Friday, October 04, 2013

တန်ဖိုးထားတတ်ပါစေ

EMG

Written by သဲသီရိကျော် 

လွန်ခဲ့တဲ့တစ်ပတ် ရုံးပိတ်ရက်တုန်းက ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်နဲ့ နိုင်ငံခြား ရုပ်ရှင်ကားတစ်ကား သွားကြည့်ဖြစ်ပါတယ်။ အဲဒီဇာတ်ကားက သိပ်အကောင်းကြီး မဟုတ်ပေမယ့်လည်း သူတို့နိုင်ငံရဲ့ လှပတဲ့ နေရာတွေ၊ ရှုခင်းတွေကို ရိုက်ပြထားတာ သိပ်ကိုဆွဲဆောင်မှု ရှိတယ်။ သူတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုတွေက သွားရောက်လည်ပတ် ချင်လာအောင် ဆွဲဆောင်မှုအား ပြင်းလွန်းလှပါရဲ့။ ကျွန်မနံဘေးမှာ ထိုင်နေတဲ့ မိတ်ဆွေက အဲဒီနိုင်ငံတွေရဲ့ အားသာချက်တွေနဲ့ ကျွန်မတို့ နိုင်ငံရဲ့အားနည်းချက်၊ လိုအပ်ချက်တွေကို နှိုင်းယှဉ်ပြီး စိတ်ပျက်စကား ဆိုပါတော့တယ်။ သူပြောတာက -

ကျွန်မတို့ နိုင်ငံက အခြားနိုင်ငံတွေထက် သဘာဝသယံဇာတတွေ ပေါများပေမယ့်လည်း အခုတော့ ဖွံ့ဖြိုးတိုးတက်မှုကတော့ သူများနောက်မှာပဲ ဖြစ်နေပါသတဲ့။ သူပြောတာလည်း မှန်နေတာပါပဲ။ သဘာဝသယံဇာတ လုံးဝမရှိတဲ့ စင်ကာပူလို နိုင်ငံတောင် ကျွန်မတို့ရဲ့ ရှေ့ကိုရောက်သွားတာ အံ့သြစရာ မကောင်းဘူးလား။ သူကတော့ ပြောပါတယ်။ အံ့သြစရာ မကောင်းပါဘူးတဲ့လေ။ ဘာလို့လဲဆိုတော့ မရှိတဲ့သူတွေက ရှိအောင် ကြိုးစားကြပေမယ့် ရှိပြီးသား လူတွေက ကိုယ့်မှာရှိပြီးသား အရာတွေကို တန်ဖိုးမထား တတ်ကြဘူးတဲ့။ အခြားတိုင်းပြည်က သဘာဝသယံဇာတတွေ မရှိပေမယ့် လူတွေက ဆွဲဆောင်မှု ရှိအောင် ဖန်တီးထားတဲ့ နေရာတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို လာလည်ချင်အောင် တီထွင်နိုင်ကြတယ်။ ခေတ်မီ အဆောက်အအုံတွေ၊ မိုးမျှော်တိုက်ကြီးတွေ၊ မြေအောက်ရထားတွေ၊ ခေတ်မီလှပတဲ့ ဈေးဝယ်စင်တာကြီးတွေ၊ သန့်ရှင်းသပ်ရပ်တဲ့ ကားလမ်းမ ကျယ်ကြီးတွေ၊ ၂၄ နာရီပတ်လုံး မီးအလင်းရရှိနိုင်မှု တွေကလည်း ကျွန်မတို့ အတွက် အားကျမှုတွေကို ပိုဖြစ်စေတယ်မ ဟုတ်ပါလား။ အဲဒါတွေအပြင် လူတွေရဲ့ စိတ်ကူးဉာဏ်တွေနဲ့ ပေါင်းစပ်တီထွင်ထားတဲ့ နေရာဒေသ တွေဟာလည်း အခြားနိုင်ငံက ကမ္ဘာလှည့် ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ နေရာတစ်ခု အဖြစ်နဲ့ နိုင်ငံခြားဝင်ငွေတွေ ရရှိအောင် ပြုလုပ်နိုင်ကြ ပါတယ်လို့ ကျွန်မမိတ်ဆွေက သူများနိုင်ငံတွေရဲ့ အားသာချက်တွေကို အားပါးတရ ပြောနေတော့ ကျွန်မလည်း အားကျမခံ ကျွန်မတို့နိုင်ငံရဲ့ အားသာချက်တွေကို ပြန်ပြောချင်ပေမယ့်လည်း စိတ်ထဲမှာပဲ မျိုသိပ်ပြီး အိမ်ပြန်လာခဲ့ ရပါတယ်။ ပြန်ပြောလည်း ကိုယ်ပဲခံရတော့မယ် ဆိုတာ သေချာနေတာကိုး။

ကျွန်မတို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ အားလုံးထဲမှာ သဘာဝ သယံဇာတတွေ အများဆုံးထွက်တဲ့ နိုင်ငံတစ်ခု။ စိမ်းစိုလှပပြီး အသုံးဝင်တဲ့သစ်ပင်၊ သစ်တောတွေ၊ ရေနံလိုမျိုး သဘာဝတွင်းထွက် ပစ္စည်းတွေ ပေါများတဲ့ နိုင်ငံ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရှည်လျားခိုင်မာတဲ့ သမိုင်းအထောက်အထားတွေ ရှိနေသလို ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်ဓလေ့ရိုးရာ ဟန်ပန်တွေလည်း ရှိပါရဲ့။ တန်ဖိုးမထား တတ်တာက ခက်နေတာပါ။

ဘာသယံဇာတမှ မရှိပါဘူးဆိုတဲ့ စင်ကာပူနိုင်ငံရဲ့ နာမည်ကျော် Marlion ခြင်္သေ့ရုပ်တု ကြီးဟာလည်း လူတွေက ဖန်တီးထားတာပါ။ ဒဏ္ဍာရီတွေ ရှိပေမယ့် ကျွန်မတို့ ဆီမှာလို သမိုင်းအထောက်အထားတွေ အတိအကျတော့ မရှိပါဘူး။ ရေပန်းရုပ်ရှင် ဆိုရင်လည်း လူကဖန်တီးထားတာပါပဲ။ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်လည်ပတ် ချင်လာအောင် ဆွဲဆောင်ထားပြီး နိုင်ငံခြား ၀င်ငွေကို ရှာနိုင်တာပါ။ ကျွန်မတို့ ဆီမှာတော့ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီး ရှိပေမယ့် အဲဒါတွေကို ပြသပြီး နိုင်ငံခြားဝင်ငွေ မရှာဘဲ ကိုယ့်အသား ကိုယ်ပြန်လှီးပြီး ရောင်းစားတဲ့ အဖြစ်ကို ရောက်နေတာတော့ အတော်ကို စိတ်မကောင်း စရာပါဘဲ။ ကျွန်မမိတ်ဆွေ တစ်ယောက်က ပြောဖူးပါတယ်။ သဘာဝ သစ်တော၊ သစ်ပင်တွေကို ခုတ်ယူပြီး တိုင်းတစ်ပါးကို ပြန်လည် ရောင်းစား နိုင်ငံခြားဝင်ငွေ ရှာနေတာထက် သူတို့လို စိတ်ကူးသစ်တွေနဲ့ လူတွေဖန်တီး ထားတဲ့ နေရာဒေသတွေနဲ့ နိုင်ငံခြားဝင်ငွေ ရှာနေတာ ဘယ်နိုင်ငံရဲ့ လုပ်ဆောင်ချက်က မှန်သလဲတဲ့။ ကိုယ့်တိုင်းပြည်က သယံဇာတကို ရောင်းစားတာ ကိုယ့်အသား ကိုယ်ပြန်လှီးပြီး ရောင်းစားနေတာနဲ့ အတူတူပါပဲ။ ဥပမာ-ကိုယ့်ခန္ဓာ အစိတ်အပိုင်းထဲက ကျောက်ကပ်ကို နည်းနည်းထုတ်ရောင်း၊ ကလီစာတွေကို နည်းနည်း ထုတ်ရောင်းနေတဲ့ လူတစ်ယောက်က ရေရှည်အသက်ရှင် ရပ်တည်ဖို့ လွယ်ပါ့မလားနော်။ အဲဒီလိုပါပဲ။ ကျွန်မတို့မှာ လူလုပ်ထားတာ မဟုတ်တဲ့ သဘာဝကပေးတဲ့ သယံဇာတတွေ အများကြီး ရှိနေပေမယ့် ကျွန်မတို့တွေ ကောင်းကောင်းကြီး အသုံးမချတတ်လို့ သူများနောက်ကို ရောက်နေရတာပါ။ သစ်ပင်တစ်ပင်ဖြစ်ဖို့ နှစ်ပေါင်းများစွာ စောင့်ရတယ်။ အဲဒီသစ်ပင်ကို ခုတ်ရောင်းပြီး နိုင်ငံခြားဝင်ငွေ ရှာမယ့်အစား ကျွန်မတို့ဆီက လူလုပ်ထားတာ မဟုတ်တဲ့ သမိုင်းအဆောက်အအုံတွေ၊ သမိုင်းပြတိုက်တွေ ရှိတယ်။ ဖန်တီးထားတာ မဟုတ်တဲ့ သမိုင်းအမွေအနှစ်တွေ ရှိတယ်။ သစ်ပင် သစ်တောတွေ ရှိတယ်။ တော၊ တောင်၊ ရေမြေ၊ သဘာဝ အလှတရား နေရာဒေသတွေ ရှိတယ်။ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုတွေ၊ အနုပညာ ဖျော်ဖြေမှုတွေ ရှိတယ်။ နွေးထွေးပျူငှာမှုတွေ ရှိတယ်။ အဲဒီလို သဘာဝတရားကြီးက ပေးအပ်ထားတဲ့ အရာတွေ ရှိနေတာကို တလွဲအသုံးမချဘဲ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ပြီး နိုင်ငံခြားဝင်ငွေရှာတာက ပိုမကောင်းပေဘူးလား။

သူများနိုင်ငံမှာက အဲဒီအရာတွေ မရှိလို့ အိုင်ဒီယာနဲ့ ငွေရှာနေရတဲ့ဘ၀။ လျှပ်စစ်မီးရောင်အောက်မှာ မလှလှအောင် ဖန်တီးထားတဲ့ ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း အရုပ်ကြီးကိုတောင် ကျွန်မတို့တွေ စိတ်ဝင်တစား ရှိနေရင် ဖန်တီးထားတာ မဟုတ်တဲ့ ကျွန်မတို့ နိုင်ငံရဲ့ သမိုင်းအမွေအနှစ် နေရာဒေသတွေဆို သူတို့ဘယ်လောက်ထိ စိတ်ဝင်စားကြမလဲ။

ကျွန်မတို့ဆီမှာ သူတို့ထက်သာတဲ့ သဘာဝသယံဇာတတွေ ရှိနေပေမယ့် တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ အဲဒီထက်ဆိုးတာက တလွဲအသုံးချ နေကြတာပါပဲ။ မရှိတာကို အရှိဖန်တီးနေတာထက် ရှိတာကို တန်ဖိုးထား ထိန်းသိမ်းတတ်ကြပြီး၊ စေတနာနဲ့ အတွေးအခေါ်လေးတွေ အဆစ်ထည့်ရင်း မှန်ကန်စွာ အသုံးပြုကြမယ် ဆိုရင်ဖြင့်။