Sunday, October 03, 2010

ပဲခူးတိုင်း ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အနောက်ဘက်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု မရှိ

ပဲခူးမြို့ ဥဿာမြို့သစ်(၈)ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အနောက်ဘက်၌ စက်တင်ဘာ ၂၉ ရက်ညတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ လူထိခိုက် သေဆုံး ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ယင်းနေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်အထိ ရပ်ကွက်ဥက္ကဋ္ဌ၊ ဆယ်အိမ်မှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက်ရုံး၌ ရုံးလုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်သွားခဲ့ကြောင်း၊ ထို့နောက် ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ရုံးအနောက်ဘက်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး အုတ်နံရံမှာ တစ်ပေပတ်လည်ခန့် အပေါက်ဖြစ်သွားခဲ့ကာ ရုံးပြတင်းပေါက် မှန်နှစ်ချပ် ကွဲသွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးရာ TNT ယမ်းအမျိုးအစားဖြင့် ပြုလုပ်ထားသည့် ချိန်ကိုက်လက်လုပ် မိုင်းဖြစ်ကြောင်း၊ ရပ်ကွက်ရုံး အဆောက်အအုံ အနောက်ဘက် အုတ်နံရံ၏ အပြင်ဘက်တွင် အနီးကပ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ စက်တင်ဘာ ၈ ရက်တွင် သထုံမြို့နယ် ဒုံးဝန်းကျေးရွာအုပ်စုရှိ လယ်ကွင်းအတွင်း စိုက်ထူထားသည့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးရန် ကြိုးပမ်းမှုနှင့် စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး ရထားလမ်းခုံးကျော် လူကူး သစ်သားတံတားပေါ်၌ ထောင်ထားသည့် ချိန်ကိုက်မိုင်း တစ်လုံးတို့ကို အချိန်မီရှင်းလင်း ဖယ်ရှားခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ရာ ယခုဖြစ်စဉ်သည်လည်း အကြမ်းဖက်သောင်းကျန်းသူများ၊ အဖျက်အမှောင့်သမားများနှင့် နိုင်ငံရေး အမြတ်ထုတ် လိုသူများ၏ နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုနှင့် အကြမ်းဖက်ဆူပူမှုများ ဖြစ်ပွားပြီး မကြာမီ ကျင်းပတော့မည့် ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်မှုများနှင့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်နေခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။ သို့ဖြစ်၍ ၄င်းတို့၏ အဖျက်အမှောင့်လုပ်ရပ်များ အချိန်မီ ဟန့်တား၊ ဖယ်ရှား၊ ရှင်းလင်းနိုင်ရန်အတွက် ပြည်သူများအနေဖြင့် မသင်္ကာဖွယ်ရာ တွေ့ရှိပါက တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ကြရန် သက်ဆိုင်ရာက သတိပေး နှိုးဆော်ထားကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။ 

0 comments: