Wednesday, May 26, 2010

ပြန်ကြားရေး ၀န်ကြီး ကြောင်ဆန်း ကျောင်းသုံး စာအုပ်များ ရိုက်နှိပ် ဖြန့်ချီ ဈေးကြီးကြီးနဲ့ဝယ်ဖို့သာပြင်


မြန်မာနိုင်ငံတွင် သောက်သုံးရေ၊ လျှပ်စစ်မီး၊ အလုပ်အကိုင် စသည့် ရှားပါးမှုကြီး အမျိုးမျိုး ရှိသည့်အနက် ကျောင်းသုံးစာအုပ် ရှားပါးမှုမှာလည်း ကြီးတစ်ကြီး ထဲတွင် အမြဲပါဝင်ကြောင်း ကျောင်းသားမိဘများနှင့် ကျောင်းသားများက ငြီးတွား ပြောဆိုကြသည်။
မေလ ၂၄ ရက်နေ့ နေပြည်တော် အစည်းအဝေးတစ်ခုတွင် ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချီရေးအတွက် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းက ဦးဆောင် အစည်းအဝေး လုပ်သည်ဟု အစိုးရ သတင်းစာများတွင် ဖော်ပြသည့် အတွက် ကျောင်းသုံးစာအုပ်များ စိတ်ချလက်ချ ပြင်ပဈေးကွက်တွင် ဈေးထိုးမြင့်တော့မည် ဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦးက မောက္ခကို ရင်ဖွင့်လာသည်။
“ကျမ ကလေးက ၇တန်း တစ်ယောက်၊ ၁၀တန်း တစ်ယောက်၊ သူတို့ တောင်ဥက္ကလာ အထက(၁)မှာ တက်ပါတယ်။ အငယ်ကောင် ၆တန်း ဖြေပြီးတာနဲ့ ရန်ကုန် ပန်းဆိုးတန်း စာအုပ်ဆိုင်တန်းမှာ ၇တန်း စာအုပ် အစုံ စောစောစီးစီး သွားဝယ်ထားရတယ်။ သင်္ကြန်မတိုင်ခင် ၀ယ်တော့ ဈေးက အစုံလိုက် ၃၀၀၀ ကျော်ရှိတယ်။ အခု မရဘူး။ ကျောင်းက ထုတ်ပေးမယ့် စာအုပ်ဆိုတာ ကျမတို့ ငယ်ငယ်ကပဲ ရှိတာ၊ အကြီးကောင်ကတော့ အထူးထုတ်တွေ ၀ယ်ပေးလိုက်ပါတယ်။ ကျူရှင်လည်းတက်ပေါ့၊ ပုံနှိပ်စာအုပ်တော့ မလိုပါဘူး” လို့ ရှင်းပြသည်။
ရန်ကုန်မြို့တွင် ကျောင်းသုံးပြဌာန်း စာအုပ်များ ပုဂ္ဂလိက ဆိုင်များက ကော်ပီပြန်ရိုက် ရောင်းချသည့်အတွက် ၀ယ်ယူရနိုင်သော်လည်း၊ နယ် ကျောင်းများတွင် တကယ့်ကို ရှားပါးပစ္စည်း ဖြစ်နေသည်ဟု သိရသည်။ အချို့ ကျောင်းသားများမှာ ကျောင်းသာပြီးသွားပေမဲ့ ပြဌာန်းစာအုပ် မမြင်ဘူးပဲ ဖြစ်ကြရသည်ဟု ဆိုသည်။
အစိုးရ နှစ် ၃၀ ပညာရေး စီမံကိန်းသည် ကျောင်းသုံး ပြဌာန်းစာအုပ် မရှိဘဲသွားမည့်ပုံ ပေါ်နေသည်။ ယခု ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းက ပုံနှိပ်စာအုပ် ကိုင်မည်ဆိုသဖြင့် မိဘများမှာ ရင်လေးနေပြီး၊ ပြင်ပဈေးကွက် ကော်ပီဆိုင်များက အားရနေကြသည်ဟုဆိုသည်။
 မောက္ခ ပြည်တွင်းသတင်း

0 comments: