Monday, August 05, 2013

မင်းမှာ ကတိ လူမှာသစ္စာ

စကားမစပ် ပြောချင်တာလေးတစ်ခုရှိတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်းတစ်ယောက်အကြောင်းပါ။ ဂျပန်နိုင်ငံရေးကို စိတ်ဝင်စားသူတွေတော့ သိကြမယ်။ သူက ၂၀၁၁ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန်ယူသွားတဲ့ ဟတိုယာမ။ ဂျပန်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အနေနဲ့ ၂၀၁၁ခုနှစ်ရွေးကောက်ပွဲမှာ သူတို့ပါတီအာဏာရပြီး အစိုးရဖွဲ့နိုင်ရင် အိုကီနာဝါ စစ်အခြေစိုက်စခန်းကို ရွှေ့ပေးမယ်လို့ ကတိပေးပြီး ပြိုင်တယ်။ အနိုင်ရပြီး ဝန်ကြီးချုပ်အနေနဲ့ အစိုးရဖွဲ့အလုပ်လုပ်တော့ သူပေးထားတဲ့ကတိတည်ဖို့ အတော်ကြီးမလွယ်ကူမှန်း သိသွားတယ်။ အိုကီနာဝါကျွန်းမှာ ရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းနဲ့ ပတ်သက်ပြီး ဂျပန်လူမျိုးတွေမှာ အတော်ကလေး ကသိကအောက်ဖြစ်ရတဲ့ သမိုင်းကြောင်းတွေရှိတယ်။ ဆိုတော့ ဒီကိစ္စက အင်မတန် ထိလွယ်ခိုက်လွယ်ကိစ္စလည်းဖြစ်တဲ့အပြင် ဂျပန်-အမေရိကန် ဆက်ဆံရေး မထိခိုက်ဖို့ကလည်း အရေးကြီးတယ်။ အဲတော့ အိုကီနာဝါကိစ္စကို ဂျပန်အစိုးရအဆက်ဆက် ဝန်ကြီးချုပ်အဆက်ဆက် သိပ်မထိ၊ မတို့ရဲဘူး။ အဲဒါကို ထိလိုက်ရင် နိုင်ငံရေးအရ တိုက်ခိုက်ခံရနိုင်တယ်ဆိုတာ သိကြတာကိုး။ ဟတိုယာမကတော့ မဲဆန္ဒရှင်ပြည်သူတွေကို သူကတိကဝတ်ပြုထားတဲ့ ကိစ္စ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိလာတယ်။ မလွယ်ကူတဲ့ ကိစ္စဖြစ်ပေမယ့် အောက်ထစ်ဆုံးရလာဒ်တစ်ခုခုတော့ ရအောင်လုပ်မှဖြစ်မယ်ဆိုတာသိတဲ့အတွက် အမေရိကန်အစိုးရနဲ့ ညှိနှိုင်းတယ်။ နောက်ဆုံးတော့ စစ်အခြေစိုက်စခန်းကို အိုကီနာဝါကျွန်းပေါ်က အခြားတစ်နေရာကို ရွေ့ဖို့ သဘောတူညီချက်ရတယ်။ 

ဒီနေရာမှာ ဂျပန်အစိုးရအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုရှိတယ်။ အမေရိကန်နဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကက်ဘိနက်တစ်ဖွဲ့လုံးရဲ့ သဘောတူညီပြီး လက်မှတ်လိုတယ်။ ကံဆိုးချင်တော့ ဟတိုယာမတို့ ဒီမိုကရက်တစ်ပါတီရဲ့ အကြီးဆုံး မဟာမိတ်ပါတီတစ်ခုရဲ့ခေါင်းဆောင်လည်းဖြစ် သူ့အစိုးရအဖွဲ့မှာ ဝန်ကြီးတစ်ဦးလည်းဖြစ်သူ အမျိုးသမီးက လက်မှတ်မထိုးဘူး။ အဲတော့ ဟတိုယာမဘာလုပ်သလဲဆိုတော့ လက်မှတ်ထိုးတဲ့အစည်းအဝေးမှာ အဲဒီအမျိုးသမီးဝန်ကြီးကို တာဝန်ကနေ ရပ်စဲလိုက်တယ်။ ပြီးတော့မှာ ကျန်တဲ့ ဝန်ကြီးအားလုံးလက်မှတ်နဲ့ အဲဒီသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ပေးတယ်။ အဲဒါလည်းလုပ်ပြီး ဘာမှ မကြာဘူး။ သူလည်း နှုတ်ထွက်ရတာပဲ။ တကယ်ဆို သူလည်းသိတယ်။ ဒီကိစ္စ လုပ်ပြီးတာနဲ့ သူလည်း အနှေးနဲ့ အမြန် ဝန်ကြီးချုပ်ရာထူးက ဆင်းပေးရမယ်ဆိုတာ။ အဲဒါကို သိသိချည်းနဲ့ သူ့မဲဆန္ဒရှင် ပြည်သူကို သူပေးထားတဲ့ ကတိတည်အောင် ဝန်ကြီးချုပ်ရာထူးနဲ့ ရင်းပြီး ပြတ်ပြတ်သားသား လုပ်သွားတာ။ တိုင်းပြည်ကတော့ သူ့ကို ကျေးဇူးတင်တယ်။ ဂျပန်-အမေရိကန် ဆက်ဆံရေးကတော့ နည်းနည်း အဖုအထစ်ဖြစ်သွားတယ်။ သူ့ပြိုင်ဖက်ပါတီတွေရဲ့ တိုက်ခိုက်မှုခံရတယ်။ နိုင်ငံရေးအရ သူ ဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်ရတယ်။ ဒါပေမယ့် သူ့ကြည့်ရတာ အဲဒါကို နောင်တရပုံမပေါ်ဘူး။ သူ့ပြည်သူကို ပေးထားတဲ့ကတိ တည်အောင် သတ္တိရှိရှိ ရဲရဲရင့်ရင့် ဆုံးဖြတ်ချက်ချသွားတယ်။ 

ဘာရယ်မဟုတ်ပါဘူး။ ဒီကနေ့ နိုင်ငံတကာကကော ကိုယ့်ပြည်သူတွေကပါ အားကိုးတကြီး၊ မျှော်လင့်တကြီးနဲ့ စောင့်ကြည့်နေပြီး ရိုးဂုဏ်ကြောင့် အများစုရဲ့ယုံကြည်မှုလည်း အတော်အတန်ရလာတဲ့ သမ္မတကြီးနဲ့ ပြည်သူအားလုံးက ယုံကြည်ထိုက်သူတွေ ဟုတ် မဟုတ် အငြင်းပွားဖွယ် ဖြစ်နေတဲ့ သူ့ ဘက်ဘိနက်အဖွဲ့ သတိပြုမိစေချင်လို့ပါ။

ဖေ့ဘုတ်comments မှ