Friday, January 07, 2011

သမ္မတအိမ်တော်နှင့် အမျိုးသားလွှတ်တော်ကြီး အပါအဝင် နေပြည်တော်ရှိ ဆောက်လုပ်ဆဲလုပ်ငန်းကြီးများ ၂၀၁၁ နှစ်ဆန်းတွင် ဖွင့်မည်



သမ္မတအိမ်တော်နှင့် အမျိုးသားလွှတ်တော်ကြီး အပါအဝင် နေပြည်တော်ရှိ ဆောက်လုပ်ဆဲလုပ်ငန်းကြီးများ ၂၀၁၁ နှစ်ဆန်းတွင် ဖွင့်မည်
 

၂၀၁၁ နှစ်ဆန်းပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သမ္မတအိမ်ရာနှင့် အမျိုးသားလွှတ်တော် အဆောက်အအုံများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆက်လက်၍ နေပြည်တော် လယ်ဝေးမြို့နယ် အေလာမြို့တွင် ထပ်မံတိုးချဲ့တည်ဆောက်လျက်ရှိသည့် နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား ဖွင့်လှစ်သွားဖွယ်ရာရှိပြီး နောက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ အမျိုးသားပြတိုက်တို့အား(ဥတ္တရသီရိမြို့နယ်တွင်း တည်ဆောက်လျက်ရှိသည်) ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းအပြင် ဇေယျာသီရိမြို့နယ် ခုတင် ၁၀၀၀ ဆံ့ စစ်ဆေးရုံကြီးနှင့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ် အနီးတွင် တည်ဆောက်လျက်ရှိသည့် တပ်မတော်စစ်သမိုင်း ပြတိုက်တို့အား ဖွင့်လှစ်ကြမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် ၂၀၁၁ နှစ်လယ်ပိုင်း၌ နေပြည်တော်၌ လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်း အားကစားပွဲတော်အတွက် နိုင်ငံတကာ အဆင့်မီ အားကစားကွင်းကြီးများဖြစ်သည့် လူ ၃၀၀၀၀ ဆံ့ အားကစားရုံကြီးနှစ်ခုနှင့် အခြားအားကစားရုံများ၊ ရန်အောင်မြင် အပြည်ပြည်ဆိုင်ရာ ဂေါက်ကွင်းတို့အား ဖွင့်လှစ်သွားမည်ဖြစ်သည်။ အပန်းဖြေစခန်းများအဖြစ် နေပြည်တော်၌ တည်ဆောက်လျက်ရှိသည့် တိရစ္ဆာန်ဥယျာဉ်ကြီးနှင့် ကပ်လျက် တည်ဆောက်နေသည့် ဆာဖာရီ သဘာဝတောတွင်းဥယျာဉ်ကြီး၊ ငါးပြတိုက်၊ နေပြည်တော် ပျဉ်းမနားမြို့ ဘောဂသိဒ္ဓိရပ်ကွက်၌ တည်ဆောက်နေသည့် ပန်းပေါင်း ၁၀၀ ပန်းမြိုင်လယ် ဥယျာဉ်ကြီး၊ မဏိရတနာ ကျောက်စိမ်းခန်းမအနီးတွင် တည်ဆောက်လျက်ရှိသည့် ကျောက်စိမ်း ဥယျာဉ်တို့ကိုလည်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ဆီးဂိမ်း အားကစားပွဲတော်သို့ လာရောက်မည့် နိုင်ငံတကာ၊ အားကစားအဖွဲ့အသီးသီးနှင့် ပြည်ပဧည့်သည်များ တည်းခိုနိုင်ရေးအတွက် ရည်ရွယ်၍ ဒက္ခိဏမြို့နယ် ဟိုတယ်ဇုန်၌ နိုင်ငံတကာအဆင့်မီ အထပ်မြင့် ဟိုတယ် ၁၀လုံးတွင် ပထမအဆင့် အနေဖြင့် နေပြည်တော်၌ ကျင်းပခဲ့သော ကျောက်မျက်ပွဲတော်အမီ ပြည်ပဧည့်သည်များ တည်းခိုနိုင်ရန် တစ်ထပ်ဆောင် ဘန်ဂလိုသီးသန့်ခန်းများကို ဟိုတယ်ငါးလုံးမှ ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၁ အတွင်း၌ ၎င်းဟိုတယ် ၁၀ လုံးစလုံး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ၎င်းအပြင် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ဆက်စပ် ဟိုတယ်ဇုန်၌လည်း ဟိုတယ်အထပ်မြင့် အဆောက်အအုံ ၁၉ လုံးအား တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဟိုတယ်ငါးလုံးခန့် တည်ဆောက်ခြင်းလုပ်ငန်းများ စတင်လျက်ရှိကာ ၎င်းဟိုတယ် ၁၉ လုံးစလုံး ၂၀၁၁ အတွင်း အပြီးတည်ဆောက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ အနေဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြန်ကပြေးကျေးရွာအနီး နေပြည်တော်ပျဉ်းမနား တောင်ညို လမ်းမကြီးဘေးတွင် တည်ဆောက်လျက်ရှိသော ခုတင် ၃၀၀ဆံ့ သံဃာ့ဆေးရုံကြီး၊ ဥတ္တရသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ပုဂ္ဂလိကနိုင်ငံတကာ အဆင့်မီမျက်စိလည်ချောင်း နားနှာခေါင်းအထူးကု ဆေးရုံကြီး၊ ပုဗ္ဗသီရိခုတင် ၅၀ ဆံ့ဆေးရုံများ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း မြို့မဈေးကြီး တောင်ဘက်၊ မဏိရတနာ ကျောက်စိမ်း ခန်းမကြီးအနီးတွင် တည်ဆောက်နေသည့် ဇီဝကဆေးဆိုင် နှစ်ထပ်တိုက်ခန်းများ ၊ ပုဗ္ဗသီရိမြို့နယ် အနောက်စတွင် တည်ဆောက်နေသည့် ဇီဝကနှစ်ထပ်ဆေးဆိုင် တိုက်ခန်းများလည်း ၂၀၁၁ အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော ရုပ်ရှင်ရုံ သုံးရုံ ပါဝင်သည့် တုံဂပူရိ နိုင်ငံတကာ အဆင့်မီ Shopping Mall၊ Capital Hyper Mart တို့နှင့် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် နေပြည်တော် Special Economic Zone ဖြစ်သည့် Commercial Complex ကြီးတွင် တည်ဆောက်လျက်ရှိသည့် Ocean Super Center ၊ Western Park Simna Mall၊ Electronic Shopping Center၊  Top Food ၊ Cake Shop ၊ Golden Porther Restaurant ၊ Smart Garden Restaurant ၊ Pyae Phyo Aung Co., Ltd. Showroom ၊ Star World General Showroom ၊ အနော်မာသင်္ကန်းတိုက်၊ Steller Co., Ltd. Showroom စသည့် အဆောက်အအုံများကိုလည်း ၂၀၁၁ အတွင်း အပြီးတည်ဆောက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ဒက္ခိဏသီရိမြို့အတွင်း၌ International School နှင့် နိုင်ငံတော်ဧည့်ဂေဟာတို့ကိုလည်း ၂၀၁၁ အတွင်း အပြီးတည်ဆောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။.

0 comments: