Sunday, August 19, 2012

စိုးရိမ်ဖွယ်ရှိနေသည့် ကန်ကြီးဒေါင့် ရွေးရေထိန်းတာ အက်ကွဲမှု




 မြို့၏ စိုးရိမ်အန္တရာယ်ရေအမှတ်ပေ-၂၀သို့ ရောက်ရှိ
နေပြီဖြစ်သော ကန်ကြီးဒေါင့်မြို့နယ်ရှိ ကြိမ်ချောင်း တာမှရွေးရေထိန်းတံခါးတာမှာ ယခုရက်အတွင်း အက်ကွဲလာမှုကြောင့်ဒေသခံများ အထူးစိုးရိမ်နေကြသည်။


 အရှည် (၁၁.၅၇ )မိုင်၊ အမြင့်ပေ(၂၀)ရှိကြိမ်ချောင်းတာမှာ ဒေသရှိကျေးရွာအုပ်စု(၈၀)မှ လယ်ဧက (၂)သောင်း ကျော်ကို   ရေပေးနေသော တာဖြစ်သည်ဟု မြို့နယ်လယ်/ဆယ်တာဝန်ရှိသူ  ပြောသည်။

‘အခုရေတွေက တာကိုကျော်ဖို့တောင် ၂ပေလောက်ပဲ လိုတော့တယ်။ လယ်တွေက မိုးစပါးစိုက်ပြီးသားဖြစ်နေတယ်၊အခုတာက အက်ပြီးရေတွေစိမ့်နေတော့ အက်တဲ့နေရာက ကျိုးကျမှာလည်း စိုးရ၊ရေထပ်တက်လာပြီးကျော်ထွက်လာမှာကိုလည်း စိုးရိမ်နေရတယ်’ ဟု ရွေးကုန်းရွာတွင်နေထိုင်သူ ဦးသိန်းဝင်းကပြောသည်။

 ယခုအခါအချို့ဒေသခံများမှာမြစ်ရေအခြေအနေ၊တာအခြေအနေဆိုးရွားသောအနေအထားတွင်ရှိသော်လည်း မူရင်းလုပ်ကိုင်စားသောက်မှုဖြစ်သော တံငါလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုသောကြောင့် ကန်ကြီးဒေါင့်မြို့တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုသို့မပြောင်းရွှေ့ရသေးသူ အများအပြားရှိနေသေး   ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် သိရသည်။



 ''လူတွေကဆင်းရဲတော့ မူရင်းအလုပ်ဖြစ်တဲ့ တံငါလုပ်ငန်းကိုဆက်လုပ်ပြီးနေတဲ့သူတွေ အများကြီးရှိသေးတယ်''ဟု ကန်ကြီးဒေါင့်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်စိန်က ပြောသည်။

 သို့သော် အဆိုပါ တာအကယ်၍ကျိုးပေါက်ခြင်း(သို့)ရေကျော်သွားခြင်းဖြစ်ပွားခဲ့ပါကလည်း စိုက်ပျိုးလယ်မြေ ဧက(၂)သောင်းကျော်နှင့်ကျေးရွာအုပ်စုများတွင် အနည်းငယ်သာရေနစ်မြုပ်မှုဖြစ်ပေါ်နိုင်ပြီး ထိခိုက်မှု့များစွာ ရှိမည်မဟုတ်ဟု ခရိုင်အုပ်ချုပ်ပေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

  ‘ဒီရေထိန်းတာကိုအခုလောလောဆယ်ပထမအဆင့်သဲအိတ်(၆)ထောင်လောက်နဲ့ရေမ၀င်
နိုင်အောင်ကာထားတယ်၊ဒုတိယ  အဆင့်အနေနဲ့ အဲဒီအပြင်မှာ သဲအိတ်(၅)သောင်းလောက်နဲ့ ထပ်ကာမှာဆိုတော့ရေလာဖို့ကို(၂) ဆင့်အထိကာပြီးသားဖြစ်တဲ့အတွက် ဒီတာက လုံးဝမကျိုးနိုင်ပါဘူး” ဟု ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်ကပြောသည်။

 ယခုရက်အတွင်း ငသိုင်းချောင်းမြို့ထက်၈ပေခန့်ပိုမြင့်သော ငသို်င်းချောင်းတာမှာ ဗောဓိကျေးရွာအနီးတွင်တာ ပဲ့ကျခြင်းဖြစ်ပေါ်နေပြီး မကြာသေးခင်ကလည်း ကျောင်းကုန်းမြို့နယ်တွင်းရှိ ကော့သလိုင်ရေတံမံကျိုးပေါက်မှုဖြစ်ခဲ့ပြီးလယ်မြေဧကများစွာနှင့်လူနေအိမ်များစွာရေနစ်မြုပ်
ခဲ့ကြောင်းသိရသည်။

 ရွေးရေထိန်းတံခါးတွင် ငါးပေပတ်လည် တံခါးသုံးပေါက်ပါရှိပြီးရေကျသွားသောအခါ၌ ယခုပို့ထားသော သဲအိတ်များကို ပြန်လည်ဖယ်ရှားပြီးလယ်မြေများသို့ ရေပေးဝေရမည်ဖြစ်ကြောင်းသိရသည်။


(မြစ်မခမီဒီယာ) .