တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့တတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်းကို ဝင်ရောက်ဆောင်ရွက်ကြဖို့ ကမ်းလှမ်းသလို ကြားဖြတ်ရွေးကောက်ပွဲမှာ အဖွဲ့ချုပ် အနိုင်ရရှိဆောင် ပံ့ပိုးကြဖို့ ကမ်းလှမ်းခဲ့တယ်လို့ အဲဒီပွဲကိုရောက်ခဲ့တဲ့ မခင်မိုးအေးက ပြောပါတယ်။
“အဓိကရည်ရွယ်ချက်ကတော့ အန်တီအခုသွားမယ့် ရွေးကောက်ပွဲကို ဝန်းရံရေး၊ ဝင်ချင်တဲ့လူတွေကလည်း အန်အယ်လ်ဒီကို ဝင်ရောက်ပြီး ဝိုင်းရံရေးပေါ့နော်။ ဒါလေးကို ဦးတည်ပြီး အန်တီနဲ့ ဆွေးနွေးတဲ့အချိန်မှာ သူ့အနေနဲ့ကတော့ ဒီရွေးကောက်ပွဲမှာ သူ့ကို နိုင်အောင်လို့ ဝိုင်းပြီးတော့ လုပ်ပေးကြပါ။ နောက် အန်အယ်လ်ဒီကို တတ်နိုင်ရင်လည်း ဝင်ကြပါပေါ့နော် အန်တီက အဲဒီလိုပြောတယ်။ ကျမတို့အားလုံးကလည်း နိုင်တဲ့ဘက်ကနေပြီးတော့ ဝင်ချင်တဲ့လူတွေလည်း ရှိကြသလို၊ မဝင်ဘူးဆိုရင်လည်း ဘေးကနေပြီးတော့ ကျမတို့ တတ်နိုင်သလောက် အောင်နိုင်ရေးအတွက် ဝိုင်းလုပ်ပေးကြမယ်လို့ ကျမတို့ ဒီနေ့ အဲဒါကို ပြောခဲ့ကြပါတယ် ဆွေးနွေးခဲ့ကြပါတယ်။”
ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အနိမ့်ဆုံးအားဖြင့် ပြည်သူလူထုအတွက် ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ ပညာပေးရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ လည်း သူတို့ဘက်က ကတိပြုခဲ့ကြပါတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူတို့ပြုစုထားတဲ့ စာရင်းအရ ဒီလ ၁၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦး လွတ်လာတဲ့စာရင်းနဲ့ လက်လှမ်းမီသလောက် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇၅ ဦး စာရင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ပေးအပ်လိုက်တယ်လို့ သူက ပြောပါတယ်။
ပြည်သူလူထုရဲ့ စားဝတ်နေရေးအခက်အခဲတွေ အခြေအနေတွေကို လက်လှမ်းမီသလောက် ကွင်းဆင်းပြီး စာတမ်းပြုစုတင်ပြပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့တွေ့ဆုံရာမှာ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလုပ်ရင်း ထောင်ကျလို့ ပညာရေး တပိုင်းတစ ဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာ သိခဲ့ရတယ်လို့ သွားတွေ့သူ တဦး ဖြစ်တဲ့ ကိုထွန်းကြည်က ပြောပါတယ်။
“သူ့သားတွေ၊ သူ့တူတွေ၊ မိသားစုလို သူက ခံယူပြီးတော့ဗျာ
ကျနော်တို့ထဲမှာလည်း တော်တော်များများများက ကျောင်းပညာကို
ဆုံးခန်းတိုင်အောင် မသင်ဖြစ်လိုက်ဘူးပေါ့ဗျာ။ အဲဒီအပေါ်မှာ သူ့အနေနဲ့
အတတ်နိုင်ဆုံး ပညာရေးနဲ့ ပတ်သက်လို့ သူ အတတ်နိုင်ဆုံး ကျနော်တို့ကို
ဆုံးခန်းတိုင်အောင် နောက်ဆုံးအဆင့်ဗျာ၊ စာပေးစာယူ နည်းနဲ့သော်လည်းကောင်း၊
နောက်တော့ ပြည်တွင်းကို ပြည်ပက ပညာရှင်တွေကို ခေါ်ပြီးတော့ အဆင်ပြေအောင်
ဆောင်ကျဉ်းပေးမယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးပါတယ်။”
သတင်း။ ။DVB
.
0 comments:
Post a Comment