Thursday, July 18, 2013

ရင်ထဲက သူရဲကောင်းတွေ.......

သူရဲကောင်းတွေဆိုတာ ကိုယ့်ကိုယ်ကို ငါ သူရဲကောင်းကွ လို့ သတ်မှတ်လို့ ရတဲ့ အမျိုးအစား မဟုတ်ပါဘူး။အများအတွက်၊ လူအများစုရဲ့  ကောင်းကျိုးအတွက် ကိုယ့်အကျိုးတွေအကုန်လုံးကို စွန့် လွှတ်နိုင်ခဲ့ပြီးမှ အများအတွက် ပေးဆပ်ခဲ့ကြရတဲ့သူတွေကိုသာ ပြည်သူက သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြတာပါ။

အာဇာနည်ဆိုတာကတော့ ပိုပြီးတော့ တန်ဖိုးကြီးတဲ့ သူရဲကောင်းတွေရဲ့ ပေးဆပ်အနစ်နာခံမှုတွေအတွက် သီးသန့် ဂုဏ်ပြု အပ်တဲ့ စကားလုံးပါ။ လောကမှာ အာဇာနည်ဆိုတဲ့ စကားနဲ့ ထိုက်တန်တဲ့သူတွေဆိုတာ တစ်ခေတ် တစ်ကာလ ၊ တစ်ကမ္ဘာ လောက်မှာမှ ရှားရှားပါးပါး ပေါ်ပေါက်တတ်တာမျိုးပါ။

အာဇာနည် ဖြစ်လေရော့သတည်း လို့  ၊ ဘယ်သူမှ အမိန့် ပေးလို့ ၊ စေခိုင်းလို့ ၊ ဥံဖွ မန်းပေးလို့ မရပါဘူး။ တံဆိပ်ကပ်လိုက်ရုံနဲ့ လည်း လွယ်လွယ်ဖြစ်တဲ့အရာမျိုး မဟုတ်ပါဘူး။ ပြည်သူက သမိုင်းမှတ်တမ်း ရေးထိုးတာပါ။ ပြည်သူ့ သဘောထားအစစ်ပါ။ ပြည်သူက မှတ်ကျောက်တင်ခဲ့တာပါ။ ပြည်သူချစ်လို့  ထိုးခဲ့တဲ့ ကမ္ဗည်းကျောက်စာပါ။

အဲဒါကြောင့်လည်း အဲဒီမှတ်ကျောက်ကို ဘယ်လိုအမိန့် အာဏာ၊ ဘယ်လို ဖုံးကွယ်မှုမျိုးနဲ့ မှ ဖျောက်ဖျက်ပစ်လိုက်လို့ မရနိုင်တာပါ။ မေ့သွားအောင် စွမ်းဆောင်မှာလား၊ အရေးယူ အပြစ်ပေးပြီး တားမြစ်မှာလား၊ သူတို့ ကို သေးသိမ်ညှိုးနွမ်းအောင် လုပ်မှာလား၊ သေသောသူကြာရင်မေ့အောင် ပျောက်ကွယ်သွားစေလိုက်မှာလား။ ဘယ်လိုနည်းနဲ့ မှ ဖျောက်ဖျက်လို့  မရတဲ့သူတွေကို အာဇာနည်လို့  ခေါ်တာပါ။ ဘယ်လို လွှမ်းမိုးချုပ်ကိုင်မှုမျိုးနဲ့ မှ အာဇာနည်တွေရဲ့  သမိုင်းကို ရိုင်းအောင် မဖိနှိပ်နိုင်ခဲ့တာပါ။

ဒါကိုလည်း ၁၉၆၂ လောက်ကစလိုက်တဲ့ ၊ ပုံမပြောင်းပဲ သဏ္ဍန်သာ ပြောင်းတဲ့ စစ်အာဏာရှင် သက်တမ်းအဆက်ဆက်ကြိုးစားလာကြည့်ခဲ့ကြပြီးသားပါ။ ဖိနှိပ်လေ ၊ အုံကြွလေ၊ ဖုံးကွယ်လေ တောက်ပြောင်လေနဲ့  အာဇာနည်တွေရဲ့ သမိုင်းသာတောက်သထက်တောက်ပ လာခဲ့ရပါတယ်။

အာဇာနည်ကုန်းတွေ၊ အာဇာနည်ဗိမ္မာန်တွေ၊ စီတန်းချီတက်ခွင့်တွေ၊ သွားရောက်ဦးညွတ်ခွင့်တွေ၊ တင်းကျပ်တဲ့စစ်ဆေးမှုတွေ၊ ဥသြသံပေး အလေးအမြတ်ပြု တိတ်ဆိတ်ငြိမ်သက်မှုတွေ ၊ အားလုံးဖျောက်ဖျက်ခံလိုက်ရတာကလည်း ပြည်သူတွေရဲ့ ရင်ထဲကအာဇာနည်ပုံရိပ်ကို နဲနဲလေးမှ ညှိုးမှိန်အောင် မလုပ်နိုင်ခဲ့တာကို အခုထိ အာဏာရှင်တွေ မသိကြသေးတာတော့ အံ့သြစရာပါ။

ကိုယ့်ရဲ့ လုပ်ရပ်ဟာ အောင်မြင်မှုရှိမရှိ ဆိုတာကိုပဲ မသိတာလား၊ သိသိရက်နဲ့  ဇွတ်မိုက်နေတာလား ၊ အောင်မြင်လှလေတယ်လို့ ပဲ ထင်ယောင်မှားနေတာလား ကာယကံရှင်တွေပဲ သိမှာပါ။ ဒါမှမဟုတ် တံခါးပိတ်နေကြရတဲ့ အာဏာရှင်ကြီးများရဲ ရွှေနားတော်အရောက် လေပြေသွေးရဲသူ မရှိတာလည်း ဖြစ်မှာပါ။

ကျွန်တော်တို့  နိုင်ငံမှာ ဗိုလ်ချုပ် လို့  ပြောလိုက်ရင် နောက်ကနာမည် တပ်စရာမလိုပါဘူး။ လူတိုင်းနားလည်တဲ့ ဗိုလ်ချုပ်ဆိုတဲ့ စကားလုံးက ဗိုလ်ချုပ်အောင်ဆန်းကိုသာ ရည်ညွှန်းတာပါ။ ကိုယ့်ဘာသာကိုယ် မရှက်မကြောက် ဗိုလ်ချုပ်မှုးကြီး မကလို့ ၊ ဗိုလ်ချုပ်မှုးချုပ်အကြီးကြီး လို့ ပဲ အမည်တပ်တပ် ၊ ပြည်သူတွေရဲ့  ရင်ထဲက ဗိုလ်ချုပ် ဆိုတဲ့ နေရာကိုတော့ ဘယ်တော့မှ၊ ဘယ်လိုနည်းနဲ့ မှ မရယူနိုင်ပါဘူး။ ခြိမ်းခြောက်လုယူလို့ ၊ အမိန့် ပေးလို့  ရနိုင်တဲ့ အရာတွေထဲမှာ ချစ်ခြင်းမေတ္တာနဲ့ ကြည်ညိုလေးမြတ်မှု ဘယ်တော့မှ မပါဘူးဆိုတာကို တစ်ချို့ အာဏာရှင်ကြီးတွေ သေသည့်တိုင်အောင်လည်း သိချင်မှ သိကြမှာပါ။

ကိုယ်ကလည်း ပြည်သူအပေါ်မှာ ရက်စက်ယုတ်မာမှုအပေါင်းက သရဖူ ဆောင်းထားလိုက်သေး၊ နောက်ဆုံးမှာ ကြံရည်ညှစ်ဖတ်တွေလို အခွံသက်သက်သာ ကျန်နေရစ်ရတဲ့ပြည်သူဆီက မေတ္တာကိုလည်း လိုချင်သေးဆိုရင်တော့ ယောယုဝ ရောက်တဲ့အထိ အဲဒီအရာကို မရနိုင်ပါဘူး။

သွေးရူးသွေးတန်း၊ ကယောင်ကတန်းနဲ့  ၊ ဗိုလ်ချုပ်ရဲ့  ဓာတ်ပုံတွေ အကုန်ဖြုတ်။ အဲဒီနေရာတွေမှာ အကုန်လုံးကိုယ့်ပုံတွေနဲ့ အစားထိုး ချိတ်ဆွဲလိုက်ကြရုံနဲ့  ကိုယ်ဟာ ဗိုလ်ချုပ်နဲ့  တန်းတူသွားပြီ ထင်တဲ့ စိတ်ရောဂါကိုတော့ ဒီကမ္ဘာမှာ ကုသဖို့ ဆေးရှိလိမ့်မယ်လို့ လည်း မထင်ပါဘူး။ ရူးချင်ယောင်ဆောင်တဲ့ ရောဂါဟာ ကုလို့ မှ မရတာပဲ။

ရူးချင်ယောင်ဆောင်တာတော့လည်း မဟုတ်ဘူးနဲ့ တူပါတယ်။ မှတ်မိနေသေးတယ်၊ ဒီမိုကရေစီ အစိုးရပါဆိုပြီး ဘဘပြောင်းတွေ စတက်လာကာစက ၊ မြန်မာ့အတိုက်အခံခေါင်းဆောင်ကို တွေ့ ဆုံညှိနှိုင်းကြရာမှာတော့ ၊ ပြည်သူ့ မေတ္တာချွေယူဖို့ အတွက် ဈေးခေါ်လက်ဖွဲ့ တစ်ခုလို ဗိုလ်ချုပ်ရဲ့  ဓာတ်ပုံကို အသုံးချတတ် ခဲ့ကြတဲ့သူတွေပါ။

မြန်မာပြည်က စစ်အာဏာရှင် အဆက်ဆက်ဟာ စိတ်ရောဂါတစ်ခုလိုမျိုး ဓာတ်ပုံချိတ်ဆွဲချင်ကြ၊ နေရာတကာရှေ့ ဆုံးကကမ္ဗည်းမှတ်တမ်း တင်ခံလိုကြတဲ့ရောဂါရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့ အချင်းချင်း မှာကိုပဲ တစ်ဗိုလ်ပြုတ်လိုက်၊အဲဒီနာမည်တွေ လိုက်ဖျက်လိုက်နဲ့ ၊ ဖေါ်ဖုံး ရောဂါရှင်ကြီးတွေ ဖြစ်နေခဲ့ကြရတာပါ။

ဒါပေမယ့်လည်း သူတို့ ဟာ ကိုယ့်ဘ၀တွေကိုယ် အမှန်မမြင်နိုင်ကြပဲ ကိုယ့်ကိုယ်ကို ကြီးကျယ်မြင့်မြတ်သူတွေအဖြစ် ထင်ယောင်မှား နေလာခဲ့ကြရင်း ၊ ပြည်သူက သူတို့ ကို ပိုမိုစက်ဆုပ်အော့နှလုံးနာလေ၊ အာဇာနည်တွေရဲ့  ပုံရိပ်က ပိုမိုကြွတက်လေ ဆိုတာကို၊ မသိခဲ့ကြပါဘူး။ ဗိုလ်ချုပ်မှုးကြီးကရက်စက်လေ ၊ ရင်ထဲက ဗိုလ်ချုပ်ကို ပိုမိုတမ်းတကြလေပါ။

စစ်အာဏာရှင်ရဲ့  လက်အောက်က လွတ်ယောင်ဆောင်ပြတဲ့၊ ဒီမိုကရေစီအယောင်ပြ အသွင်မပြောင်းတဲ့၊ ဘဘဟောင်းတွေ လက်ထက်တော်ကြီးနဲ့  ပထမဆုံးအကြိမ် ကြုံတွေ့ ရတဲ့ ဗိုလ်ချုပ်နဲ့ တစ်ကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဆုံးရှုံးခံခဲ့ကြရတဲ့ ကျွန်တော်တို့  ပြည်သူတွေရဲ့  အာဇာနည်နေ့ ကို ဘာအသိအမှတ်မှ ပြုမပြချင်ဘူးလား။ ဥသြလေးဆွဲပြီးသတိပေးလိုက်ရဖို့  သိပ်ပြီးဝန်လေးနေလား။ အမှတ်တရ သတိတွေရသွားမှာ မလိုလားဘူးလား။ အလေးအမြတ်ပြုဂုဏ်ပြုလိုက်ရမှာ သိပ်စိုးရွံ့ နေလား။

ကိစ္စမရှိပါဘူး။ ဒီထက်ပြင်းထန်တဲ့ ဖိနှိပ်မှုတွေအောက်ကနေပြီးတော့တောင် ကျွန်တော်တို့  ပြည်သူတွေရဲ့  ရင်ထဲကဗိုလ်ချုပ်ကို ၊ အာဇာနည်တွေကို၊ အာဇာနည်နေ့ တွေကို မှေးမှိန်သေးသိမ်အောင် ခင်ဗျားတို့  မလုပ်နိုင်ခဲ့တာ။ နောက်လည်းဘယ်တော့မှ လုပ်လို့  ရမှာ မဟုတ်ပါဘူး။

အပြင်ဘက်ကအမှတ်တရတွေထက် ရင်ထဲက အမှတ်တရတွေက ပိုပြီးပြင်းထန်တယ်ဆိုတာ ခင်ဗျားတို့  မသိလို့ ပါ။အပြင်ဘက်က မှတ်တမ်းတွေထက် ရင်ထဲက ကဗ္ဗည်းကျောက်စာတွေက ပိုခိုင်မာတယ်ဆိုတာ ခင်ဗျားတို့  မသိလို့ ပါ။အပြင်ဘက်က ယုံကြည်မှုတွေထက် ရင်ထဲက ယုံကြည်မှုတွေက ပိုခိုင်မာတယ်ဆိုတာ ခင်ဗျားတို့  မသိလို့ ပါ။အာဇာနည်ဆိုတာ ပြည်သူက ပေးတဲ့ မှတ်ကျောက်ပါ။ ဘယ်လိုအမိန့် တစ်စုံတစ်ရာနဲ့ မှ ဖျောက်ဖျက်ပစ်လို့  ရတဲ့အရာမဟုတ်ဘူးဆိုတာကို အခုထိ ခင်ဗျားတို့  မသိသေးလို့ ပါ....။ ။

ပြည်ချစ်သူ
17.7.2013