Friday, September 10, 2010

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စစ်တမ်းအရ အင်တာနက် အသုံးပြုနိုင်သူ နှစ်သိန်းကျော်သာ ရှိဟုဆို

                                  -0.000001%  Burma(Myanmar) 
လူဦးရေ ၅၈ သန်းဝန်းကျင်ခန့်ရှိပြီဖြစ်သည့် မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သူ လူဦးရေမှာ နှစ်သိန်းဝန်းကျင်သာ ရှိသေးကြောင်းနှင့် ယင်းအသုံးပြုနိုင်သူ ပမာဏမှာ နိုင်ငံလူဦးရေ ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါး နေသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုနိုင်တဲ့ ဦးရေက နှစ်သိန်း ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်ရင်တော့ အရမ်းနည်းနေ ပါသေးတယ်။ တစ်နိုင်ငံလုံးမှာ လေးသိန်းလောက်တောင် မသုံးနိုင်ကြသေးပါဘူး”ဟု ၄င်းက ဆက်လက် ပြောကြားသည်။ “ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေကတော့ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြတယ်။ အရင်ထက်လည်း သုံးတဲ့သူတွေ မသိမသာတော့ တိုးလာနေတယ်။ အဓိကကတော့ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ပိုပြီးအသုံးများ နေပါတယ်။ အဲဒီထဲကမှ ရန်ကုန်ကတော့ သုံးသူအရေအတွက် အများဆုံးပေါ့။ အခု တစ်နိုင်ငံလုံးမှာ နှစ်သိန်းဝန်းကျင် သုံးနိုင်တယ်ဆိုတာတော့ နည်းနေပါသေးတယ်။ အချို့နေရာတွေမှာ နည်းပညာ ဗဟုသုတတွေ၊ ကွန်ပျူတာ အသုံးချတတ်မှုတွေကို  ကွန်ပျူတာအသင်းတွေလို အသင်းမျိုးတွေက ဆောင်ရွက် ပေးနေပါတယ်။ နေရာအနှံ့ ဆောင်ရွက်နိုင်ဖို့ပဲ လိုတာပါ”ဟု ပြည်တွင်း ကွန်ပျူတာပညာရှင် တစ်ဦးက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြည်တွင်း၏ အင်တာနက် အသုံးပြုနိုင်သူ အရေအတွက် စစ်တမ်းအား ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တစ်ကြိမ်ကောက်ယူခဲ့ရာ ထိုအချိန်က အင်တာနက် အသုံးပြုနိုင်သူ ဦးရေမှာ နှစ်သိန်းနီးပါးရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ကောက်ယူခဲ့သော ဒုတိယအကြိမ် စစ်တမ်းတွင်မူ အသုံးပြုသူ နှစ်သိန်းကျော်ရှိခဲ့ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

0 comments: