တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံကိုကျော်၍ ကမ္ဘာ့ဒုတိယ
အချမ်းသာဆုံးနိုင်ငံ ဖြစ်လာမည်ဟု သုတေသန အစီရင်ခံစာ တစ်စောင်က အောက်တိုဘာ
၈ ရက်နေ့တွင် ခန့်မှန်း ပြောကြားခဲ့သည်။
ပြည်တွင်းသုံးစွဲမှု မြင့်တက်လာပြီး စီးပွားရေး အလျင်အမြန်
တိုးတက်နေသောကြောင့် တရုတ်၏ စုစုပေါင်း ဓနအင်အားသည် ၅ နှစ်အတွင်း
နှစ်ဆကျော် မြင့်တက်လာပြီး အမေရိကန် ဒေါ်လာ ၃၅ ထရီလျံထိ ရောက်ရှိလာမည်ဟု
Credit Suisse Research Institute က ထုတ်ပြန်ခဲ့သော Global Wealth Report
တွင် ဖော်ပြခဲ့သည်။
''လွန်ခဲ့တဲ့
ဆယ်နှစ်လောက်က တရုတ်ဟာ ကမ္ဘာမှာ ဓနအင်အား တတိယအကြီးဆုံးနိုင်ငံ
ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်နိုင်ငံဟာ ဥရောပအင်အားကြီး
နိုင်ငံတွေကို ကျော်လွှားတိုးတက်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဂျပန်ကို
ကျော်သွားမယ်လို့ မျှော်လင့်ရပါတယ်''ဟု သုတေသနဌာန အကြီးအကဲ ဂီကစ်တင်က
ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် လောလောဆယ်တွင် ဓနအင်အား
အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ဒေါ်လာ ၁၉၅ ထရီလျံ ကြွယ်ဝသည်။ ဂျပန်နိုင်ငံက
ကမ္ဘာ့ဓနအင်အား၏ ၁၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒုတိယနေရာ၌ ရှိနေခဲ့သည်။
တရုတ်နိုင်ငံက တတိယနေရာ၌ ရှိနေပြီး ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် တို့က
စတုတ္ထနေရာ၌ ရှိနေသည်။
စစ်တမ်းအရ
အာရှပစိဖိတ် နိုင်ငံများသည် ကမ္ဘာ့ချမ်းသာမှုကို တိုးတက်စေသည့် အဓိက
အင်အားများ ဖြစ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် လောလောဆယ်တွင် ဒေါ်လာ
၁၆ ဒသမ ၅ ထရီလျံ ကြွယ်ဝပြီး ဥရောပ၏ အချမ်းသာဆုံး ပြင် သစ်နိုင်ငံထက် ၃၅
ရာခိုင်နှုန်းကျော် ပိုမိုကြွယ်ဝကာ အိန္ဒိယနိုင်ငံ၏ ကြွယ်ဝမှုထက် ၅ ဆနီးပါး
ပိုမို ကြွယ်ဝကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံတွင်
စားသုံးမှုပုံစံများ ပြောင်းလဲလာပြီး အခြေခံ လိုအပ်ချက် အစားအသောက်၊
အ၀တ်အထည် တို့ထက် အပန်းဖြေမှု၊ ပညာရေး၊ ကျန်းမာရေးနှင့်
အိမ်ရာရင်းနှီးမြှုပ်နှံမှု တို့တွင် ပိုမို သုံးစွဲလာမည်ဟု စစ်တမ်းက
ခန့်မှန်းခဲ့သည်။ အာရှပစိဖိတ်ဒေသတွင် တိုးတက်မှု အလားအလာကောင်းများ
ရှိနေသည့် အခြား နိုင်ငံများမှာ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ ဖြစ်သည်။
အိန္ဒိယ၏ ကြွယ်ဝချမ်းသာမှုသည်၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၆ ဒသမ ၄ ထရီလျံထိ
နှစ်ဆကျော် တိုးတက်လာပြီး အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၃ ထရီလျံထိ
ကြွယ်ဝလာမည်ဟု သုတေသနက ကြိုတင်ခန့်မှန်းခဲ့သည်။ ထို့ပြင် အာရှပစိဖိတ်
ဒေသသည် ဥရောပထက် ဘီလျံနာ သူကြွယ် ပိုမိုများပြားကြောင်းလည်း စစ်တမ်းက
တွေ့ရှိခဲ့သည်။သတင်း။ အလဲဗင်းဂျာနယ်
(မြန်မာနိုင်ငံလည်း ၂၀၁၀ အတုအယောင်ရွေးကောက်ကြီးပြီးလျှင် လူမဆန်တဲ့ကောင်တွေကြီးစိုးအုပ်ချုပ်
ကြမည်ဖြစ်ရာ တိုင်းပြည်ရဲ့ သယံဇာတ သဘာဝရင်းမြစ်များကို ကုန်အောင်ရောင်းစာပြီး၂၀၁၅ ခုနှစ်
တွင် ကမ္ဘာ့အဆင်းရဲဆုံး ဇင်ဘာဘွေနိုင်ငံကိုကျော်၍ ကမ္ဘာ့ပထမ
အဆင်းရဲဆုံးနိုင်ငံ ဖြစ်လာမည်မှာ မလွဲပေ။ ).
0 comments:
Post a Comment