နောက်မှာတော့ ဖွတ်အတင်းအသက်ဝင်စေခဲ့တဲ့ ၂၀၀၈ အခြေံဥပဒေ ဖွဲ့ စည်းပုံဟာသူကာကွယ် ပေးလိုတဲ့ လူတစ်စုအတွက်တော့အစစရေပက်မ၀င်စေအောင် လုံခဲ့သလောက် ပြည်သူအတွက်တော့ ကျားမြီးဆွဲထားနေကြရတဲ့ အာဏာဆက်ကို အချိန်မရွေး သက်ဆိုးဆွဲဆန့် နိုင်တဲ့ ဥပဒေဆိုတာက တစ်နေ့ ထက်တစ်နေ့  ပိုမိုထင်သာ မြင်သာ ရှိလာခဲ့ရတာပါ ။

သမ္မတဦးသိန်းစိန်ရဲ့  မျှော်တော်ယောင် ဇာတ်အစမှာ အဲဒါကြီးပြင်ပေးမယ်ရယ်လို့ ၊ ခပ်သာသာကလေးပြည်တည်ခန်း စ လာခဲ့ ပါတယ် ။ တစ်ကယ်တမ်းမှာ အဲဒါကြီးပြင်ကြရဖို့ က မျှော်ရင်း မျှော်ရင်းနဲ့ နောက်တစ်မိုးတော့ အသာလေး လင်းဦးမယ့် ဇာတ်အစပါ ။ ဖြစ်နိုင် မဖြစ်နိုင် ကျွန်တော်တို့  လေ့လာကြည့်ကြရအောင်ပါ ။

အခုကမ္ဘာက ၀ိုင်းဝန်းချီးကျူးနေကြတဲ့ ပြုပြင်ပြောင်းလဲရေးသမားပါဆိုတဲ့ ဦးသိန်းစိန်ကို ဂုဏ်ပြုထိုက်သူအဖြစ် ယုံကြည် သတ်မှတ်မယ်ဆိုရင် လက်ဦးကျေးဇူးရှင်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ပါ ။ သူဟာဘယ်အချိန်မှာ အာဏာကိုစွန့် ရမယ်ဆိုတာ သိတဲ့အပြင် ၊ အစိုးရအဖွဲ့ သစ်ကို လူမှန်နေရာမှန် ဆက်ခံစေဖို့ ကျွမ်းကျင်စွာ နေရာချတတ်တဲ့သူပါလို့ သမ္မတရဲ့  ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧရာဝတီသတင်းဌာနကို ပြောခဲ့ဖူးတာပါ ။

၂၀၀၈ ဖွဲ့ စည်းပုံအဓိက ကာကွယ်ပေးလိုတဲ့သူက ဗိုလ်ချုပ်မှုးကြီးမိသားစုရဲ့  အကျိုးစီးပွား ၊ အနာဂတ်ဘ၀တွေနဲ့  သူတို့ အာဏာရှင်အုပ်စုရဲ့  ပေါင်းစပ်ထားတဲ့ အကျိုးတူစီးပွားတွေပါ ။

အဲဒါကြောင့် ၂၀၀၈ အခြေခံဥပဒေရဲ့  အဓိက အားနည်းချက်ကြီးက လက်နက်ရှိပြီးသား ၊ အာဏာရှိပြိးသားသူတွေကိုသူတို့ ရဲ လက်နက်၊သူတို့ ရဲ့ အာဏာတွေကို အလွဲသုံးစားမလုပ်နိုင်အောင် ထိန်းချုပ်ကန့် သတ်ရမယ့်အစား မပေးသင့်၊မပေးအပ်တဲ့ လုပ်ပိုင်ခွင့်တွေကို အလွန်အကျွံသုံးစွဲဖို့ ခွင့်ပြုအပ်နှင်း ထားတာပဲ ဖြစ်ပါတယ် ။ ရွေးကာက်ခံစရာမလိုပဲလွှတ်တော်ထဲကို အခန့် သင့်လာထိုင်ခွင့်ရှိတဲ့ ၂၅ % ဟာ ၊ ကာကွယ်ရေးဥိးစီးချုပ်ရဲ့  အမိန့် အောက်ကပါ ။

တိုင်းပြည်ရဲ့  လူဦးရေ သန်း ၆၀ က လွှတ်တော်ရဲ့  ၇၅ % ကိုရွေးခွင့်ရှိတဲ့အချိန်မှာ ၊ ကာချုပ်ဟာ ၂၅ % ပိုင်ရှင်ပါ ။ တစ်သွေး တစ်သံတစ်မိန့် တစ်သြဇာ ထဲနဲ့  ၂၅ % စာ ၊ တစ်နည်းပြောရရင် လူ၁၀ သန်းစာရဲ့  ဆန္ဒမဲကို တစ်ဦးတည်းပိုင်ဆိုင်ခွင့် ရထားတဲ့သူပါ ။ မဲပေးခွင့်ရှိတဲ့သူက သန်း၃၀ ပဲ ရှိတယ်ထားပါ ။ ပြည်သူက သန်း၂၀ နဲ့  ကာချုပ်တစ်ဦးတည်းရဲ့ ဆန္ဒမဲ က ၁၀သန်းစာနဲ့  ယှဉ်ကြည့်ပါ ။ တပ်မတော်သားကိုယ်စားလည် ၂၅ % ဆိုသော်လည်း ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒမဲ ဘယ်ဘက်ကို သွားလိမ့်မလဲ ဆိုတာကို ကြည့်ရင် ၂၀၀၈ အခြေခံဥပဒေရဲ့  အကာအကွယ်ပေးမှုနဲ့  မတရားမှုကို
မြင်ကြရမှာပါ ။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ ၊ အဓိက အားနည်းချက်က အခြေခံမူးများ အခန်းထဲက ပုဒ်မ(၆) ၊ အပိုဒ်ခွဲ ( စ ) ပါ။ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဥိးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစ်စိုက် ဦးတည်သည် ဆိုတဲ့အချက်ပါ ။ အဲဒါဟာ ၂၀၀၈ ဖွဲ့ စည်းပုံရဲ့ အသက်သွေးကြောဖြစ်ပြီးတော့ အဲဒီအခြေခံမူအပေါ်မှာပဲ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြီးတစ်ခုလုံးကို ပုံဖော်ထားတာပါ ။

၂၀၀၈ အခြေခံဥပဒေကြီးရဲ့  အခန်း( ၉ ) ၊ ပုဒ်မ ( ၅၉ ) ၊ အပိုက်ခွဲ ( ဃ ) မှာပါတဲ့ ဥပဒေဖြစ်တဲ့ ၊ နိုင်ငံတော် သမ္မတဟာ စစ်ရေးအတွေ့ အကြုံ ရှိရမယ်ဆိုတာကို ကြည့်ရင် အနာဂတ်မြန်မာနိုင်ငံတော်ဟာ ဘယ်သူတွေနဲ့  ဘယ်လိုအုပ်ချုပ်ပြီး ၊ ဘယ်လို စခန်း ဆက်သွားစေလိမ့်မလဲဆိုတာကို ဖော်ပြနေပါတယ် ။

နောက်ဆုံးအရေးကြိးတဲ့အချက်က နိုင်ငံတော်သမ္မတဟာ တိုင်းပြည်အတွက် လိုအပ်လာတဲ့အခါ ၊ အရေးပေါ် အခြေအနေ ကြေငြာပြီး ၊ ကာကွယ်ရေးဥိးစီးချုပ်ကို နိုင်င့တော်အာဏာလွှဲပြောင်းအပ်နှင်းနိုင်တဲ့ အခြေခံဥပဒေ ပုဒ်မ( ၄၁၁ ) ပါ ။ ဘယ်လိုအခြေအနေတွေမှာ လွှဲပေးလိမ့်မလဲ ဆိုတာကို ကျွန်တော်တို့  ရှည်ရှည်ဝေးဝေး စဉ်းစားကြည့်ဖို့  မလိုအောင် ရခိုင်အရေးတို့ ၊ မိထ္ထီလာအရေးတို့ ၊ ပဲခူးတိုင်း အနောက်ဘက်ခြမ်းက ပြသနာတွေ ၊ လာရှိုးကိစ္စတွေမှာ မကြာခဏ သက်မပင့် နေကြရအောင်ကို ကျွန်တော်တို့ ကို ခဏခဏ မြည်းစမ်းစေခဲ့တာပါ ။ အဲဒါကြောင့် အာဏာအစစ်က ဘယ်သူ့ လက်ထဲမှာလဲ ဆိုတာကို ကျွန်တော်တို့  သိကြရမှာပါ ။

အဲဒါဆို ၂၅ % ကိုဖယ်ပြီး ကျန်လွှတ်တော်အမတ်တွေကို ကျွန်တော်တို့ ကြည့်ကြရအောင် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ဥပဒေအထောက်အကူပြုအဖွဲ့ ဝင်၊ တရားလွှတ်တော်ရှေ့ နေဒေါ်စန်းစန်းမြင့်က " လွှတ်တော်ကိုယ်စားလည်တွေ ဥပဒေ ကျွမ်းကျင်မှု နည်းနေသေးတယ် ယူဆပါတယ် " လို့  ပြောပါတယ် ။ လွှတ်တော်ထဲမှာ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့ ဆွေးနွေးကြတဲ့အခါမှာ ၊ လွှတ်တော်အမတ်တွေက ဥပဒေကို နားမလည်သေးလို့  ၊ မလေ့လာရသေးလို့  အချိန်ပေးတဲ့အနေနဲ့ အချိန်ေ၇ွှ့ ဆိုင်းပေးဖို့  တောင်းဆိုတာတွေ ၊ တစ်ချို့ ဝန်ကြိးဌာနတွေက တင်သွင်းလာတဲ့ ဥပဒေပေါ်မှာ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်နဲ့  ၊ လွှတ်တော်ကိုယ်စားလည်တွေက အတည်မပြုပဲ အတည်ဖြစ်သွားတာတွေ ၊ ဥပဒေကြမ်းဆွေးနွေးတဲ့အခါ လွှတ်တော်ကိုယ်စားလည်တွေအနေနဲ့  အတိုက်အခံဆွေးနွေးတာတွေ မလုပ်ပဲ ၀န်ကြိးဌာနရဲ့ တင်သွင်းချက်အတိုင်း အတည်ဖြစ်သွားတာတွေ ရှိနေပါတယ်လို့  ဥပဒေပညာရှင် ဦးကြည်မြင့်က ပြောပါတယ် ။

အသင်းအဖွဲ့ ဥပဒေမှာ ထောင်ချမယ်ဆိုတဲ့ကိစ္စ ၊ စာနယ်ဇင်းကိစ္စနဲ့  ပတ်သက်ပြီး ထောင်ချမယ် ဆိုတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ဥပဒေကြမ်းတွေကို ကန့် ကွက်သူ မရှိတဲ့ဥပဒေကြမ်းကို ဆွဲတယ်ဆိုတာ လွှတ်တော်ရဲ့  ထူးဆန်းအံသြဖွယ်ရာပါ ။ ပြီးခဲ့တဲ့ ၂နှစ်ခွဲကာလမှာ ဥပဒေအချို့ ပြဌန်းနိုင်ခဲ့ပေမယ့် ယှဉ်တွဲသွားရမယ့်အနေအထား မရှိပဲ၊ ဥပဒေကြမ်းတစ်ခုက တောင်ဘက်ကိုသွားနေပြီး နောက် ဥပဒေကြမ်းတစ်ခုက မြောက်ဘက်ကို သွားနေသလို အနေအထားတွေလည်း ရှိနေခဲ့တာပါ ။ ဒါတွေအားလုံးက ပြီးခဲ့တဲ့ကာလတွေမှာ အတွေ့ အကြုံနည်းတာကို ပြနေခဲ့ပြီး ၊ပြုပြင်ရမယ့်အချက်လည်း ဖြစ်နေပါတယ် ။

လွှတ်တော်က အတည်ပြုပေးတဲ့ ဥပဒေတွေအားနည်းရင် တရားဥပဒေစိုးမိုးရေးမှာ လည်းထိရောက်မှု မရှိနိုင်ပါဘူး ။ လွှတ်တော်ဟာ အစိုးရအဖွဲ့ ရဲ့ မူဝါဒအကောင်အထည်ဖော်မှုကို စောင့်ကြည့်ခြင်း ၊ အာဏာအလွဲသုံးမှုကို လေ့လာခြင်း ၊ နိုင်ငံသားတွေရဲ့  အခွင့်အရေးတွေကို တောင်းဆိုပေးတာတွေ လုပ်ကြရမှာပါ ။

ဒါပေမယ့် တစ်ကယ်တမ်းမှာတော့ လက်ရှိဖွဲ့ စည်းအုပ်ချုပ်ပုံအရ ၊ သမ္မတမှာ အခြားနိုင်ငံက သမ္မတတွေလိုမျိုး ဗီတိုအာဏာ မရှိသလို ၊ အစိုးရ ၊စစ်တပ်နဲ့  လွှတ်တော်ကြားက ပါဝါချိန်ခွင်လျှာကို နိုင်ငံရေးပုံစံဒီဇိုင်းတစ်ခုအဖြစ် သေသေချာချာ ပုံစံချသွားခဲ့တာက သွားလေသူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးရဲ့  စနစ်တစ်ကျ ပုံစံပါလို့  ၊ ဦးရဲထွဋ်က ပြောခဲ့ပါတယ် ။ သေချာတာကတော့ အရင်လိုရှေ့ မထွက်တာသာရှိမယ် ။ နောက်ကွယ်က အာဏာကို ဆက်လက်ကိုင်စွဲထားတဲ့သူက စစ်တပ်ပါ ။

အဲဒါကြောင့် ဝေဖန်မှုများ မည်မျှပြင်းထန်နေစေကာမူ ၊ ကတိက၀တ်တွေ မည်မျှ ရွှန်းရွှန်းဝေနေစေကာမူ ၊ နိုင်ငံတကာအပါအ၀င် မည်သူတွေ မည်သို့  ဖိအားသုံးစေကာမူ ၊ ရွေးကောက်ခံမဟုတ်သော ၂၅ % သည် ၊တစ်နည်းအားဖြင့် ကာကွယ်ရေး
ဦးစီးချုပ်သည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏အခန်းကဏ္ဍများကို ဖယ်ထုတ်မည့် ခွင့်ပြုပြဌန်းထားပြီးသား ဖွဲ့ စည်းပုံ၏ အရေးကြီးဆုံးဟု သူတို့ယူဆသည့် ပုဒ်မများ ကိုတော့ ပြင်ဆင်ရန် မည်သည့်နည်းနှင့်မျှ သဘောတူလက်ခံလိမ့်မည် မဟုတ်ဟု ယူဆ၍ရပါသည် ။

၂၀၀၈ အခြေခံဥပဒေအား ပြင်ပေးပါမည်ဟု မျှော်တော်ယောင်လွမ်းချင်းကို စတင်သီကြွေးခဲ့ပါသော သမ္မတကြီးကပင် နိုင်ငံခြား ခရီးစဉ်တစ်ခုမှာ ၀ါရှင်တန်ပို့ စ်နှင့်အင်တာဗျူးရာတွင် " မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သည် အရေးပါသောတစ်နေရာတွင် အမြဲပါဝင်နေဦးမည် " ဟု ၀န်ခံသွားခဲ့ပါသည်။ အယ်ဒီတာ လာရီဒိုင်းမွန်း အမည်ပေးခဲ့သည့် " ဤဖွဲ့ စည်းပုံ အကျပ်အတည်း " သည် မြန်မာ့နိုင်ငံရေးကို မည်ကဲ့သို့  ဆက်လက်မောင်းနှင်သွား လိမ့်မည်ကို နိုင်ငံရေးနှင့် ပတ်သက်နေသူအားလုံး မလွဲမသွေ တွက်ချက်တည့်သွင်း စဉ်းစားထားသင့်ပါတယ် ။

ပြင်၍မရနိုင်သည့်အရာကို ပြင်၍ရနိုးနိုးဟု မျှော်လင့်စောင့်စားမိနေခဲ့ပါလျင် ဖောက်ထွက်နိုင်သည့် ဒုတိယလမ်းကြောင်းများ၊ ပျောက်ဆုံးသွားနိုင်ချေကိုပါ ထည့်သွင်းတွက်ချက် ကြဖို့ လိုမှာဖြစ်ပါတယ် ။ အကောင်းဖက်ကို မျှော်၍ အဆိုးအတွက်ကိုတော့ လွတ်လမ်းရှာကြည့်ထားသင့်ပါတယ်လို့ ပဲ ယူဆချင်ပါတယ် ။ ၂၀၁၅ မှာ NLD အနိုင်ရခဲ့ပါလျှင်ပင် တပ်မတော်၏ ဗီတိုအာဏာသည် ဖွဲ့ စည်းပုံအတွင်းတွင် ဆက်လက်ပါလာလျက် အာဏာသိမ်းလိုသော ဆန္ဒများသာရှိခဲ့ပါလျင် ထို ဖွဲ စည်းပုံအခြေခံဥပဒေကြီးမှာ အချိန်အခါမရွေး အသက်ဝင်လာနိုင်သော မြွေဆိုးတစ်ကောင်သာ ဖြစ်နေမှာ ဖြစ်ပါလိမ့်မယ် ။

လက်ရှိအီဂျစ်မှာ အချိန်မရွေး စစ်တပ်က အာဏာပြန်သိမ်းနိုင်တာဟာလည်း သူတို့ ရဲ့ အခြေခံဥပဒေမှာပါတဲ့1958 , Emergency Law ....law No. 162 အရ ဖြစ်ပါတယ်တဲ့။ အန္တရာယ် ဘယ်လောက်ကြီးသလဲ ဆိုတာကိုစဉ်းစားကြည့်ကြဖို့ ပါ ။ ။

ပြည်ချစ်သူ

Credit To>Pyay Chit Thu <Thanks
www.facebook.com/myanmarinternetnews1.