Monday, January 24, 2011

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ (အာအက်ဖ်အေမှ စီစဉ်တင်ဆက်သည်) (၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၁ ရက်)


မေး။    ။ ကိုအောင်ဇော်ရှား ( နိုင်ငံရေးအကျဉ်းသားဟောင်း) ထိုင်း၊မြန်မာနယ်စပ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာ ငါးနှစ်နေခဲ့ပြီး အမေရိကန်နိုင်ငံကိုရောက်ခဲ့တာ တစ်လကျော်ပါပြီခင်ဗျာ၊ ဗမာနိုင်ငံမှာ အသက်ပြည့်သူတိုင်း စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အစိုးရက ပြဌာန်းလိုက်တယ်လို့ သတင်းရပါတယ် ခင်ဗျာ၊ ကျနော့်အနေနဲ့ စစ်မှုထမ်းဥပဒေက လွတ်မြောက်ခဲ့ပေမယ့် ပြည်တွင်းမှာရှိနေတဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသား ညီအကို မောင်နှမများ ဒီစစ်မှုထမ်းဥပဒေမှာ ပိုလို့ ဆိုးတဲ့ဘဝတွေနဲ့ ရင်ဆိုင်ရမယ်လို့ ထင်ပါတယ်၊ အန်တီ့အနေနဲ့ ဒီဥပဒေအပေါ်မှာ ဘယ်လို ဆန္ဒသဘောထား ရှိပါသလဲဆိုတာကို ကျနော် မေးချင်ပါတယ်ခင်ဗျာ၊    

ဖြေ။    ။ စစ်မှုမထမ်းမနေရ ဥပဒေဟာ မြန်မာနိုင်ငံလူငယ် လူရွယ်တွေ နဲ့ မိမိတို့ မိသားစုဝင်တွေအတွက် အင်မတန်မှ ပူပင်စရာ တွေဖြစ်နေပါတယ်၊ အန်တီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောကတော့ ဒီလို ဥပဒေမျိုးကို ထုတ်သင့် မထုတ်သင့် သေသေချာချာ စဉ်းစားရုံတင်မက အများပြည်သူနားလည်အောင် ရှင်းပြပြီး ပြည်သူတွေရဲ့ တုန့်ပြန်မှုကိုလည်း အလေးအနက်ထားဖို့လိုပါတယ်၊   မေး။    ။ ဦးစိန် (ဂျပန်နိုင်ငံ) မြန်မာနိုင်ငံရဲ့ တရားဥပဒေ ရိုင်းစိုင်းမှုရဲ့သရုပ်ကို ဖော်ထုတ်ပြသတဲ့အနေနဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့အဖွဲ့ဟာ ဒီလို မတရားတဲ့ တရားရုံးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့ရင်းက ပိုမိုကြီးလေးတဲ့ အပြစ်ဒဏ်ကို ချခံရမယ်ဆိုတာ သိသိကြီးနဲ့ အမှန်တရားအတွက် သူတို့ရဲ့ ဘဝတွေကို ထပ်မံပေးဆပ်ခဲ့ကြတယ်၊ ဥပဒေရေးရာကိစ္စတွေဟာ အချက်အလက်တွေ စည်းမျဉ်း ပုဒ်မတွေနဲ့ ဘောင်ခတ်ထားပြီးထားဖြစ်လို့မိုလို့ ဆုံးရှုံးနစ်နာမှုတွေကို ခံစားမှုနဲ့ တိုင်းတာခြင်းမဟုတ်ပဲနဲ့ အချက်အလက်ပုဒ်မတွေနဲ့ တိုင်းတာဖြစ်လို့မို့ ပိုပြီးတင်းကျပ်စွာ သရုပ်ဖော်နိုင်ပါတယ်၊ ဒါကြောင့်မို့လို့ လက်ရှိတရားစွဲခံ ပုဂ္ဂိုလ်များကို ကူညီကြမယ့် အန်န်အယ်လ်ဒီဥပဒေရေးရာအထောက်အကူပြု အဖွဲ့လုပ်ငန်းများအပြင် အန်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေ နဲ့ ဘဝစုံလူငယ်များကို Rule of Law တရားဥပဒေ ရက်တိုသင်တန်းပေးနိုင်မလားဆိုတာ သိလိုပါတယ်၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရစဉ်ကာလမှာ အန်န်အယ်လ်ဒီလုပ်ငန်းများ နှောင့်နှေးမှုနဲ့ မြန်မာ့ဒီမိုကရေစီရေး တုံ့ဆိုင်းမှု များ ခံစားခဲ့ရပြီး ဖြစ်လို့မို့ ခုလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် နောက်တဖန် ထိန်းသိမ်းခံရပြန်ရင် ယခင်ကိစ္စအဖြစ် မျိုး အန်န်အယ်လ်ဒီ မကြုံရလေအောင် ပြင်ဆင်ထား၊ မထားသိလိုပါတယ်၊ ကျေးဇူးတင်ပါတယ်၊    

ဖြေ။    ။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဥပဒေစိုးမိုးရေးကို အင်မတန်မှ အလေးထားတာကြောင့်မိုလို့ ကျမတို့ ဥပဒေသင်တန်းတွေ ဟောပြောပွဲတွေလုပ်ခဲ့ပါတယ်၊ ဒိအပြင် ခုတလောမှာဆိုရင် ဥပဒေအကြောင်း ပိုပြီးသိချင်ပါတယ် ဆိုတဲ့ အသံတွေလည်း ကျမတို့ ကြားရပါတယ်၊ ၂၈ ရက်နေ့မနက်ကလုပ်ခဲ့တဲ့ အန်န်အယ်လ်ဒီမဟုတ်တဲ့လူငယ်များနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဆိုလို့ရှိရင်လည်း ဒီလိုအသံတွေပေါ်ထွက် လာပါတယ်၊ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ဥပဒေသင်တန်းတွေ ဥပဒေဟောပြောပွဲတွေကို တိုးချဲ့ပြီးလုပ်ဖို့ အစီအစဉ်ရှိပါတယ်၊ ကျမသာ အထိန်းသိမ်းခံရခဲ့လို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်လုပ်နိုင်အောင် ဘယ်လိုစီစဉ်ထားလဲဆိုတာကို ဖြေရမယ်ဆိုလို့ရှိရင် ကျမတို့ဟာ လူတိုင်း လူတိုင်း ဟာကိုယ်ရဲ့အနေအထားအခြေအနေကို ကြည့်ပြီးတော့ လုပ်တတ် ကိုင်တတ်အောင် သင်ပေးတာဟာ အကောင်းဆုံးပဲ လို့ ထင်ပါတယ်၊ ဒီလိုဖြစ်ရင် ဒီလိုလုပ်ဆိုပြီးတော့ အလွတ်ကျက်ပြီးတော့သင်ပေးလို့ မရပါဘူး၊ စဉ်းစားဆင်ခြင်ပြီးတော့ သေသေချာချာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်မယ့်စွမ်းအားတွေရှိလာအောင် ကျမတို့ ကြိုးစားပြီးတော့လုပ်ပေးနေပါတယ်၊    

မေး။    ။Ms. Elke Kuijper (နယ်သာလန်) မင်္ဂလာပါ ဒေါ်အောင်ဆန်းစုကြည်၊ / I'm very happy and  can I ask you a question. An order to bring real change in Burma you need Unity, Unity between different ethnic group, Unity between Burmese people in General, and there are many also many different opposition working ........ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေအမှန်တကယ်ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာရော၊ မြန်မာလူထု အချင်းချင်းကြားမှာ ရော မြန်မာ့အရေးဆောင်ရွက်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြားမှာပါ ညီညွတ်ရေးရရှိမှဖြစ်မယ် လို့ထင်ပါတယ်၊ အဲဒီလူပုဂ္ဂိုလ် အားလုံးကို ညီညွတ်အောင် ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်ဆောင်နေပါသလဲရှင်၊ အခုလို မေးမြန်းခွင့်ရတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်ရှင်၊    

ဖြေ။    ။ ပြည်ပရောက်မြန်မာအတိုက်အခံအုပ်စုတွေကြားထဲမှာ ညီညွတ်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဟော်လန်က အယ်လ်ကာရဲ့ မေးခွန်းကို ကျမတို့ပြည်တွင်းမှာ ညီညွတ်မှုရအောင် ဘယ်လိုလုပ်နေသလဲဆိုတာကို ပြောရင်းနဲ့ ဖြေပါရစေ၊ အခုဆိုရင် ကျမတို့ဟာ ပြည်သူတွေ အများပါဝင်နိုင်မယ့် နိုင်ငံရေး လူမှုရေးကွန်ယက်တခုကို ထူထောင်ဖို့ ကြိုးစားနေပါတယ်၊ အဲဒီလိုထူထောင်တဲ့နေရာမှာ တူညီတဲ့သဘောထားတွေ အပေါ်မှာ အခြေခံပြီး လုပ်ငန်းတွေကို အတူလုပ်ဖို့ စပြီးတော့ ကြိုးစားနေပါတယ်၊ အဲဒီလိုကြိုးစားတဲ့နေရာမှာ အောင်မြင်မှုအတိုင်းအတာဟာ ရသင့်သလောက် စပြီးတော့ ရနေပြီလို့ ကျမ ပြောနိုင်ပါတယ်၊ အဲဒါကြောင့်မို့လို့ အဝေးမှာရောက်နေတဲ့အတိုက်အခံအုပ်စုများဟာလည်း တူညီတဲ့လုပ်ငန်းတွေကို တွဲပြီးလုပ်ရင်းနဲ့ ပိုပိုပြီး ညီညွတ်လာအောင် ကြိုးစားကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်၊  

  မေး။    ။ ကိုနေလင်း (အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်) ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ၊ လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်ပမှာရှိတဲ့လူငယ်တွေကြားထဲမှာ နည်းနည်းလေး ရှုတ်ထွေး နေပါတယ်၊ ကိုမျိုးရန်နောင်သိန်းက အမေစုရဲ့ လမ်းညွန်မိန့်ကြား ဦးဆောင်မှုနဲ့ အမျိုးသား လူငယ်ကွန်ယက်ကို စတင်တည်ထောင် ထားတယ်လို့ ကျနော်တို့ ကြားလိုက်ရပါတယ်၊ တချိန်တည်းမှာပဲ အန်န်အယ်လ်ဒီ လူငယ်တွေဟာလည်း လူငယ်ကွန်ယက်လုပ်ပြီးတော့ လူမှုရေးလုပ်တာတွေ၊ သွေးလှူတာတွေလုပ်တယ်လို့ ထပ်ဖတ်ရပါတယ်၊ ကျနော်တို့ ပြည်ပမှာရှိနေတဲ့လူငယ်တွေအနေနဲ့ ပြည်တွင်းနဲ့ ချိတ်ဆက်ပြီး လုပ်ရှားမယ်ဆိုရင် နည်းနည်းလေး အမြင် ရှုတ်ထွေးမှုတွေဖြစ်လာပါတယ် ၊ ဘယ်သူနဲ့ ချိတ်ဆက်ပြီးလှုပ်ရှားမလဲဆိုတာကအစပေါ့၊ ဖြစ်နိုင်ရင် အန်တီစု အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြစေချင်ပါတယ်ခင်ဗျာ၊ အန်တီစုကျမ်းမာပါစေ၊  

ဖြေ။    ။ ကွန်ယက်ရဲ့သဘောတရားကတော့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေဟာ မိမိတို့ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျကျ လုပ်ဆောင်နေမှုတွေ အပေါ်မှာအခြေခံပြီး တဦးနဲ့ တဦးဆက်သွယ်ချင်းအားဖြင့် အင်အားကြီးမားခိုင်မာတဲ့ ပြည်သူ့ကွန်ယက် ကြီးတခုပေါ်လာဖို့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ လူငယ်အစုအဖွဲ့တွေ ဆက်သွယ်တဲ့အခါမှာ အန်န်အယ်လ်ဒီနဲ့ ပတ်သက်တဲ့အဖွဲ့ အန်န်အယ်လ်ဒီနဲ့ မပတ်သက်တဲ့ အဖွဲ့ရယ်လို့ ခွဲခြားတာမျိုးမဟုတ်ပဲ တူညီတဲ့ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ အခြေခံပြီး ဆက်သွယ်ရမှာ ဖြစ်ပါတယ်၊ တဖွဲ့နဲ့ ဆက်သွယ် ထားလို့ နောက်တဖွဲ့နဲ့ မဆက်သွယ်ရ ဘူးဆိုတာလည်းမဟုတ်ပါဘူး၊ ဆက်သွယ်မှုတွေနည်းနည်း များများ ၊ အရေးကြီးတာက ခိုင်မာပြီး ပြည်သူ့ဒီမိုကရေစီရေးအတွက် အကျိုးရှိဖို့သာ လိုပါတယ်၊ အခုအချိန်မှာ အရင်ကမသိခဲ့ရတဲ့ လူငယ်အဖွဲ့ကလေးတွေ ပေါ်လာနေတာ တွေ့ရလို့ ဆက်သွယ်နိုင်တဲ့အဖွဲ့တွေအများကြီးလို့ ပြောနိုင်ပါတယ်၊    

မေး။    ။ ဦးကျော်သိန်းစိုး (အင်ဒီယားနားပြည်နယ်) ကျောင်းဆရာတစ်ဦး ကျနော့်နာမည် ဦးကျော်သိန်းစိုးပါ၊ ကျနော် မြန်မာလူမျိုးပေါင်းခုနှစ်ထောင်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းòမိ့မှာ နေပါတယ်၊ ကျနော် မြန်မာကလေးများ ပညာရေးတိုးတက်စေရန်အတွက် ပညာရေးပံ့ပိုးပေးသည့်လုပ်ငန်းကို အင်ဒီယားနားတက္ကသိုလ် မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ဦးဆောင်ညွန်ကြားမှုပေးနေသူတဦးဖြစ်ပါတယ်၊ ကျနော် ၂ဝဝ၄ ခုနှစ်ကနေစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီရေးóကိးပမ်းနေပုံကို သိမြင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပညာရေးပွဲတော်လို့ အမည်သတ်မှတ်ပြီးတော့ နှစ်စဉ် ဒေါ်စုရဲ့မွေးနေ့ မှာ ဒီတက္ကသိုလ်ကြီးမှာ တခမ်းတနားပြုလုပ်ပေးနေသူဖြစ်ပါတယ်၊ ကျနော်ရဲ့အလုပ်က မြန်မာကလေးများကို ပညာရေးပံ့ပိုးပေးတဲ့ အလုပ်ဖြစ်တဲ့ အတွက် ဒီòမိ့မှာရှိတဲ့မြန်မာကလေးပေါင်း တထောင့်ခြောက်ရာလောက်ဟာ မြန်မာနိုင်ငံရဲ့အကြောင်းကို အကန့်အသတ်နဲ့သော်လည်းကောင်း ဃဃနန မသိပဲဖြစ်နေတဲ့အတွက်သော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို ဘာပြောလိုပါ သလဲ၊ မြန်မာမိဘတွေကိုလည်း အမှာစကား ပေးပါ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊   ဖြေ။    ။ ကျမဟာ လူငယ်တွေပညာရေးကို အလွန်အရေးထားတာမို့ ဦးကျော်သိန်းစိုးက နှစ်စဉ် ကျမရဲ့မွေးနေ့မှာ ပညာရေး ပွဲတော်ကျင်းပပေးတယ်ဆိုတာကို ကျေးဇူးတင်တယ်၊ ကျေနပ်မိပါတယ်၊ တော်တော့ကိုကျေးဇူးတင်ပါတယ်၊ ဦးကျော်သိန်းစိုးရဲ့ ပညာရေး ပံ့ပိုးမှုလုပ်ငန်းတွေကိုလည်း အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်၊ မြန်မာနိုင်ငံက ကလေးတွေ နားလည်စေချင်တာကတော့ ဘယ်လို အကြောင်း ကြောင့်ပဲ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတာဖြစ်စေ ဖြစ်စေ ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားတတ်ရင် ကိုယ်ဟာပိုမို ပြီး တော့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်လာမှာပါ၊ ကိုယ့်ရဲ့ ဇစ်မြစ်ကို မငြင်းပယ်ပါနဲ့၊ မိဘတွေကလည်း ကလေးတွေဟာ အမြင်ကျယ်ပြီး မတူတဲ့ယဉ်ကျေးမှုတွေကို ခြုံငုံနားလည် သဘောပေါက်နိုင်အောင်သင်ပေးပါ၊ တနိုင်ငံအတွက်သာမဟုတ်ပဲ လူသားတို့နေထိုင်ရာ ဤကမ္ဘာကြီး အတွက် တန်ဖိုးရှိနိုင်တဲ့ သားသမီးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးစေချင်ပါတယ်၊  

မေး။    ။ စောဘလက်ဆင်ပါ၊ (အမေရိကန်ပြည်ထောင်စု) ကျနော် စောဘလက်ဆင်ပါ၊ အန်တီစုကို ကျနော်မေးချင်တာက ကျနော်တို့ ပြည်ပမှာ နိုင်ငံရေးခိုလှိုခွင့်နဲ့ နေထိုင်သူတွေ၊ ကိုယ့်မွေးရပ်မြေ အမိမြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ဖမ်းဆီးမှုတွေ ရှိနိုင်တယ်ဆိုတာ သံသယဖြစ်စရာပါပဲ၊ ပြည်ပမှာ ခိုလှုံရင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီဆောင်ရွက်ရင်း အာရုံစိုက်ရင်းနဲ့ မြန်မာနိုင်ငံကိုလုံးဝပြန်မရောက်ရှာကြသူတွေလည်း ရှိပါတယ်၊ ကျနော်သိချင်တာက မြန်မာ့နိုင်ငံရေး ဘယ်လိုအခြေအနေမျိုးအထိ တိုးတက်ဖြစ်ထွန်းလာတဲ့အခါကျမှပဲ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ ခိုလှုံနေတဲ့သူတွေဟာ အမိမြေကို သံသယကင်းကင်းနဲ့ ပြန်လာနိုင်မှာလဲဆိုတာ သိချင်လို့ပါခင်ဗျာ၊ အန်တီစုကျမ်းမာပါစေ၊ ကြံဆောင်သမျှ မုချအောင်မြင်ပါစေ၊ ကျေးဇူးတင်ပါတယ်၊  

  ဖြေ။    ။ စောဘလက်ဆင်ဆိုတဲ့နာမည်လေးကို အန်တီ သိပ်ပြီးတော့သဘောကျမိပါတယ်၊ ဘုရားသခင် ကောင်းချီး မြောက်များစွာကို ခံယူရတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပါယ်ပေါ့နော်၊ စောဘလက်ဆင်မေးလိုက်တဲ့မေးခွန်းကလည်း မေးသင့်တဲ့မေးခွန်းပါ၊ နည်းနည်းလေး တော့လည်း ဝမ်းနည်းစရာကောင်းပါတယ်၊ နိုင်ငံခြားမှာ ခိုလှိုနေရတဲ့ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေ ဘယ်တော့ မြန်မာနိုင်ငံကို အေးအေးချမ်းချမ်း လုံလုံ ခြုံခြုံနဲ့ ပြန်လာနိုင်မလဲဆိုတော့ တကယ်တော့ ဒီမှာ လုံလောက်တဲ့ နိုင်ငံရေးအာမခံချက်တွေရှိတဲ့ အခါမှပဲ ဖြစ်နိုင်မယ့် ကိစ္စပါ၊ ဒါကြောင့်မိုလို့ အန်တီတို့အနေနဲ့ အန်တီတို့နိုင်ငံသူ နိုင်ငံသားတွေ ဘယ်မှာပဲ ရောက်နေ ရောက်နေ ပြန်လာချင်တဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ ပြန်လာနိုင်မယ့်အခြေအနေကို အမြန်ဆုံး ဖန်တီးနိုင်အောင်လို့ ကြိုးစားနေပါတယ်လို့တော့ ပြောပါရစေ။ .

0 comments: