Thursday, January 24, 2013

မြန်မာနိုင်ငံသားကွ ဘာမှတ်သလဲ ရဲရဲကြီး ဂုဏ်ယူလိုက်စမ်း

Kyaw Swar

မြန်မာနိုင်ငံသားကွ ဘာမှတ်သလဲ ရဲရဲကြီး ဂုဏ်ယူလိုက်စမ်းဘာ ။ တချို့တွေများ ကိုယ့်နိုင်ငံကို ကိုယ်ပြောဖို့ သိမ်ငယ်တယ်လို့ ထင်နေကြသေး ။ အံ့ရောဗျာ အံ့ပါရော ။ ဒီလောက် ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုးတွေရှိတဲ့ နိုင်ငံ ၊ ဒီလောက်ဖြူစင်တဲ့ အစိုးရမင်းကြီးများရှိတဲ့နိုင်ငံ ၊ ဒီလောက် ထက်မြတ်တဲ့ အမတ်မင်းကြီးများစွာကို ပိုင်ဆိုင်တဲ့ လွှတ်တော်ကြီးရှိတဲ့နိုင်ငံ ။ ကဲဗျာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ဖို့ အခြေခံဥပဒေဆိုတာကြီးကို အမှားအယွင်းမရှိရလေအောင် စနစ်တကျနဲ့ အနှစ် ၂၀ ဆယ်နီးပါကြာအောင် ရေးဆွဲနိုင်ခဲ့တဲ့နိုင်ငံ ဘယ်မှာများရှိဦးမလဲ ။ ကဲ အတည်ပြုတော့လည်း ၉၅ ရာခိုင်နှုန်းနဲ့ ၀က်ဝက်ကွဲထောက်ခံခဲ့ကြတာ သြချရလောက်တယ် ။ ဆန်းကျယ်ပုံများ ပြောပါတယ် ၊ အစိုးရမင်းကြီးများရဲ့ ဆန်းကြယ်ပုံများ ပြောကုန်နိုင်ဖွယ်ရှိရိုးလား ။ ကဲကြည့် လက်ရှိ ရှိနေတဲ့ အာဏာကိုစွန့် မျှမျှတတနဲ့ ရွေးကောက်ပွဲကြီးကျင်ပပေးပြီး အားလုံးကို ယှဉ်ပြိုင်ခွင့်ပေးရဲတဲ့ သတ္တိမျိုး ကမ္ဘာပေါ်က ဘယ်အစိုးရမှာများ ရှိလို့လဲ ။ နောက် လူမှုရေးအသင်းကြီးကိုတောင် နိုင်ငံရေးပါတီကြီးအဖြစ် လေ့ကျင့်ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သေး ၊ ( အားနည်းတဲ့ အခြားပါတီတွေကို အကြောပေးတာလဲဖြစ်နိုင်တယ်) ကဲ့ကြည့် အဲ့ဒါ သူရဲကောင်းတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်ဗျ ။ ဒီလောက် သဘောထားကြီးစွာ အလျှော့ပေးယှဉ်ပြိုင်တာတောင် သူ့ကို ပြိုင်နိုင်သူမရှိ ရာနှုန်းပြည့်နဲ့ အောင်ပွဲဆင်ခဲ့တယ် ၊ ပြည်သူတင်မြှောက်တဲ့ သမတဂျီးပေါ်လာတယ် ။ မဏ္ဍိုင်ကြီးလေးရပ်နဲ့ အပြိုင်ပြိုင်ထိန်းကြောင်းပြီး ဒီမိုကရေစီကို စည်းနဲ့ကမ်းနဲ့ဖော်ဆောင်တယ် ၊ လွှတ်တော်ကြီး ဆိုတာလည်း ပြောမကုန်နိုင်လောက်အောင်ကို ဂုဏ်ရောင်ပြောင်လင်းလာခဲ့တယ် တလောကတောင် ဆိတ်ဖွားဆိုတဲ့ အကောင် လွှတ်တော်ကို သိက္ခာချအပုတ်ချလို့ ပြည်သူတွေ ဒေါသူပုန်ထကြသေး ။ ကဲလွှတ်တော်ရဲ့ အရည်အချင်းကို ကြည့်ဦးမလား ၊ ဘယ်ကမှန်းမသိတဲ့ အွန်လိုင်းမှာ စာရေးတဲ့ ဆိတ်ဖွားဆိုတဲ့ လူတစ်ယောက်ကို ဖော်ထုတ်စစ်ဆေးအရေးယူဖို့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းနိုင်ခဲ့တယ် ၊ ကဲ တော်တန် အရည်အချင်းလား ။ ဒါမျိုးက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ခက်ခဲနက်နဲတဲ့ကိစ္စမလား တော်တန်လူ ဘယ်လုပ်နိုင်မလဲ ၊ အမေရိကန်လို နိုင်ငံကြီးတောင် ဘင်လာဒင်ဆိုတဲ့လူကို နာမည်သိရက်နဲ့ ၉နှစ်၁၀နှစ်ကြာအောင် မနည်းကို ဖမ်းစီးခဲ့ရတယ်မလား ။ ဆိတ်ဖွားမိရင်တော့ ဒီတချီနဲ့ အမေရိကန်ကို နောက်ကောက်ချနိုင်မယ့်အရေး ၊ ဒို့လွှတ်တော်အမတ်မင်းကြီးများ အားသွန်းခွန်စိုက် ကြိုးစားတာကိုတော့ ချီးကျူးရမှာပဲ ။ တိုင်းပြည်မှာ ဒီကိစ္စလောက်အရေးကြီးတဲ့ ကိစ္စရှိဦးမလား ၊ ကချင်အရေးက ကျည်ဆံကုန်ရင်ရပ်သွားမယ်ဗျာ ၊ လက်ပတောင်းက ဒေါ်စုကိုင်တယ် ၊ ရခိုင်ကိစ္စက ၈၈ သူတို့တွေလုပ်နေကြတာပဲ ။ လွှတ်တော်ကတော့ လုပ်စရာမရှိရင်ရှာကြံပြီးလုပ်ရမှာပဲ ။ တော်ကြာ ပြည်သူကျွေးတဲ့ထမင်း အလကားစားနေတယ်လို့ ပြောကြဦးမယ် ။ ကဲကြည့် ဒီလောက် ကောင်းမွန်တဲ့လွှတ်တော်ကြီးရှိတဲ့နိုင်ငံ ။ ဒီနိုင်ငံကိုမှ ဂုဏ်မယူချင်ရင် ဘယ်နိုင်ငံကိုများ ဂုဏ်ယူချင်သေးလဲ ကဲ....... ပြော