Tuesday, August 10, 2010

ဒီ ခွေးကလေးလို သစ္စာရှိရဲ့လား


စာဖတ် ပရိသတ်များ အနေနဲ့ အကြောင်း အားလျော်စွာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ခဲ့ရင် တိုကျိုမြို့ ရှီဘူယ ဘူတာရုံအရှေ့မှာ အမှတ်တရ တည်ထားတဲ့ ခွေးကြေးရုပ် တစ်ခုကို တွေ့မြင်နိုင်ကြပါတယ်။ အဲဒီလို အမှတ်တရ ကြေးရုပ်တု စိုက်ထူရလောက်အောင် ထူးခြား လှတဲ့ခွေးကလေးရဲ့ အကြောင်းကိုတော့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီခွေကြေးရုပ်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကလေးကတော့ တကယ်ဖြစ်ပျက်ခဲ့တာပါ။ ဒီအဖြစ်ကို ဂျပန်လူမျိုးတွေ ကတော့ ကောင်းကောင်းကြီး သိကြတဲ့အပြင် နှောင်းလူတွေ အတုယူအမှတ်ရစေနိုင်ဖို့ ရည်ရွယ်ပြီး ကြေးရုပ်ပြုလုပ် စိုက်ထူ ထားတာပဲ ဖြစ်ပါတယ်။ ဒီခွေကြေးရုပ်ရဲ့ နောက်ကြောင်း ဇာတ်လမ်းကတော့ ဒီလိုပါ။
ကြေးရုပ်တုထားတဲ့ ခွေးကလေးရဲ့ အမည်က ဟာချီလို့ခေါ်ပါတယ်။ သူဟာ အင်မတန်မှ လိမ္မာပါးနပ်ပြီး ချစ်စရာကောင်းလှတဲ့ ခွေးကလေး ဖြစ်ပါတယ်။ ဟာချီရဲ့ သခင်ကတော့ အုအဲနိုးစံလို့ခေါ်ပြီး တက္ကသိုလ်က ဆရာတစ်ယောက် ဖြစ်ပါတယ်။ တကိုယ်ရေ တကာယသမားဖြစ်တဲ့ အုအဲနိုးစံဟာ ဟာချီကို မေတ္တာအပြည့်နဲ့ ကိုယ့်ရဲ့ရင်သွေးငယ် တစ်ယောက်လို သဘောထားပြီး ချစ်ခင်ကြင်နာယုယစွာ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တယ်။ ဒီတော့ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို ဟာချီလေးဟာလည်း အုအဲနိုးစံ သွားတဲ့နေရာတိုင်းကို အမြဲတမ်းနောက်ကနေ လိုက်ပါ ပို့ဆောင်ပေးသလို ပြန်လာချိန်မှာလည်း စောင့်စားကြိုဆိုလေ့ ရှိသတဲ့။ အထူးသဖြင့် ကျောင်းဖွင့်ရက်မတိုင် ခင်မနက်တိုင်းမှာ အူအဲနိုးစံတစ်ယောက် တက္ကသိုလ် ကျောင်းတော်ကြီးဆီ ရထားနဲ့ သွားဖို့အတွက် ဘူတာရုံကို ထွက်ပြီဆိုရင် ဟာချီလေးဟာ သူ့သခင်ကိုဘူတာအထိ အမြဲတမ်းဝတ်မပျက် လိုက်ပါ ပို့ဆောင်ပေးလေ့ ရှိပါတယ်။ ပြီးတော့ ညနေပိုင်း အုအဲနိုးစံကျောင်းက ပြန်လာမယ့်အချိန် သူ့သခင် ပြန်လာမယ့် ရထားကို ဟာချီလေးက ဘူတာမှာမပျက်မကွက် အသင့်သွားရောက် ကြိုဆိုလေ့ရှိပါတယ်။ ဒီလို ပုံမှန်ကြိုပို့နေပြီး တစ်ဦးပေါ်တစ်ဦး သံယောဇဉ်ကြီးမားလှတဲ့ ခွေးကလေးဟာချီနဲ့ သူ့သခင် အုအဲနိုးစံတို့ အကြား တစ်နေ့မှာတော့ မျှော်လင့် မထားတဲ့ ကံကြမ္မာဆိုးကြီး ကျရောက်ခဲ့ပါတော့တယ်။
ဟာချီခွေးကလေး၏ မူရင်းဓါတ်ပုံပါ
ဖြစ်ရပုံက တစ်နေ့မှာ အုအဲနိုးစံတစ်ယောက် တက္ကသိုလ်မှာ စာသင်နေရင်း နှလုံး ရောဂါနဲ့မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန် သွားခဲ့ရရှာတယ်။ ဒီလို အုအဲနိုးစံတစ်ယောက် နှလုံးရောဂါနဲ့ တက္ကသိုလ်ကျောင်းတော်ကြီးမှာ ရုတ်တရက် သေဆုံးသွားတဲ့ အကြောင်းကို ဟာချီလေးဟာ အနည်းအကျဉ်းလေးတောင် မသိလိုက်ရရှာပါဘူး။ ဒါကြောင့်လည်း အုအဲ နိုးစံတက္ကသိုလ်က ပုံမှန်ပြန်ရောက်တတ်တဲ့ ညနေချိန်မှာ ဟာချီလေးဟာ ဘူတာရုံရှေ့မှာ သူ့သခင်ကို သွားရောက်ကြိုဆို ခဲ့ပါတယ်။ ဒါပေမဲ့ အုအဲနိုးစံ တစ်ယောက်ကတော့ ပြန်မရောက်နိုင်ခဲ့ရှာတော့ပါဘူး။ ဟာချီလေးကတော့ သူ့သခင် ရောက်လာနိုးနဲ့ စောင့်နေမြဲ စောင့်ခဲ့ရှာတယ်။ မိုးရွာရွာ နေပူပူ နှင်းကျကျ ဘယ်လောက်ပဲ ရာသီဥတု ဆိုးရွားနေပါစေ ဟာချီလေးကတော့ သူ့သခင်ပြန်ရောက်မလာမချင်း ဘူတာကနေမပြန်တော့ပဲ သခင်ပြန်ပါလာမယ့် လမ်းကို တမျှော်မျှော်နဲ့ မပျက်မကွက် စောင့်စားကြိုဆို နေပါတော့တယ်။ ကြာတော့လည်း ခွေးကလေးဟာချီဘူတာမှာ သူ့သခင်ကိုကြိုဆိုဖို့ ဒီလိုစောင့်စားနေ တတ်တာကို မြို့က လူတွေက သတိထားမိခဲ့ကြရာကတစ်ဆင့် ဟာချီလေးရဲ့အကြောင်း တွေကိုလည်း တဖြည်းဖြည်း သိလာကြတယ်။ ဒီလိုနဲ့ အလွန်သစ္စာရှိပြီး အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ ခွေးလေးဟာချီရဲ့ အမည်ဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့သလို သူ့အပေါ်လည်း အားလုံးက ဂရုဏာသက်မိကြတယ်။ ဒါကြောင့် အစာတောင် ရှာမစားတော့ဘဲ သူ့သခင်စီးနေကျ ရထားဆိုက်ရောက်လာမယ့် နေရာမှာ သူ့သခင်ကို သစ္စာရှိရှိ စောင့်မျှော်နေတဲ့ ဟာချီလေးကို ဘူတာရုံပိုင်ကြီးကရော၊ ဘူတာကို ရောက်လာကြသူတွေကပါ။ ဂရုဏာတွေသက် အကြင်နာတွေပိုပြီး အစာရေစာတွေပေး ကမ်းကြ၊ ကျွေးကြ၊ မွေးကြ၊ အေးတဲ့အချိန်မှာ နွေးနွေးထွေးထွေး နေနိုင်အောင် ကူညီကြနဲ့ ဝိုင်းဝန်းစောင့်ရှောက်ကြပါတယ်။
အချိန်ကာလတွေဟာ ရက်မှသည် သီတင်းပတ်၊ သီတင်းပတ်မှသည်လ၊ လမှသည် နှစ်သို့ အလီလီ ပြောင်းလဲခဲ့တာနဲ့အမျှ ဟာချီလေးဟာလည်း ဘူတာကနေ မခွဲမခွာ သခင်ကိုစောင့်စားနေရင်း အသက်အရွယ်အတော်ကြီး အိုမင်းရင့်ရော်လာခဲ့ပါတယ်။ ဟာချီလေး အဖို့ဘယ်လိုပင်စောင့်စားနေပေမယ့် သူချစ်တဲ့ သူ့သခင်ကို မတွေ့ရတော့တဲ့ သူ့ရဲ့ဆုံး ရှုံးမှုအတွက် အတော့်ကို ဝမ်းနည်းကြေကွဲ နေရှာမှာပေါ့။ ဒီလိုနဲ့ပဲ ခွေးကလေးဟာချီဟာ နောက်ဆုံးမှာ ရှီဘူယဘူတာရုံကနေ မပြန်စတမ်း သူ့သခင် အုအဲနိုးစံကို စောင့်စားရင်း သေဆုံးသွားခဲ့ရှာပါတော့တယ်။ ဟာချီလေးရဲ့အကြောင်းကို သိနှင့်ပြီး ဖြစ်တဲ့လူတွေက ဒီအဖြစ်ကြောင့် ရင်ထဲမချိတင်ကဲခံစားကြရတယ်။ ဘူတာမှာဟာချီလေးကို နေ့စဉ်မြင်တွေ့ နေရာကနေ ဟာချီလေးအခုလိုသေဆုံးသွားပြီး မတွေ့ရတော့တဲ့အခါ လူတွေရဲ့ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး ဟာချီလေးကို လွမ်းဆွတ်သတိရကြတယ်။ အဲဒါကြောင့် အားလုံး ဝိုင်းဝန်းတိုင်ပင်ကြပြီး အမှတ်တရအဖြစ် ဟာချီရဲ့ ခန့်ညားထည်ဝါတဲ့ ကြေးရုပ်ကို သူ့သခင်ကို ဟာချီအမြဲစောင့်စားနေတဲ့ ဘူတာကြီးရဲ့ရှေ့မှာ ထုလုပ်တည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အသက်မရှိတော့သော်လည်း ကြေးရုပ်အဖြစ်နဲ့ တည်ရှိနေတဲ့ ဟာချီလေးကတော့ ဘူတာရုံရဲ့အရှေ့မှာ ခုအချိန်ထိ သူ့သခင်အုအဲနိုးစံပြန်အလာကို စောင့်စားနေဆဲပါပဲ။ ဒါကြောင့်လည်း ဟာချီလေးရဲ့ကြေးရုပ်ကို အခုအချိန်ထိ ဂျပန်နိုင်ငံ ရှီဘူယဘူတာရုံအရှေ့မှာ တွေ့မြင်နေကြရတာပဲပေါ့။
ဟာချီဟာ ခွေးကလေးတစ်ကောင် ဖြစ်ပေမယ့် သူ့အပေါ်မှာ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်အပေါ်မှာ သူတတ်နိုင်သမျှ တုန့်ပြန်ပေးဆပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဟာချီလေးရဲ့ သခင်ပေါ်မှာ အသက်စွန့်ထားရှိတဲ့ သစ္စာတရားနဲ့ စောင့်စည်းမှုမျိုးကို ပုထုဇဉ်လူသားဖြစ်တဲ့ ကျွန်တော်တို့တောင်ထားရှိမိပါရဲ့လားလို့ သံသယဝင်မိပါရဲ့။ ကျွန်တော်တို့ဟာ ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ဖူးသူတွေအပေါ် ကျေးဇူးသိတတ်မှုနဲ့ တုံ့ပြန် ကျေးဇူး မဆပ်နိုင်သည့်တိုင် ကျေးဇူးတော့ မကန်းသင့်ဘူးပေါ့။ အချို့သောလူသားတွေ အနေနဲ့ ကျေးဇူးရှင်းတွေအပေါ် ဘာကြောင့်များ သစ္စာတွေ၊ မေတ္တာတွေ မထားရှိနိုင် ကြပါလိမ့်လို့ မေးခွန်းထုတ်ချင်လိုက်ပါဘိ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကမ္ဘာကြီးမှာ အသက်ရှင် ရပ်တည်နေကြတဲ့လူသားအားလုံးဟာ သစ္စာတရား၊ မေတ္တာတရားများကို လက်ကိုင်ထား ပြီး တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ စာနာမှုတွေနဲ့ အပြန်ပြန်အလှန်လှန် စောင့်ရှောက် သွားနိုင်ကြပါစေလို့  ကျွန်တော်ဆုတောင်းနေမိပါတယ်။ 
စိုင်းရဲခေါင် ၏(ဂျပန်ဘာသာဖြင့် ရေးသားထားချက်ကို ခံစားပြန်ဆိုပါသည်)
ဟာချီကိုခွေးလေး၏ သခင်အပေါ်သစ္စာရှိပုံကို ဟောလီဝု၀်မင်းသားကြီး Richard Gere ကနေ Hachi အမည်ရုပ်ရှင်ဇတ်ကား ဖြင့်ပြန်လည်သရုပ်ဆောင်ထားကြောင်းသိရှိရပါတယ်။

0 comments: