Saturday, October 05, 2013

“ ရခိုင်တိုင်းရင်းသားတွေ ထောင်ချောက်ထဲ ကျနေပြီလား ”


ရေနံနဲ့ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့၊ ငါးနဲ့ ရေထွက် သယံဇာတ တွေ အလျှံပယ်ရှိတဲ့၊ သာယာလှပတဲ့ ကမ်းခြေတွေ သဘာဝ ရှုခင်းတွေပိုင်ဆိုင်ထားတဲ့၊ မြန်မာနိုင်ငံမှာ အစောဆုံး ဗုဒ္ဓဘာသာ အမြစ်တွယ်ခဲ့တဲ့၊ မြင့်မားတဲ့ ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေ ခုလို ဆင်းရဲမွဲတေနေတာဟာ အဲဒီ ကမန်တွေ၊ ဘင်္ဂလီတွေကြောင့် မဟုတ်ပါဘူး။ နှစ်ပေါင်း ရှည်ကြာ ထီးနန်းရှိခဲ့တဲ့ ရခိုင်အမျိုးသားတွေရဲ့ ဇာတိပုည ဂုဏ်မာဏကို ဖျက်ဆီးခဲ့သူတွေဟာလည်း အဲဒီ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဒုက္ခ အတူတူ ခံစားခဲ့ရတဲ့ ကမန် တိုင်းရင်းသားတွေ မဟုတ်ပါဘူး။

“ ရခိုင်တိုင်းရင်းသားတွေ ထောင်ချောက်ထဲ ကျနေပြီလား ”
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် သတင်းစာ၊ ၄-၁၀-၁၃။ စာ- ၆။

အခုရက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြန်ပါပြီ။ ထူးခြားတာက ရန်ကုန်မှာ အမေရိကန် နိုင်ငံ institute of global engagement နဲ့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တို့ ပူးပေါင်းပြီး “ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ အတူလက်တွဲနေထိုင်ရေး ဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီး” ကျင်းပနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးခဲ့ပေမယ့် ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေအတွက်ကတော့ စိုးရိမ်တယ် ဆိုပြီး ပြောဆိုထားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တစ်ချိန်တည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကုလသမဂ္ဂမှာ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်၊ ဒါကို မလိုလားတဲ့သူတွေက ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဖန်တီးပြီး အကြမ်းဖက်မှုတွေ လုပ်နေတယ် ဆိုပြီး ပြောခဲ့ပါသေးတယ်။ တစ်ပြိုင်နက်တည်းမှာပဲ နိုင်ငံတော်သမ္မတ ရဲ့ သမိုင်းဝင် ရခိုင်ခရီးစဉ်နဲ့ အကြမ်းဖက်မှုတွေက တိုက်ဆိုင်နေပြန်ပါတယ်။ ဒီလောက် ပြောနေဆိုနေ လုပ်ကိုင်နေချိန် ဘာကြောင့် ခုလို အကြမ်းဖက်မှု ဖြစ်ရတာပါလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဖြစ်စဉ် အကျဉ်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ သံတွဲမြို့က ကမန်အမျိုးသား ဦးကျော်ဇံလှရဲ့ အရောင်းဆိုင်ရှေ့မှာ သုံးဘီးဆိုင်ကယ် သမားနဲ့ ဦးကျော်ဇံလှ နှုတ်နဲ့ စကားများတာက စ ပါတယ်။ ရဲစခန်းတိုင်ချက် အရရော သတင်းဖော်ချက်တွေအရပါ ဘယ်လို ကိုယ်ထိလက်ရောက် ပဋိပက္ခမှ ဖြစ်ပွားတာ မရှိခဲ့တဲ့ ရိုးရှင်းတဲ့ ပြည်သူအချင်းချင်း စကားများတာလောက်ပဲ ဖြစ်ပါတယ်။ စကားအခြေအတင် များတာကို မကျေနပ်တဲ့ သုံးဘီးဆိုင်ကယ် သမားက ရဲစခန်းမှာ တိုင်ချက်ဖွင့်ပါတယ်။ ရဲစခန်းက လုပ်ထုံးလုပ်နည်းအတိုင်း ဦးကျော်ဇံလှကို ခေါ်ယူစစ်ဆေး၊ အာမခံပေးပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒီလို ရဲစခန်းရဲ့ အာမခံပေး ပြန်လွှတ်လိုက်တာကို မကျေနပ်လို့ ဆိုပြီး လူတစ်ချို့က ဦးကျော်ဇံလှ အိမ်ကို ခဲနဲ့ သွားပေါက်တာ လုပ်ပါတယ်။ နောက်ရက်မှာတော့ အဓိပ္ပါယ်မဲ့တဲ့ ကောလဟလ တွေဖြန့်ပြီး ဦးကျော်ဇံလှအိမ်ကို မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။ ဒီထက် ပိုဆိုးတာက အာဏာပိုင်တွေဟာ ဦးကျော်ဇံလှကို ပြန်ဖမ်းဆီးပြီး အကျဉ်းထောင် ပို့လိုက်တာပါ။ ဖြစ်စဉ် အစမှာကို အပစ်ရှိမှန်း မရှိမှန်း မဆုံးဖြတ်နိုင်သေးတဲ့ ကမန်တိုင်းရင်းသား တစ်ယောက် လူလည်း ထောင်ထဲကိုရောက် အိမ်နဲ့ ဆိုင်လည်း မီးရှို့ဖျက်ဆီး ခံလိုက်ရပါတယ်။ အဲဒီ လူအုပ်ကြီးရဲ့ ကျောက်ခေတ်၊ ကျေးခေတ်၊ လူတွေ မယဉ်ကျေးခင် အရိုင်းအစိုင်းခေတ်က အတိုင်း လူအုပ်ကြီးနဲ့ သူတို့ ထင်သလို ပြစ်ဒါဏ် ခတ်လိုက်တာပါ။
နောက်ဆက်တွဲ ပြသနာတွေကတော့ ပိုဆိုးပါတယ်။ ကမန်တိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ သဗြုချိုင်၊ ရွှေလှေ၊ ပေါက်တောဝ၊ တလိုင်းတဲ ရွာတွေ အကြမ်းဖက်ခံရပြီး နေအိမ်တွေမီးရှို့ခံရပါတယ်။ လူတွေ သေဆုံးပါတယ်။ သဗြုချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းခင် ပြောပြချက်အရ သဗြုချိုင် တစ်ရွာတည်း အိမ်ခြေ ၄၃ အိမ် မီးရှို့ဖျက်ဆီးခံရပါတယ်။ အများစုဟာ ကမန်တိုင်းရင်းသား နေအိမ်တွေဖြစ်ပြီး ရခိုင်တိုင်းရင်းသား အိမ် တစ်ချို့လည်း ပါပါတယ်။ အဲဒီ တစ်ရွာတည်း လူ (၅) ဦးသေဆုံးရာမှာ တစ်ဦးက အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးကြီးတစ်ယောက်နဲ့ ကျန် ၄ ယောက်ကတော့ အမျိုးသားတွေဖြစ်ပါတယ်။ အားလုံး အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ပါတယ်။ ခိုင်လုံတဲ့ ဖြစ်စဉ် သတင်းတွေကိုကြည့်ရင် ဒီ အကြမ်းဖက်မှုဟာ နှစ်ဖက် ပဋိပက္ခ ဆိုတာထက် ကမန်တိုင်းရင်းသားတွေ အကြမ်းဖက်ခံရတာလို့ ပြောနိုင်ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုတွေ ဖြစ်ပွား ပြီးပြီးချင်း အမေရိကန် အစိုးရက ဒီ အကြမ်းဖက်မှုကို ပစ်တင်ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူနည်းစု အစ္စလာမ် ဘာသာဝင်တွေကို အစိုးရက အကာအကွယ်ပေးဖို့ ကြေငြာချက် ထုတ်ပြန်တောင်းဆိုပါတယ်။
အခုဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်မှာ အရင်က ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေနဲ့ ခြားနားပါတယ်။ အကြမ်းဖက်ခံရသူတွေဟာ အဲဒီမှာ ပြောပြောနေကြတဲ့ ဘင်္ဂလီတွေ မဟုတ်ပါဘူး။ ကမန် ဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား တစ်မျိုးဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ ကွဲပြားတာက ကမန်တွေက အစ္စလာမ် ဘာသာ ကိုးကွယ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ကိုးကွယ်တာပါ။ ခုလိုဖြစ်စဉ်မှာ လူအများအပြား ပါဝင်လာတယ် ဆိုတာဟာ ရခိုင်တိုင်းရင်းသားတွေထဲမှာ အမုန်းတရား ရှိနေလို့ပါ။ အမုန်းတရားရှိလာရတာကလည်း အခြားဘာသာ တစ်ခုကို မုန်းတီးလာအောင် ၀ါဒဖြန့် လှုံ့ဆော်ထားမှုတွေ ပျံ့နှံ့နေလို့ ဖြစ်ပါတယ်။ နဂိုကတည်းကမှ ဖွံ့ဖြိုးတိုးတက်မှုမရှိ၊ စီးပွားရေး၊ ပညာရေး အဖက်ဖက်က နိမ့်ကျနေရတဲ့ အခြေအနေအောက်မှာ အခြားဘာသာတစ်ခုခုကို လက်ညှိုးထိုးပြီး မမှန်သတင်းစကားတွေနဲ့ အမုန်းပွားအောင် လုပ်ရတာ အလွန်လွယ်ကူပါတယ်။
တကယ်တော့ မြန်မာပြည်ကြီး ဆင်းရဲမွဲတေနေရတဲ့အထဲ အဲဒီ အထဲကမှ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေ ရတာဟာ အဲဒီ ကမန်တွေ၊ ဘင်္ဂလီတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ ရေနံနဲ့ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့၊ ငါးနဲ့ ရေထွက် သယံဇာတ တွေ အလျှံပယ်ရှိတဲ့၊ သာယာလှပတဲ့ ကမ်းခြေတွေ သဘာဝ ရှုခင်းတွေပိုင်ဆိုင်ထားတဲ့၊ မြန်မာနိုင်ငံမှာ အစောဆုံး ဗုဒ္ဓဘာသာ အမြစ်တွယ်ခဲ့တဲ့၊ မြင့်မားတဲ့ ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေ ခုလို ဆင်းရဲမွဲတေနေတာဟာ အဲဒီ ကမန်တွေ၊ ဘင်္ဂလီတွေကြောင့် မဟုတ်ပါဘူး။ နှစ်ပေါင်း ရှည်ကြာ ထီးနန်းရှိခဲ့တဲ့ ရခိုင်အမျိုးသားတွေရဲ့ ဇာတိပုည ဂုဏ်မာဏကို ဖျက်ဆီးခဲ့သူတွေဟာလည်း အဲဒီ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဒုက္ခ အတူတူ ခံစားခဲ့ရတဲ့ ကမန် တိုင်းရင်းသားတွေ မဟုတ်ပါဘူး။
ခုတော့ ရခိုင်တိုင်းရင်းသားတွေကို နိုင်ငံတကာ သတင်းဌာနတွေ၊ နိုင်ငံတကာ မိသားစုတွေက အကြမ်းဖက်သူတွေအဖြစ် ပုံဖော်နေကြပါပြီ။ တကယ်တော့ ကမန်အိမ်တွေ ဘင်္ဂလီအိမ်တွေ မီးလောင်ပြာကျ သွားတာနဲ့ ရခိုင်တွေ ပိုပြီး ကြီးပွားချမ်းသာလာမှာ မဟုတ်ပါဘူး။ ကမန်တွေ ဘင်္ဂလီတွေ သေသွားရုံနဲ့ ရခိုင်ပြည်နယ်ကြီး ကြီးပွားဖွံ့ဖြိုး စည်ပင်ဝေဆာလာမှာ မဟုတ်ပါဘူး။ တကယ်တော့ မြန်မာတစ်နိုင်ငံလုံး အလွန်ဆိုးရွား ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေလက်အောက် ရာစုနှစ် တစ်ဝက်ကျော် ကျရောက်စဉ်ကာလ ရခိုင်အမျိုးသားတွေရဲ့ ဖိနှိပ်မှုကို မကြောက်မရွံ့ ရဲရဲတောက် တွန်းလှန်ခဲ့တဲ့ ရဲရဲနီတဲ့ သတ္တိသွေးတွေဟာ ဒီကနေ့ လမ်းလွဲ ထောင်ချောက်တစ်ခုထဲ ကျရောက်သလို ဖြစ်နေပါတယ်။
ဒီအတွက် အဓိက တာဝန်ရှိသူတွေဟာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေပါ။ ခုဆိုရင် ရခိုင်ပြည်နယ်မှာ ဂုဏ်ယူစရာကောင်းတဲ့ စည်းလုံးညီညွတ်တဲ့ အမျိုးသားနိုင်ငံရေး ပါတီကြီး တစ်ရပ်လည်း ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ရခိုင်ခေါင်းဆောင်တွေ အနေနဲ့ အခုလို ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် စိတ်ပျက်မနေပဲ၊ ရခိုင်တိုင်းရင်းသားတွေကို လမ်းမှန်ပေါ်ရောက်လာအောင်၊ ထောင်ချောက်ထဲကနေ ထွက်နိုင်အောင် ဦးဆောင်မှုပေးဖို့ လိုနေပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။y