Tuesday, May 25, 2010

အယ်လ်နီညို ဆိုတာ

အယ်လ်နီညို စပြီ ပစိဖိတ်သမုဒ္ဒရာတွင် အယ်လ်နီညို သဘာဝ ရာသီဥတု ဖြစ်စဉ် စတင်လျက် ရှိသည်ဟု မိုးလေ၀သပညာရှင်များက ကြေငြာလိုက်သည်။ အယ်လ်နီညိုကြောင့် လာမည့်လအနည်းငယ်အတွင်း အာဖရိကတိုက်၊ သြစတေးလျတိုက်နှင့် အိန္ဒိယတို့တွင် မိုးခေါင်မှုများ၊ တောင်အမေရိကတိုက်တွင် မိုးသည်းထန်မှုများနှင့် ကြုံရဖွယ် ရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် စံချိန်တင်အောင် ပူလာနိုင်သည်ဟု ဆိုသည်။ သမုဒ္ဒရာမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ပိုတက်လျှင် အယ်လ်နီညို ပေါ်ပေါက်သည်ဟု သတ်မှတ်သည်။ ပုံမှန်အားဖြင့် အပူချိန် လျော့နည်းနေလေ့ရှိသည့် တောင်အမေရိက ကမ်းရိုးတန်းမှ အီကွေတာတစ်လျှောက် အနောက်ဘက်ယွန်းယွန်းဒေသအထိတိုင်သော ပစိဖိတ်သမုဒ္ဒရာရေထု နွေးထွေးလာခြင်းကြောင့် အယ်လ်နီညို ဖြစ်ပေါ်သည်။ ပစိဖိတ်သမုဒ္ဒရာရေထု၏ အနွေးဓာတ်သည် ကမ္ဘာအနှံ့ လေထုကို လည်ပတ်တိုက်ခတ်စေသော အင်အားတစ်ရပ် ဖြစ်ရာ ယင်းရေထုပုံမှန်ထက် ပိုမိုနွေးထွေးလာလျှင် မိုးလေ၀သအခြေအနေများကို ကမောက်ကမ ဖြစ်စေသည်။ ယခုအခါ အီကွေတာတစ်လျှောက် ပစိဖိတ်သမုဒ္ဒရာရေထု၏ အပူချိန်သည် ပျမ်းမျှထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်မှ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ပိုနေသည့်အတွက် အယ်လ်နီညို ပေါ်နေသည်ဟု သတ်မှတ်ခြင်း ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ပေါ်လေ့ရှိရာ ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညိုကြောင့် ၁၉၉၈ ခုနှစ်တွင် စံချိန်တင် ပူခဲ့ပြီး မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းတို့ အထူးများပြားခဲ့သည်။ ၂၀၀၆-၀၇ ခုနှစ်အတွင်း အယ်လ်နီညို ဖြစ်ပေါ်စဉ်က အပူချိန်သည် ၀ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် အမြင့်ဆုံး တက်ခဲ့သည်။ ယခုအယ်လ်နီညိုသည် ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညိုပြီးလျှင် ဒုတိယ အားအကောင်းဆုံး ဖြစ်ဖွယ်ရှိပြီး ၂၀၀၉-၂၀၁၀ ဆောင်းရာသီတစ်လျှောက်လုံး ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းရသည်။ ဗြိတိန်နိုင်ငံ ရာသီဥတု ခန့်မှန်းရေးနှင့် သုတေသန ဆိုင်ရာ ဟက်ဒလီဌာနမှ ခရစ္စဖော်လန်က ပူနွေးမှုများကို လွန်ခဲ့သောနှစ်များအတွင်းကထက် လာမည့်နှစ်တွင် ပိုမိုတွေ့ကြုံကြရမည်ဟု ပြောသည်။ 

အယ်လ်နီညို ပေါ်လာနိုင်ဟု ဆို 
အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ မျက်နှာပြင်အပူချိန် တက်လျက်ရှိရာ ယခုနွေတွင် အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်ရန် အလာအလာရှိကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုကြီးကြပ်ရေးအဖွဲ့က ကြေငြာသည်။ ကွန်ပျူတာမော်ဒယ်အချို့က အယ်လ်နီညို ပေါ်နိုင်ကြောင်း ခန့်မှန်းသော်လည်း အချို့မော်ဒယ်များကမူ အယ်လ်နီညို မပေါ်နိုင်ဟု အဖြေထုတ်သဖြင့် တကယ်တမ်း မည်သို့ ဖြစ်လာမည်ကို ပြောရန် စောသေးသည်ဟု ဆိုသည်။ အယ်လ်နီညို ပေါ်ပေါက်လျှင် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဗဟိုပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးပိုရွာပြီး သြစတေးလျမြောက်ပိုင်း၊ အင်ဒိုနီးရှား ဖိလစ်ပိုင်အပါအ၀င် အရှေ့တောင်အာရှဒေသ၊ အရှေ့အာဖရိကနှင့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် ပုံမှန်ထက် ခြောက်သွေ့သော အခြေအနေများနှင့် ကြုံရလေ့ရှိသည်။ အရှေ့အာရှနှင့် မြောက်အမေရိကတွင် ဆောင်းတွင်း အအေးပေါ့သွားမည် ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်တွင် မုန်တိုင်းအရေအတွက် ပိုလာကာ အတ္တလန်တိတ်သမုဒ္ဒရာတွင်မူ မုန်တိုင်း ဖြစ်ပေါ်မှု နည်းသွားတတ်သည်။ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ဘက်တို့တွင် ရေအပူချိန်တက်ခြင်း လက္ခဏာ ရှိသော အယ်လ်နီညိုသည် သမုဒ္ဒရာနှင့် လေထုကြား ဆက်စပ်ပေါ်ပေါက်တတ်သော သဘာဝ ရာသီဥတု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ပျမ်းမျှ ၂ နှစ်နှင့် ၇ နှစ်လျှင် တစ်ကြိမ် ပေါ်ပြီး တစ်ခါ ပေါ်လျှင် ၉ လမှ ၁၈ လ ကြာသည်။ အယ်လ်နီညိုသည် နိုဝင်ဘာမှ ဧပြီလအတွင်း အားအကောင်းဆုံး ဖြစ်သည်။ ပုံမှန်အချိန် အယ်လ်နီညိုပေါ်ချိန် အင်ဒိုနီးရှား၊ သြစတေးလျနှင့် အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ဘက်တွင် ရေပြင် ပူနွေးပြီး ရေထုတွင်း အပူကူးမှု မြန်ဆန်သည်။ အင်ဒိုနီးရှား၊ သြစတေးလျနှင့် အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ဘက်တွင် ရေပြင် အပူချိန် လျော့နည်းသည်။ ပူနွေးသော ရေများ အရှေ့ဘက်သို့ ရွေ့သွားသည်။ တောင်အမေရိကတိုက်၏ အနောက်ဘက် ကမ်းရိုးတန်းတွင် ရေပြင် အေးမြသည်။ တောင်အမေရိကတိုက်၏ အနောက်ဘက် ကမ်းရိုးတန်းတွင် ရေပြင် နွေးထွေးသည်။ အပူပိုင်းဒေသတွင် အရှေ့ဘက် ကုန်သည်လေ အားကောင်းသည်။ အပူပိုင်းဒေသတွင် အရှေ့ဘက် ကုန်သည်လေ အားနည်းသည်။ အယ်လ်နီညိုနှင့် ဆန့်ကျင်ဘက် အခြေအနေကို လာနီညာဟု ခေါ်သည်။ လာနီညာ၏ လက္ခဏာမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ဘက်တို့တွင် ရေအပူချိန် ကျပြီး ကုန်သည်လေ အားကောင်းသည်။ အရှေ့တောင်အာရှ အပါအ၀င် အချို့ဒေသများတွင် မိုးပိုရွာသည်။ လာနီညာသည်လည်း ပျမ်းမျှ ၂ နှစ်နှင့် ၇ နှစ်လျှင် တစ်ကြိမ် ပေါ်ပြီး တစ်ခါ ပေါ်လျှင် ၉ လမှ ၁၈ လ ကြာသည်။ အယ်လ်နီညိုနှင့် လာနီညိုတို့ကြောင့် ဖြစ်ပေါ်သော မိုးခေါင်ခြင်း၊ မိုးပိုခြင်း၊ ပူခြင်း၊ အေးခြင်းစသည်တို့သည် သဘာဝဖြစ်စဉ်များသာ ဖြစ်ပြီး လူတို့ကြောင့် ဖြစ်ပေါ်သည့် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ပေါ်ပေါက်သော ဖြစ်စဉ်များနှင့် ကွဲပြားစွာ သိရှိရန် လိုသည်။ source/ changingclimate asia

0 comments: