Friday, September 09, 2011

လူထုခေါင်းဆောင်ကပေးသော သင်ခန်းစာ



မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး မူဝါဒများ လျော့ပေါ့လိုက်သည့် အကောင်းဆုံးပြယုဂ်တစ်ခုအဖြစ် ညွှန်းဆိုရမည့်အရာမှာ ဒေါ်အောင်ဆန်း စုကြည်၏ အင်တာဗျူးနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသော ဆောင်းပါးကို ပြည်တွင်း ဂျာနယ်နှစ်ခုတွင် ဖော်ပြခွင့်ရခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စ၏ နောက်ကွယ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခြင်းထက် ပိုမိုသော အကြောင်းအရာများ ရှိနေသည်။ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်လိုဟန်ပြခဲ့ပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသည့် နောက်ပိုင်းတွင် လူထုခေါင်းဆောင်၏ အခန်းကဏ္ဍမှာ ပြည်သူလူထုအကြား ပို၍ ပီပြင်လာခဲ့သည်။ သို့ရာတွင် ဝန်ကြီးထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ ဖြစ်နိုင်သောဝန်ကြီးနှင့် မဖြစ်နိုင်သော ဝန်ကြီး ဟူ၍ ကွဲထွက်လာရာ ပြန်ကြားရေးဝန်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိခဲ့သဖြင့် သူမကို လိုလားသူများထဲတွင် ဦးကျော်ဆန်း မပါဝင်ဟု မှတ်ချက်ချ၍ ရသည်။ ယခုတော့ ၎င်းဦးစီးသည့် စာပေစိ စစ်ရေးက လူထုခေါင်းဆောင်နှင့် ပတ်သက်သော စာပေများကို ခွင့်ပြုလိုက်ပြီဖြစ်သည်။
ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်ရေးသားသော ဆောင်းပါးကို စာပေစိစစ်ရေးမှ ပြင်ဆင်ဖြတ်တောက်ရန် ကြိုးပမ်းသဖြင့် သူမနှင့် စာပေစိစစ်ရေး ထိပ်တိုက်တိုးတော့မည်ဟု ပြည်ပမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ သက်ဆိုင်ရာဂျာနယ်မှ စာမူကို ပယ်ခြင်းမဟုတ်ကြောင်း လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ဆဲသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ နိုင်ငံရေး မာနကြီးလှသော လူထုခေါင်းဆောင်သည် သူမ၏ စာမူများ အပယ်ခံရပါက၊ အပြင်ခံရပါက ဖော်ပြခြင်းမပြုရန် မေတ္တာရပ် ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယခုတော့ သူမနှင့် ပြောဆိုထားသော အင်တာဗျူး၊ သူမကိုယ်တိုင်ရေးသားသော ဆောင်းပါး များကို ပြည်သူများဖတ်ရှုရပြီဖြစ်သလို ဖော်ပြခွင့်ရခဲ့သော ပြည်တွင်း ဂျာနယ်နှစ်စောင်အနေဖြင့် ပြည်ပမီဒီယာ ထက်ပို၍ သြဇာရှိကြောင်း ပြသနိုင်ခဲ့သည့် သမိုင်းဝင် ဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။
လူထုခေါင်းဆောင်၏ အင်တာဗျူးတွင် လူငယ်ထု အကြောင်းကို အသားပေး၍ မေးမြန်းဖြေကြားထားသည်ကို တွေ့ရသည်။ ဖတ်ရသူအချို့က ဒေါ်အောင်ဆန်းစုကြည်မှ ဟုတ်ရဲ့လားဟု သံသယပွားရလောက်အောင်ပင် စိတ်ဝင်စားလောက်ဖွယ် အကြောင်းအရာ ကြီးကြီးမားမား မတွေ့ရပါ။ လူငယ် ထုကို စာများများ ဖတ်ဖို့သာ အကြံပြုထားသည်။ မေးသည့် မေးခွန်းက နိုင်ငံရေးအား မပါ၍ဟု ယူဆရမည်ဆိုပါက မေးသူ သတင်းထောက်၏ ညံ့ဖျင်းမှု မဟုတ်ပေ။ သတင်းထောက်ဆိုသည်မှာ စာပေစိစစ်ရေးအကြောင်း နောကျေအောင်သိထား၍ ပထမဆုံး ဖော်ပြခွင့်ရမည့် လူထုခေါင်းဆောင်နှင့် အင်တာဗျူးကို အပယ်မခံနိုင်၍ ငြိစွန်းနိုင်သည့် မေးခွန်းမေးမြန်းခြင်း မပြုခဲ့ခြင်းသာ ဖြစ်သည်။ အကယ်၍ မေးလာလျှင် လူထုခေါင်းဆောင်သည် ဖော်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူမယုံကြည်ချက်အတိုင်းသာ ဖြေကြားမည်ဖြစ်သည်။ သို့သော် ပြည်သူလူထုသည် ၎င်းတို့ချစ်သော လူထုခေါင်းဆောင်၏ အင်တာဗျူးကိုတော့ ဖတ်ခွင့်ရခဲ့ပြီဖြစ်သည်။ ဆိုခဲ့သလိုပင် အင်တာဗျူးတွင် လူထု စိတ်ဝင်စားလောက်မည့် ကိစ္စမျိုး မပါဝင်ပေ။ လူငယ်နှင့် စာဖတ်ခြင်း အကျိုးကို အသားပေးပြောထားသည်။ သင်ခန်းစာယူစရာမှာ လူငယ်တွေ အပျော်ဖတ်ဝတ္ထုများမှ ခွဲထွက်၍ အကျိုးရှိမည့်စာပေများ လေ့လာရန်နှင့် ယနေ့ခေတ် လူငယ်တို့မှာ ကံကောင်းကြောင်း၊ အထူးသဖြင့် ယခင်ခေတ်က ကျောင်းသားနှင့် ယှဉ်လိုက်လျှင် အိုင်တီပညာရပ်ကို အကျွမ်းတဝင် ရှိခြင်းမှာ အားသာချက်တစ်ခုဖြစ်ကြောင်း ဖြေကြားထားသည်မှာ လူငယ်များ သတိပြုစရာ ဖြစ်သည်။ ရိုးရိုးရှင်းရှင်း စကားဟုပင်ဆိုစေကာမူ ယူတတ်လျှင် ယနေ့ခေတ် လူငယ်သည် သင်ယူ စရာများစွာ ရှိနေ သည်ကို ပြဆိုနေသည်။
ဒုတိယ တစ်ကြိမ်မှာတော့ သူမ၏ ကိုယ်တိုင်ရေး ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး အပန်းဖြေနေ့ရက်များဟု ခေါင်းစဉ်တပ်ထားသည်။ သူမနှင့် သူမ၏ သားငယ် ကိုထိန်လင်းတို့ ပုဂံသို့ ဘုရားဖူးသွားရောက်သည့် အကြောင်းအရာကို ရေးဖွဲ့ထားခြင်းသာ ဖြစ်သည်။  ဆောင်းပါးအစတွင် သူမ၏ငယ်ဘဝ ခရီး အတွေ့အကြုံများ၊ နိုင်ငံတကာခရီး အတွေ့အကြုံများကို ရေးသားထားသည်။ ပြည်သူတို့ သိချင်သော သူမဘဝ၏ တစ်စိတ်တစ်ဒေသကို မြင်တွေ့ရသည်။ ခွေးကလေး၏ နာမည်ကို ဂျပန်နာမည်ပေးထားခြင်းက သူမ၏ ဖခင်အကြောင်းနှင့် ရဲဘော်သုံးကျိပ်အကြောင်းကို လေ့လာရန် ဂျပန်နိုင်ငံသို့ သွားရောက် စာသင်ခဲ့သည့် သူမဘဝ တစ်စိတ်တစ်ပိုင်းကို တွေ့ရသည်။ ခရီးသွားဆောင်းပါးတွင် ဦးခွန်သာမြင့်နှင့် ဦးဟန်သာမြင့်တို့ ညီအကိုနှစ်ဦးအကြောင်းကို သတိတရ ရေးသည်။ ဦးခွန်သာသည် သူမ၏ အနီးကပ်လူယုံ၊ အရေးပါ သည့် လုပ်ဖော်ကိုင်ဖက်၊ သူမ၏ဖခင် ဗိုလ်ချုပ်နှင့် ထိုညီအကိုတို့၏ဖခင် ဦးသိန်းဖေမြင့်တို့သည် ငယ်စဉ်တည်းက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပြီး နောက်ပိုင်းတွင် နိုင်ငံရေးအယူအဆ ကွဲပြားသွားစေကာမူ တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုများကို အပြန်အလှန် လေးစားသမှုရှိခဲ့ခြင်းက သားသမီးများ ရဲဘော်ရဲဘက်များအဖြစ် လုပ်ကိုင်လာနိုင်စေရန် လမ်းပြနိုင်ခဲ့သည်ဟု ရေးသားထားသည်။ ထိုကိစ္စသည် လွယ်ကူသော ကိစ္စမဟုတ်ဟု သူမကိုယ်တိုင် ရေးသား ထားသည်။ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ သင်ခန်းစာ ယူဖွယ်ပင် ဖြစ်သည်။ အဖေတွေက နိုင်ငံရေး ပြိုင်ဘက်၊ သားသမီးတွေက ရဲဘော်ရဲဘက်၊ သို့သော် ဖခင်တွေက သိက္ခာရှိသူတွေပီပီ တစ်ဦးနှင့် တစ်ဦး အယူ အဆမတူစေကာမူ လေးစားသမှုရှိရှိ စံပြနေထိုင်ခဲ့ခြင်းကြသဖြင့် မတူကွဲပြားမှုများကို လက်ခံနားလည်နိုင်မှု၊ လူလူချင်း လေးစားမှုများကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ခဲ့သည်မှာ အတုယူစရာကောင်းသည်။ ငါ့အဖေ၊ ငါ့ဦးလေးမရှိ၊ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ အတွက် သင်ခန်းစာပေးသည့် ဆောင်းပါး တစ်ပုဒ်ပင်ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ယခုအချိန်မှာ အပြောင်းအလဲကာလ ဖြစ်သဖြင့် အရာရာကို မြေစမ်းခရမ်းပျိုးရသော အခြေအနေတွင်သာ ရှိနေသေးသည်။ ယခု လူထုခေါင်းဆောင်၏ စိတ်နေစိတ်ထားနှင့် ခံစားချက်များ၊ လူငယ်တွေကို ပြောချင်သော စကားများကို သိတန်သလောက်သိရပြီ ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဒီပဲယင်းကိစ္စ၊ နိုင်ငံရေးကိစ္စ၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ ၉၀ရလဒ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ စသည်ဖြင့် လူထုခေါင်းဆောင်၏ ခံယူချက်များကို သိချင်ကြပေလိမ့်မည်။ လူထုခေါင်းဆောင်၏ စိတ်ထဲတွင် ဘာတွေရှိနေသနည်း ဆိုသည်ကိုလည်း ပို၍ သိကြပါလိမ့်ဦးမည်။ ယခု ဖော်ပြခွင့်ရသော အင်တာဗျူးနှင့် ဆောင်းပါးတွင်ပင် သင်ခန်းစာတွေ အများကြီးပေးထားခဲ့ပြီဖြစ်ရာ ယူတတ်လျှင် ရသမျှ အမြတ်ချည်းဟုသာ ဆိုရပေ လိမ့်မည်။
http://transparencymyanmar2010.blogspot.com/
.

0 comments: