Friday, August 02, 2013

အာဏာရှင်ကို တွန်းလှန်ခဲ့သူများအား မပြတ်ဂုဏ်ပြုခြင်းသည် အာဏာရှင်စနစ်ကို တော်လှန်ခြင်းဖြစ်ဟု ဦးဝင်းတင်ဆို

August 1, 2013 at 5:51pm

ကေဇင်ဦး | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ပြီး အသက်စွန့်ခဲ့သူများကို အမြဲမပြတ် ဂုဏ်ပြုနေခြင်းသည် အာဏာရှင်စနစ်ကိုပင် တော်လှန်နေခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ၀ါရင့်သတင်း စာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ဇူလိုင် ၃၁ ရက်က ပြောကြားသည်။

“ကိုကိုးကျွန်း ပြည်သူ့ သူရဲကောင်းနေ့” ဟု အမည်ပေးထားသည့် ဗိုလ်ချုပ်ကြီး နေ၀င်း၏ တော်လှန်ရေးကောင်စီ အုပ်ချုပ်စဉ်ကာလက တစ်သက်တစ်ကျွန်း အပို့ခံရသည့်သူများထဲမှ ရှစ်ဦး အစာငတ်ခံ တိုက်ပွဲဝင်ရင်း သေဆုံးခဲ့သည့်နေ့ကို ဂုဏ်ပြုသည့် ၄၂ ကြိမ်မြောက် အခမ်းအနားတွင် ဟံသာဝတီဦးဝင်းတင်က ထိုကဲ့သို့ ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်သည်။

NLD ပါတီ တည်ထောင်ပြီး နောက်တစ်နှစ် ၁၉၈၉ ခုနှစ်မှ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီး နောက်တစ်နှစ် ၂၀၀၈ ခုနှစ်အထိ ၁၉နှစ်တိုင်တိုင် စစ်အစိုးရက ထောင်ချထားခဲ့သူ ဦးဝင်းတင်က “အာဏာရှင်စနစ်ဆိုတာ စစ်အစိုးရလက်ထက်၊ တစ်ပါတီအစိုးရ လက်ထက်မှာတင်မက ဒီမိုကရေစီအစိုးရ လက်ထက်မှာလဲ ရှိပါတယ်။ အစိုးရရဲ့ အမည်နာမနဲ့ မဆိုင်ပါဘူး အဲဒီအဖွဲ့အစည်းမှာ ပါဝင်တဲ့သူတွေရဲ့ စိတ်သဘောထားနဲ့ပဲ ဆိုင်ပါတယ်”ဟု ဆက်ပြောသည်။

“အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုနေတာဟာ မျက်မှောက်ခေတ်မှာရော၊ အနာဂတ်မှာပါ အာဏာရှင်တွေကို ဆန့်ကျင်နေတာပါပဲ။”ဟုလည်း သူက ဆိုသည်။

ပထစအစိုးရထံမှ ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းအပြီး ခုနစ်နှစ်အကြာ ၁၉၆၉ခုနှစ်တွင် ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပို့လွှတ်ခြင်းခံရသော အကျဉ်းသားများက ထိုထောင်ကိုဖျက်သိမ်းရန် ၅၃ ရက် (နှစ်လ နီးပါး) အစာမစားဘဲ ဆန္ဒပြခဲ့ကြသူ ၂၉ ဦးအနက် ရှစ်ဦးမှာ သေဆုံးခဲ့ရသည်။

လက်ရှိတွင် ထိုအစာငတ်ခံတိုက်ပွဲ၌ ပါဝင်ခဲ့သူများအနက် ရဲဘော်ချို၊ ရဲဘော် ဖေအောင်၊ ရဲဘော် တင်အောင်တို့ သုံးဦးသာ အသက်ရှင်လျက် ကျန်ရှိတော့သည်။

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က စတင်၍ ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံရေးပါတီဝင်များ၊ အလုပ်သမားများ၊ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာများ၊ ကြည်းတပ်လေတပ်၊ ရေတပ်မှ တပ်မတော်သားများ စုစုပေါင်း၂၃၀ ကျော်ကို နိုင်ငံရေးပုဒ်မဖြင့်တပ်ကာ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့သည်ဟု ၅၃ ရက် အစာငတ်ခံတိုက်ပွဲအပြီး တစ်ကျွန်းထောင်မှ ပြန်လွတ် လာသူ ရဲဘော်ချိုက ပြောသည်။

“ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်မှုဟာ ကျွန်းဖျက်သိမ်းရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး၊ တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်”ဟု ရဲဘော်ချိုက ၄၃ နှစ်မြောက် အစာငတ်ခံတိုက်ပွဲ အထိမ်းအမှတ် အခမ်းအနား တွင် အတွေ့အကြုံများကို ရှင်းပြရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်သူ ရှစ်ဦး သေဆုံးပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရသည် ၁၉၇၁ ခုနှစ် ဇွန် ၉ ရက်တွင် တစ်ကျွန်းစနစ်ကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခဲ့ရသည်။ 

Credit To >> Mizzima - News in Burm <<