Tuesday, November 09, 2010

မြန်မာစစ်တပ်နှင့် ဒီကေဘီအေ ဆက်လက်တိုက်ပွဲဖြစ်။

တိုက်ပွဲဖြစ်ပွားနေသော မြ၀တီမြို့ရှိ မြန်မာစစ်တပ်ကို အင်အားဖြည့်ရန် ကော့ကရိတ် အခြေစိုက် တပ်ရင်းမှ တပ်သားများကို စစ်ကား ၅ စီးဖြင့် တပ်ကူလွှတ်လိုက်သည်။ မြန်မာစစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တို့ ကြား တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် သေပျောက်နှုန်းလည်း မြင့်မားလာနေသည်။
ထိုင်းရုပ်မြင်သံကြား၏ ထုတ်လွှင့်ချက်အရ မြ၀တီမြို့တိုက်ပွဲအတွင်း သေဆုံးသူ အနည်းဆုံး ၅ ဦး ရှိကြောင်း သိရသည်။ လူ ဦးရေ ၁၀၀၀ ဒဏ်ရာရသည်ဟု မြ၀တီဆေးရုံကြီးက သတင်းထုတ်ပြန်သည်။ တိုက်ပွဲများ ပိုမို ပြင်းထန်လာနေသည့်အတွက် သေဆုံးသူ မည်ရွေ့မည်မျှ ရှိသည် ဆိုသည့် နောက်ဆက်တွဲသတင်းများ ရရှိဖို့ လတ်တလော ခက်ခဲနေသည်။ ထိုင်းနိုင်ငံရှိ ဆေးရုံများကလည်း ထိခိုက်ဒဏ်ရာရသူများ ထပ်မံ ရောက်ရှိလာနိုင်သည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်။
မြ၀တီမြို့တွင်း အချက်အချာကျသော နေရာများကို သိမ်းပိုက်ထားသည့် သူပုန်များကို မြန်မာစစ်တပ်က စစ်ကုန်ဖွင့် ထိုးစစ်ဆင်လာမှာကို မြ၀တီမြို့ခံများက ထိတ်လန့် စိုးရိမ်နေကြသည်။
“ကျမ သိပ် ကြောက်နေတယ်။ ထွက်ပြေးလို့ကလည်း မရဘူး။ အမြောက်ကျည်တွေက ကျမ အိမ်နား လာကျတယ်။ ခု ကျမ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲဘူး ဖြစ်နေတယ်”  ဟု တနလာနေ့ နံနက်ပိုင်းက မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
မြ၀တီမြို့မှ ကားနှင့် ၃ နာရီကြာသွားရသော ကြာအင်းဆိပ်ကြီးမြို့က မြို့ခံများလည်း လုံခြုံရေးအတွက် သူတို့ အိမ်များအောက်တွင် ကျင်းများ တူးနေကြသည်ဟု ဖလုံစဝေါ ဒီမိုကရက်တစ်ပါတီ (PSDP) မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ “မြန်မာစစ်တပ်နှင့် ဒီကေဘီအေ နှစ်ဘက်စလုံးကို ကြောက်နေကြတယ်” ဟု သူက ပြောသည်။ တိုက်ပွဲများကြောင့် မြ၀တီမြို့နှင့် ဘုရားသုံးဆူက မဲပြားများကို မြို့နယ် မဲစာရင်းရေတွက်မည့်ရုံးခန်းသို့ မပို့ဆောင်နိုင်ပဲ ဖြစ်နေသည်ဟု စောတယ်ရီက ပြောသည်။ အလားတူ တိုက်ပွဲများ ဖြစ်ပွားနေသည့် ဘုရားသုံးဆူက ရရှိသော သတင်းများအရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်သားများက ဒီကေဘီအေတပ်များကို တပ်ကူပေးနေပြီး မြို့ပြင်တ၀ိုက်က နယ်မြေများတွင် နေရာယူထားသည်။ ဒီကေဘီအေတပ်များက ဘုရားသုံးဆူမြို့တွင်းမှာ ရှိနေကြပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ “မြို့ထဲမှာ လူတွေ အထိတ်တလန့် ဖြစ်နေကြတယ်။ တချို့လည်း ပြေးလွှားနေကြတယ်။ တချို့ကတော့ ကိုယ့်အိမ်ထဲ ကိုယ်ပုံန်းနေကြတယ်။ လမ်းတွေပေါ်မှာလည်း ဘယ်သူမှ မရှိတော့ပဲ စစ်သားတွေချည့်ပဲ” ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။
မြန်မာစစ်သားတစ်ဦးနှင့် ဒေသခံပြည်သူ့စစ် ၈ ဦး ထံမှ လက်နက်ငယ် ၉ လက် သိမ်းဆည်းရမိထားသည်ဟု ဒီကေဘီအေက ပြောသည်။ မြ၀တီနှင့် ဘုရားဆုံးဆူမြို့က အစိုးရပိုင် အဆောက်အဦများကို ဒီကေဘီအေက မီးရှို့ဖျက်ဆီးခဲ့သည်။
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ
မြ၀တီမြို့ ရဲစခန်းတွင်း ချုပ်နှောင်ထိမ်းသိမ်း ခံနေရသော ဂျပန်သတင်းထောက် ယခုချိန်တွင် မည်သည့်နေရာ ရောက်နေသည်ကို မသိရပါ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်အရ ဘုရားသုံးဆူနှင့် မြ၀တီမြို့က တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့လည်း လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့သည်၊ သို့သော် မြန်မာဘက်အခြမ်းသို့ ပြန်လည် ပစ်ခတ်ခြင်း မပြုရန် ထိုင်းစစ်သားများအား အမိန့်ထုတ်ထားသည်ဟု သိရသည်။
“ရွေးကောက်ပွဲရလဒ်ကို လူတွေ စိတ်မ၀င်စားအောင် မြန်မာအစိုးရက တမင် လမ်းကြောင်း လွှဲနေတာ” ဟု ကေအင်ယူ တပ်သားတစ်ဦးက ပြောသည်။ မြ၀တီမြို့မှ လူများ မြို့ထဲကနေ ထွက်ခွာနိုင်အောင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ဒီကေဘီအေက ပြန် ဖွင့်ပေးလိုက်သည်ဟု သူက ဆက်ပြောသည်။
တချိန်ထဲမှာပင် မြ၀တီ-ကော့ကရိတ်-မော်လမြိုင်လမ်းကို မြန်မာစစ်တပ်က ပိတ်ထားလိုက်ပြီး ယာဉ်များကို သွားလာခွင့် မပြုတော့သည့်အပြင် ကော့ကရိတ်မှာလည်း တပ်အင်အားတွေ စုစည်းနေသည်ဟု သူက ပြောသည်။ မြန်မာစစ်တပ်က လမ်းများ ပိတ်ဆို့ထားသည် ဆိုသည့် သတင်းကို တခြားသတင်းရပ်ကွက်ကလည်း အတည်ပြုသည်။ မြ၀တီမြို့တွင် နေထိုင်သူတစ်ဦး၏ မိခင်ဖြစ်သူကလည်း စတားလိုက် ဟိုတယ်ရှေ့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် လူအများအပြား သေဆုံးပြီး၊ ဒဏ်ရသွားသူများလည်း ရှိသည်ဟု ပြောသည်။
မော်လမြိုင်မြို့၊ စိန်ဟိုတယ်က အလုပ်သမားတဦးကလည်း ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပေါ်မှာ မြ၀တီမြို့သားတစ်ဦး သေနတ်မှန် ခံရသည်ကို တွေ့ခဲ့ရသည်ဟု ပြောသည်။ ထို့ပြင် လူများသည် သူတို့၏ နေအိမ်များအောက်မှာ ပုန်းအောင်းနေကြရသည်ဟုလည်း သူက ဆိုသည်။
သတင်း။။burmaelection2010
ရုပ်သံ။။ABC News
.

0 comments: