Monday, January 03, 2011

မြန်မာပြည်သည် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း၌ လာနီညာဖြစ်စဉ် ဆက်လက် ရှိနိုင်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုဖောက်ပြန်သော ရာသီဥတုကို ကြုံတွေ့ ရဖွယ်ရှိ

T
6142s
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က မုံရွာမြို့၌ မြူနှင်းများပိတ်ဖုံးနေစဉ်
     ၂၀၁၁ ခုနှစ် တစ်နှစ်တာနှင့် လစဉ်ဖြစ်နိုင်ခြေရှိသည့် ရာသီဥတု အနေအထားများအပေါ် နိုင်ငံတကာ ရာသီဥတုနှင့် မိုးလေ၀သခန့်မှန်းရေး ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ခန့်မှန်းထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီး ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းသည် လာနီညာဖြစ်စဉ်များကို ကြုံတွေ့ရဦးမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်ဟု သတင်းရရှိပါသည်။
     ရာသီဥတု အနေအထားများ အပေါ် အဓိက သက်ရောက်စေသည့် ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုဖြစ်စဉ်နှင့် စွတ်စိုပြီး အေးသော လာနီညာဖြစ်စဉ် စသည့် ဖြစ်စဉ်နှစ်ခုတွင် နှစ်ဦးပိုင်းသည် လာနီညာ၏သက်ရောက်မှုကို ကြုံရ ဦးမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားမိုးလေ၀သဌာန အပါအ၀င် အခြားသောအဖွဲ့အစည်းများ ကလည်း ခန့်မှန်းထားသည်။
    လာနီညာ ရာသီဥတုဖြစ်စဉ် သည် ၂၀၁၀ ပြည့်နှစ် နှစ်လယ် ကျော်လွန်ချိန်တွင် စတင်ခဲ့ပြီး သက်ရောက်မှုများကို နိုဝင်ဘာလ၌စတင် ကြုံတွေ့ရကာ ဒီဇင်ဘာလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလတို့တွင်လည်း သက်ရောက်မှု များ ဆက်လက်ရှိနေမည်ဖြစ်ကာ အေးပြီးစိုစွတ်သော ရာသီအနေအထားကို ကြုံရနိုင်ကြောင်းလည်း သိရှိရသည်။
    ပြီးခဲ့သော ၂၀၁၀ ပြည့်နှစ်သည် သမိုင်းတွင် အပူဆုံးနှစ်တစ်နှစ်များ၌ ပါဝင်လာခဲ့ပြီး ၁၈၅၀ ပြည့်နှစ် မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသော နှစ်သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ် တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က ဆိုထားသည်။
    ဇန်န၀ါရီလမှ အောက်တိုဘာလ အထိ ကမ္ဘာ့လေထုနှင့် ရေထုအပူချိန် သည် ၁၉၆၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် များအတွင်းရှိခဲ့သည့် ပျမ်းမျှအပူချိန်များထက် ၂၀၁၀ ပြည့်နှစ်သည် သုည ဒသမ ၅၅ ဒီဂရီစင်တီဂရိတ် ၀န်းကျင် ပိုမိုခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
     ဆယ်စုနှစ်တစ်ခုစာဖြင့် ကြည့်ပါကလည်း ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိမှာ ၁၉၆၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း ပျမ်းမျှ အပူ ချိန်ထက် ၀ ဒသမ ၄၃ ဒီဂရီစင်တီ ဂရိတ်ပိုမိုခဲ့သည်ဟု သိရှိရသည်။
     မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်သည် နှစ်များစွာထက် အပူချိန်စံချိန် တင်ခဲ့ကာ မိုးခေါင်ခြင်းကိုလည်း ကြုံတွေ့ခဲ့ရသကဲ့သို့ ၂၀၁၀ ပြည့်နှစ် သည် ၂၀၀၉ ခုနှစ်ကိုကျော်လွန်ကာ အပူချိန်စံချိန်တင်သောနှစ်တစ်နှစ် ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်အတွင်း မတ်၊ ဧပြီ၊ မေလများသည် အပူချိန်စံချိန်ကျိုးမှုများ ဖြစ်ပေါ်သည်အထိ စံချိန်တင်ပူပြင်းခဲ့သကဲ့သို့ မိုးရာသီကာလနှင့် မိုးလွန်ကာလတို့ တွင်လည်း အချို့နေရာများတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှု များပင်ရှိခဲ့ကာ ဆောင်းရာသီရောက်ရှိချိန်တွင်လည်း အချို့သောဒေသများ၌ စံချိန်တင်အေးမြမှုများ ရှိလာခဲ့သည်ဟု သိရှိရသည်။
    "တစ်နှစ်ထက် တစ်နှစ် ရာသီဥတု အစွန်းရောက်မှုတွေ တွေ့လာရ တယ်။ တစ်နှစ်ကို တစ်နှစ်က စံချိန် ထပ်ချိုးတယ်။ ဒီနှစ် စံချိန်တင်ပူရင် နောက်နှစ်က ဒီထက်ပိုပူတာတွေရှိ လာတော့ ၂၀၁၁ ဟာ ၂၀၁၀ ထက် သာအောင် ပူတဲ့နှစ်လည်းဖြစ်လာ နိုင်တယ်။ သေချာတာကတော့ ရာ သီဥတုပြောင်းလဲခြင်းကို ကြုံနေရ တဲ့အတွက် အစွန်းရောက်ရာသီဥတု ကို ၂၀၁၁ မှာကြုံရနိုင်ပါတယ်"ဟု Myanmar Climate Change Watch (MCCW)မှ ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။
     ၂၀၁၁ ခုနှစ်၏ အစဦးကာလများသည် လာနီညာ၏ အငွေ့အသက်များ ရှိနေသေးသော ဆောင်းရာသီဖြစ်ပြီး ဒေသအများစုတွင် ပုံမှန်အအေးနှင့် ပုံမှန်ထက် ပိုသော အေးမြမှုကိုကြုံရနိုင်သည်ဟု သိရှိရသည်။
    မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ်မှစတင်သည့် ရာသီဥတုနှစ်ရှည် ပြောင်းလဲခြင်း၊ ၂၀၀၆ ခုနှစ်မှစတင်သည့် နှစ်လတ်ရာသီဥတု ပြောင်းလဲခြင်း၊ ၂၀၀၉၊ ၂၀၁၀ ပြည့်နှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် နှစ်တိုရာသီဥတု ပြောင်းလဲခြင်းတို့ကို တွေ့ကြုံခဲ့ရ ကာ ၂၀၁၁ ခုနှစ်သည်လည်း ရာသီဥတု အစွန်းရောက်မှုနှင့် ပြောင်းလဲမှု တို့ကြုံတွေ့ရသော နှစ်တစ်နှစ်ဖြစ်လာနိုင်သည်ဟု သိရှိရသည်။
    ၂၀၁၁ ခုနှစ်၏ ပထမနှစ်လဖြစ်သော ဇန်န၀ါရီလနှင့် ဖေဖော်ဝါ ရီလတို့သည်အေးမြသောလများ ဖြစ်နိုင်ကာ ဖေဖော်ဝါရီလကုန်အထိ အေးမြမှုရှိနိုင်၊ မရှိနိုင်ဆိုသည်မှာ ရာသီဥတုအနေအထား အပြောင်းအလဲ ရှိ၊ မရှိဆိုသည့်အပေါ်တွင် မူတည်နေသည်။
    မတ်လ၊ ဧပြီလ၊ မေလတို့ သည် ယေဘုယျအားဖြင့် အလွန်ပူပြင်းခြောက်သွေ့သော လများဖြစ်နိုင်ခြေနည်းပါးသော်လည်း ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်ပါကပူပြင်းမှုကို ကြုံရနိုင်သည်ဟု သိရှိရသည်။
     နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတု ခန့်မှန်းရေးဌာနများက ၂၀၁၁ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလ အထိသည် လာနီညာဖြစ်ရန် ၃၀ ရာခိုင်နှုန်း၊ အယ်လ်နီညိုဖြစ်ရန် ၃၀ ရာခိုင်နှုန်း၊ လာနီညာ သို့မဟုတ် ကြားနေနှစ်ဖြစ်ရန် ၄၀ ရာခိုင်နှုန်း ဟု အသီးသီး ခန့်မှန်းနေကြရာတွင် လာနီညာဖြစ်နိုင်သည်ဟု ခန့်မှန်းမှု ရာခိုင်နှုန်းက ပိုမိုသည်ဟု သိရှိရသည်။
     "၂၀၁၁ မှာ မိုးကြိုကာလဟာ ၄၅ ရက်ရှိနိုင်တယ်။ အဲဒီအတွင်း လေထုမငြိမ်သက်မှုကြောင့် ဖြစ်ပေါ် တဲ့ မိုးတိမ်တောင်တွေရဲ့နောက် ဆက်တွဲအနေနဲ့ လေဆင်နှာမောင်း၊ မိုးကြိုးပစ်တာ၊ နေရာကွက်မိုးကြီး တာကို ကြုံရနိုင်တယ်။ မုတ်သုံဝင်တာ နောက်ကျမယ်၊ အထွက်စောမယ်။ မုတ်သုံက အရင်က ၁၄၅ ရက်ရှိတယ်။ ခုနောက်ပိုင်း မုတ်သုံ ကာလတိုလာတယ်။ မိုးလွန်မှာလည်း မိုးတိမ်တောင်ကြောင့်ဖြစ်တဲ့ ဖြစ်စဉ်တွေ ထပ်ကြုံရနိုင်တယ်"ဟု ဒေါက်တာထွန်းလွင်က ဆိုပါသည်။
     မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ် မှစ၍ မုန်တိုင်းနှစ်စဉ် သက်ရောက်သောနိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ် တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။ ယင်း သို့ နှစ်စဉ် မုန်တိုင်းဝင်ရောက်မှုရှိ လာသည့်အတွက် ၂၀၁၁ ခုနှစ်သည် လည်း မုန်တိုင်းကို သတိပြုရမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။
    မြစ်ရေကြီးခြင်းအနေဖြင့်မူ မြစ်ကြီးများတွင်ထက် မြစ်ငယ်များတွင်သာ ကြုံတွေ့နိုင်ခြေ ပိုများကြောင်း သိရှိရပါသည်။
    ၂၀၀၉ ခုနှစ်မှ စတင်သည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ သည် ၂၀၁၀ ပြည့်နှစ်တွင်လည်း ဆက်လက်ရှိခဲ့ကာ ၂၀၁၁ ခုနှစ် သည်လည်း အစွန်းရောက်ရာသီ ဥတုများကိုကြုံနိုင်ခြေရှိသည့်အတွက် စိုက်ပျိုးရေး၊ ကျန်းမာရေးနယ်ပယ် များတွင် ပြင်ဆင်မှုများလိုအပ်လာ မည်ဖြစ်သည်။
   မြန်မာနိုင်ငံပါဝင်သော အာရှ ပစိဖိတ်ဒေသသည် လူဦးရေ လေး ဘီလျံမျှ မှီတင်းနေထိုင်လျက်ရှိကာ စီးပွားရေးမဖွံ့ဖြိုးသောနိုင်ငံများ လည်းပါဝင်နေကြောင်း၊ ဒေသတွင်း တွင် ရာသီဥတုပြောင်းလဲမှု၏ သက် ရောက်ခြင်းကို ခံစားနေရကာ မိုး ခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတို့ကို ကြုံတွေ့နေရသည့်အတွက် ယင်းမှာ အသက်မွေးဝမ်းကျောင်းနှင့် အစားအစာ၊ ကျန်းမာရေးတို့အပေါ် တွင် လွှမ်းမိုးလျက်ရှိကြောင်း  The International Research Institute မှ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားခဲ့သည်ဟု အလဲလ်ဘမ်း ဂျာနယ်တွင် ဖော်ပြထားပါသည်။
.

0 comments: