DAw Aung San Suu Kyi in Karen dress
မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။ ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ လွင်ပြင်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။ ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း လွင်ပြင်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။ ၁၉၄၆-ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံဘုရား ကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်ေ
တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော သဘောထားများ
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှအလယ်ပိုင်းကုန်းမြေမှ ဆင်းသက်ပေါက်ဖွား လာကြသည့် တိုင်းရင်းလူမျိုး၊ မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းလူမျိုးများ၊ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင် ဖြစ်ပေသည်။
၂။ သို့ဖြစ်ရာ လူမျိုး တစ်မျိုးနှင့် တမျိုး၊ လူမျိုးစု တစုနှင့်တစုတို့သည် အပြန်အလှန် ယုံကြည်မှု ရရှိကြရန်၊ တန်းတူရည်တူ ဆက်ဆံကြရန် အရေးကြီးပေသည်။ လူမျိုးကြီး၊ လူမျိုးငယ် ဟူသော ပြဿနာများ၊ တောင်ပေါ်နှင့် မြေပြန့်ဟူသော အစွဲအလမ်းများကို အပြီးအပိုင် ဖျောက်ဖျက်ပြီး၊ ပြည်ထောင်စုတခုအတွင်းထဲမှ ပေါက်ဖွား လာသော ညီအကို တိုင်းရင်သားများအဖြစ် စွဲမြံစွာ ခံယူကြအပ်ပေသည်။
၃။ ဤတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်း ထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစား တည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်း ပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကား တို့ကို အရေးထားရမည် ဖြစ်သော်လည်း၊ စင်စစ်မှာ အေးတူ ပူအမျှ၊ ကောင်းတူဆိုးဆက် ပူးပေါင်း နေလိုသော အစဉ်အလာ ဆန္ဒအပေါ်တွင်၊ ဝံသာနုရက္ခိတာတရားသည် တည်နေပေ၏” ဟူသော မိန့်ကြားချက်ကို တိုင်းသူပြည်သားအားလုံးက လမ်းညွှန်အဖြစ် ခံယူကြရန် လွန်စွာမှ အရေးကြီးပေသည်။
၎။ သို့မှသာလျှင် “ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်”၊ တနည်းအားဖြင့် “စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်သစ်” ကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး၊ တိုင်းရင်းသား လူမျိုးအားလုံး၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် သွားနိုင်ကြပေမည်၊ သို့မှသာလျှင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မာပြီး တိုင်းရင်းသား လူမျိုးများ အကြားတွင် ထာဝရ ငြိမ်းချမ်းသာယာမှု ထွန်းကားနိုင်မည် ဖြစ်ပါသည်။
၅။ ထိုအမြော်မြင်ကြီးမားသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ တိုင်းရင်းသား လူမျိုးခေါင်းဆောင်ကြီးများသည် ကိုလိုနီနယ်ချဲ့၏ ထမ်းပိုးအောက်မှ လွတ်မြောက်၍ အချုပ်အခြာ အာဏာပိုင်သော “ပြည်ထောင်စုနိုင်ငံတော်” ကို ကျစ်လစ် ခိုင်မာစွာ တည်ဆောက်နိုင်ရန် ပင်လုံညီလာခံ ကျင်းပ၍ အကြေအလည် ညှိနှိုင်း ဆွေးနွေးကြချက်-
“…တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝ ပြုကူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်။”
“တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” - ဟူသော အချက်များကို အလေးထားကာ၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်၊ ရှမ်းပြည် ပင်လုံမြို့၌ သဘောတူ စာချုပ် ချုပ်ဆိုပြီး၊ လွတ်လပ်ရေးကို အတူတကွ ပြန်လည် အရယူခဲ့ကြပေသည်။
၆။ ဤသို့အားဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူရှိမှုကို လည်းကောင်း၊ နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ရရှိရေးကိုလည်းကောင်း မိသားစုစိတ်ဓါတ်၊ သို့မဟုတ်၊ ပင်လုံစိတ်ဓါတ်ဖြင့် အသိအမှတ်ပြုသဘော တူခဲ့ကြပေသည်။
ရ။ ဤသည်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက်ခံယူ၍ စစ်မှန်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူပြည်သားအားလုံးနှင့် အတူ တက်ညီလက်ညီ တည်ဆောက်သွားကြရန် အခိုင်အမာ သံန္နိဋ္ဌာန်ချမှတ်ခဲ့ပေသည်။
“တိုင်းရင်းသားလူမျိုးအသီးသီးသည် မိမိတို့ ရပိုင်ခွင့်များနှင့် တာဝန်ယူမှုတို့တွင် တန်းတူ ရည်တူ ရှိစေရမည်။ ထို့အပြင်-
(က) တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့်၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမည်။
(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေးတန်းတူရည်တူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အခွင့်အရေးမပေးရေးနှင့် လူမျိုးနွယ် လူမျိုးစု အားလုံး၏ ခံစားထိုက်၊ ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ခြယ် ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။
(ဂ) တိုင်းရင်းသား လူမျိုးများ အားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍ စသော နယ်အသီးသီး၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့အညီ ဦးတည်ရှေးရှုမည်။
(ဃ) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မပေါ်ပေါက်မီ ကြားကာလ အစီအစဉ်ဖြင့် ပြည်သူ့လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ရှိပြီးသားပြည်နယ်များအတွက် အာဏာပိုင် အဖွဲ့များ ဖွဲ့စည်းပေးမည်။
(င) နယ်ပယ်အသီးသီး၌ တိုင်းရင်းသားလုမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီးတခုလုံးနှင့်၊ ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသအစိတ်အပိုင်း အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရှေးရှုမည်။
(စ) ဒီမိုကရေစီစနစ် အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးအားလုံး သွေးစည်းညီညွတ်ရေး တည်းဟူသော ဒီမိုကရေစီလူ့ဘောင်၏ အခြေခံအုတ်မြစ်ကြိးများကို အခိုင်အမာချနိုင်စေရန်အလို့ငှါ၊ ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂါတ် ခရီး လမ်းညွန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံ တရပ်ကို ခေါ်ယူကျင်းပမည်၊
(ဆ) တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်စေခွင့် ရှိစေရမည်။
(ဇ) တိုင်းရင်းသားလူမျိုးများသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ အစရှိသည်များကို ပြည်ထောင်စုတစ်ခုလုံး အတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက် စေရမည်” ဟု တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသဘောထားသည်။
ပြည်ထောင်စုနေ့သမိုင်းကိုးကားချက်။။ Myanmar Online Encyclopedia ၀ဒ်ဆိုဒ်မှ
0 comments:
Post a Comment