Wednesday, March 13, 2013

သြော်....ခုတော့ဖြင့် မကြင်လို....တဲ့

by Pyay Chit Thu

ဒီနေ့ ဒေါ်စုက ဓါးခုတ်ရာ လက်ဝင်လျှိုတဲ့ကိစ္စနဲ့  ငြင်းဆန် ကန့် ကွက် မောင်းထုတ်ခံနေရတယ်။သမ္မတကြီးက ၀န်ထမ်းတွေ လစာတိုးပေးတော့မယ်လို့  အရိပ်အမြွက် ပြောပြီးတော့ ကောင်းချီးမင်္ဂလာ ခံယူနေတယ်။ ဒါတောင် အတိအကျ ပြောတာ မဟုတ်ဘူး။ ပြီးရင် ထုံးစံအတိုင်း တောလိုလိုတောင်လိုလို လုပ်ပြီး ရူးချင်ယောင် ဆောင်သွားဦးမှာလားဆိုတာ ဘယ်သူမှ သေချာ မသိဘူး။

သမ္မတကြီးကိုတော့ဖြင့် လူတွေက ၀ိုင်းပြီးချစ်ကြ ၊ သနားကြနဲ့ ။ အခုတော့ဖြင့် ဒေါ်စုကို မုန်းကြတောက်ခေါက်ကြ ၊ သံပုန်းတီးကြသတဲ့။ တရားကျစရာပါ။ သြော်...လှည့်စားလို့ လွယ်လိုက်တဲ့ ကျွန်တော်တို့ ပြည်သူတွေ ၊ ဖျားယောင်းလို့  လွယ်လိုက်တဲ့ ၊ မေ့လွယ်ပျောက်လွယ် ရှိကြလှတဲ့ ကျွန်တော်တို့ ပြည်သူတွေပါ။ ကမ္ဘာ့အံ့ဖွယ် အစိုးရနဲ့ ကမ္ဘာ့အံ့ဖွယ် ပြည်သူတွေ လို့ ပဲ ပြောရတော့မလိုပါ။ တရားခံအစစ်ကို မေ့နေကြပါပြီ။ တရားခံအစစ်ကို မေ့သွားကြပါပြီ။ လိမ်လည်လှည့်စားရာကို အလွယ်တကူပဲ ပျော်ဝင်ခဲ့ကြပါပြီ။

တိုက်ဆိုင်မှုတွေက တဆိတ်တော့ အစီအစဉ်တကျ နိုင်လွန်းလှတယ်လို့  ထင်မိတယ်။တရုတ်က ဟိုတလောက နော်ခမ်းကို အကျယ်တ၀င့် သတ်ပြတယ်။ ရေးကြီးခွင့်ကျယ် ကြေငြာပြတယ်။ အလကားနေရင် ပြတာမှမဟုတ်ပါဘူး။ သေဒဏ် နှစ်နှစ်ခြိုက်ခြိုက် ပေးလေ့ရှိတဲ့ နိုင်ငံမို့ တစ်နှစ် တစ်နှစ် သေဒဏ်ပေးတဲ့ အမှုပေါင်း အများကြီးထဲမှာမှ နော်ခမ်းက အရေးပါခဲ့တာ။နော်ခမ်းဖြစ်နေလို့  ၊ ဘိန်းဘုရင်ဖြစ်နေလို့ ၊ သူတို့ တရုတ်တွေ အသတ်ခံလိုက်ရလို့  ဆိုတာထက်ကြိးမားနက်ရှိုင်းတဲ့ အကြောင်းတရားတွေ ပါနေခဲ့တာကို ကြည့်တတ်တဲ့သူတိုင်း မြင်နေခဲ့ကြရတာပါ။

သူ့ ရဲ့  ဒေသတွင်း သြဇာအာဏာကို မိုက်မိုက်ကန်းကန်း ပြလိုက်တာပါ။ဒေသတွင်းက သူ့ ရဲ့  အရှိန်အ၀ါကို လာမစမ်းလိုက်ကြလေနဲ့ လို့  စိန်ခေါ်ပြလိုက်တာပါ။

အခု လက်ပန်းတောင်းတောင်က လက်ပန်းတောင်းသက်သက် ရှိနေခဲ့တာ မဟုတ်ပါဘူး။ လက်ပန်းတောင်းရဲ့ နောက်က ဦးပိုင် ၊ ဦးပိုင်ရဲ့ နောက်က ၀မ်ပေါင် ၊ ၀မ်ပေါင်ရဲ့ နောက်က Norico စစ်လက်နက် ကုမ္ပဏီ ၊norico ရဲ့  နောက်က တရုတ်အစိုးရ ၊ တရုတ်အစိုးရရဲ့  နောက်က သွားလေသူ အာဏာရှင်ကြီးများရဲ့  တရုတ်မှာ အခြေစိုက် အားကိုးပြုထားကြရသော မိသားစု အကျိုးစီးပွားများ ဖြစ်နေကြတာပါ။တစ်ခုနဲ့ တစ်ခုကို အကြောင်းတရားများစွာက ဆက်နွယ်ရစ်ပတ်နေခဲ့ကြပါတယ်။

ပြောရရင်တော့ လက်ပန်းတောင်းတောင်ကြောင့် နော်ခမ်း အကျယ်တ၀င့် သေဒဏ်ပေးခံခဲ့ရတာဆိုရင်တောင် မမှားနိုင်ပါဘူး။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ဖို့  ကြိုးစားနေတာမှာသူတို့ အတွက် အကျိုးမဲ့ အချည်းအနှီး ဖြစ်စေတာမျိုး ၊ အလဟသ ဖြစ်စေတာမျိုးကို အမိုက်မဲခံပြီးမှားလေ့မရှိပါဘူး။ တရုတ်ရဲ့  ရပ်တည်ချက်ဟာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒပါ။

အခုလက်ပန်းတောင်း ပြသနာမှာ တရုတ်က ၀မ်ပေါင်ကို လုံးဝ အလျှော့ပေး ဆုံးရှုံးခံလိမ့်မှာ မဟုတ်ပါဘူး။ဝမ်ပေါင်က သာမန်ကုမ္ပဏီ မဟုတ်ပဲ တရုတ်နိုင်ငံရဲ့  ဒေသတွင်း စိုးမိုးထားနိုင်မှု ၊ တရုတ်ရဲ့  ဂုဏ်သိက္ခာဖြစ်နေရုံသာမက အရေးကြီးတဲ့အချက် သူတို့ ရဲ့  အကျိုးစီးပွားတွေအတွက် လုံးဝ ဦးကျိုးခံမှာ မဟုတ်တာပါ။လက်ပန်တောင်းကို လျှော့ပေးလိုက်ရရင် ကျောက်ဖြူလာတော့မယ်။ သူတို့ နိုင်ငံအတွက် အလွန်အရေးပါတဲ့ဈေးချိုချိုချောင်ချောင် အောက်ဈေးနဲ့  ရထားတဲ့ သဘာဝ ဓာတ်ငွေ့  သိုက်တွေကိုပါ မကြာခင် လက်လျှော့ပေးလိုက်ရလိမ့်မယ်။ ဒါတွေကို တရုတ်က ဘယ်လိုနည်းနဲ့ မှ လက်ခံလိမ့်မှာ မဟုတ်ပါဘူး။

လိုအပ်ရင် ဘာကိုမဆို လုပ်ပါလိမ့်မယ်။ ဘယ်လိုကောက်ကျစ်တဲ့ နည်းလမ်းကိုမဆို သုံးပါလိမ့်မယ်။ဦးအောင်မင်း တရုတ်ကို ကြောက်ရပါတယ်လို့  ၀န်ခံသွားတယ်။ အကြောင်းမယ့် မဖြစ်နိုင်ပါဘူး။ စစ်ဗိုလ်ချုပ်ဟောင်းတွေအနေနဲ့  မတတ်သာတော့လို့ သာ ရှက်ရှက်နဲ့  ပွင့်အံလာတယ်လို့  ယူဆရပါတယ်။

အခုကော်မရှင်ရဲ့  အစီရင်ခံစာက ဒေါ်စု အတတ်နိုင်ဆုံး ရှဥ့်လည်းလျှောက်သာအောင် ၊ ပျားလည်းဆက်စွဲသာအောင် အတတ်နိုင်ဆုံး ကြိုးပမ်းပေးထားချက်ပါ။ သူ့ အနေနဲ့  ထည့်သွင်းစဉ်းစားရမယ့် အချက်တွေအလွန်မှ များလိမ့်မယ်လို့  တွေးကြည့်လို့  ရပါတယ်။ ငါးတကာယိုထားတဲ့ အညစ်အကြေးတွေကို မိုက်မိုက်မဲမဲ ခေါင်းထိုးခံ ပေးနေတာပါ။ မသိလို့  ၊ အ လို့ ၊ မိုက်မဲလို့ ၊ ပေါ်ပြူလာ ဖြစ်ချင်လွန်းလှလို့  ၊ ခေါင်းဝင်ခံတာ မဟုတ်ပါဘူး။

ဒေါ်စုက မြန်မာ့နိုင်ငံရေးမှာ လက်ခုပ်သံတွေနဲ့  နှစ်ပေါင်းများစွာ အကျွမ်းဝင်ခဲ့တာပါ။ ပြည်သူဘာကြိုက်တယ်ဆိုတာနဲ့  ပြည်သူ့ အကြိုက် ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်း ပိုင်နိုင်ကျွမ်းဝင်တဲ့သူပါ။ သူလိုလူက ဒီလို ပြည်သူ့ အကြိုက်မလိုက်နိုင်တော့တာ ၊ ပြည်သူတွေ မုန်းနိုင် ၊ စိတ်ဆိုးနိုင်မှန်းသိသိရက်နဲ့  လုပ်တာဟာ သူ့ မှာ လုပ်ရမယ့် အကြောင်းတရားတွေ သေချာပေါက် ရှိနေလို သာ ဖြစ်မှာပါ။

ကျွန်တော်တို့  သာမန်လူတွေ သိထားတာထက် ဘယ်လောက်ကြီးမား နက်ရှိုင်းတဲ့ ပြသနာတွေ နောက်ကွယ်မှာ ရှိနေလိမ့်မလဲဆိုတာ မှန်းဆကြည့်ကြရပါလိမ့်မယ်။ အခန့် မသင့်ရင် လက်ပန်းတောင်းဟာ တိုင်းပြည်ကိုချောက်ထဲပြန်တွန်းပို့ မယ့် ၊ စစ်အာဏာရှင်အကြိုက် ထိုးကျွေးမယ့် ဇာတ်ရုပ် ဖြစ်မသွားပါဘူးလို့  ဘယ်သူမှအာမမခံနိုင်ပါဘူး။ ဒီအချက်ကို ပြည်သူတွေ သတိပြုကြရပါလိမ့်မယ်။

အနိုင်ရအောင်တိုက်တဲ့နေရာမှာ စိတ်ရှည်ဖို့ ၊ ဇွဲကောင်းဖို့ ၊ နည်းပရိယယ် ကြွယ်ဝဖို့ ၊ မဟာဗျူဟာ မြောက်ဖို့ ဦးတည်ချက် ပျောက်မသွားဖို့  အရေးတကြီးလိုအပ်ပါတယ်။

လက်ပန်းတောင်းတောင်က အခုမှ သတ္တုစထုတ်တာ မဟုတ်ပါဘူး။ နှစ်၃၀ထက်မနည်း ထုတ်လာတာ ကြာခဲ့ပါပြီ။နဂိုကတည်းက ရေမထွက်တာ။ ရေချိုရှားပါးတာ။ မိုးခေါင်တောတွေမို့  လယ်စိုက်မရ ၊ ယာခင်းအချို့ သာ ဖြစ်နေခဲ့ကြရတာပါ။ အခုကြမှ ချက်ချင်းကြီး သဘာဝ ပတ်ဝန်းကျင်ကြီးက လူနေမရ ၊ ငတ်ပြတ်သွားရလောက်အောင်ပျက်စီးချို့ ယွင်းသွားခဲ့ရတာ မဟုတ်ပါဘူး။ နဂိုကတည်းကိုက သဘာဝတရားက မျက်နှာသာပေးတာ မခံခဲ့ကြရတဲ့ဒေသပါ။

မန်မာ အိုင်ဗင်ဟိုး မတိုင်ခင် မဆလ ခေတ်လယ်လောက်ကတည်းက တူးဖော်လာခဲ့ကြတာပါ။ အဲဒီကတည်းက မိုင်းမြို့  ရယ်လို့  စာသင်ကျောင်းနဲ့  ဆေးရုံနဲ့  ရေရရှိရေးနဲ့  သွပ်မိုးသွပ်ကာ အိမ်ရာတွေနဲ့  စံနစ်တကျ သတ္တုတွင်းမြို့ တည်ပေးထားခဲ့တာပါ။ ကနေဒါတွေ မရောက်ခင်က ယူဂိုဆလဗ် နိုင်ငံသားတွေ လာရောက် အမှုထမ်းနေခဲ့ကြတာပါ။တစ်ခုပဲ ပြောစရာရှိတာက သတ္တုတူးဖော်ကြတာခြင်း တူရင်တောင် အနောက်က နိုင်ငံတွေက သဘာဝ ပတ်ဝန်းကျင်မထိခိုက်ရအောင် ၊ ဒေသခံတွေနဲ့  အဆင်ပြေအောင် ညှိညှိနှိုင်းနှိုင်း လုပ်ခဲ့ကြတာပါ။

နဂိုကမှ သီးနှံကောင်းကောင်း မဖြစ်ထွန်းတဲ့ ယာခင်းတွေကို မြေယာ အသုံးပြုခ ထိုက်ထိုက်တန်တန် ပေးခဲ့တာ၊အသုံးပြုပြီးသား မြေထဲကနေ ကြေးနီ အကြွင်းအကျန်ကို ထပ်မံ ရှာဖွေခွင့် ပေးခဲ့ရုံသာမက အဲဒါကိုပါ ကုမ္ပဏီကပြန်ဝယ်ပေးခဲ့တာပါ။ ရွှေဥ ဥပေးနေတဲ့ငန်းလိုမျိုးပဲ တောင်တွေကို ချက်ချင်းအားလုံး ဖြိုမပစ်ပဲ နေ့ စဉ် ဥပေးနေတဲ့ငန်းတစ်ကောင်ကို ကရုစိုက်သလိုမျိုး အများကြီး ပါးနပ်လိမ္မာခဲ့တာပါ။

တရုတ်ကုမ္ပဏီတွေ လက်ထက်မှာတော့ တောင်တွေဟာ အရှိန်အဟုန်နဲ့  ပျောက်ကွယ်ကုန်ခဲ့ကြတာ ၊ ဒေသခံယာခင်းတွေကို နှစ်စဉ် မြေငှားခ ပေးပြီး အသုံးပြုနေတာမျိုးတွေ မဟုတ်တော့ပဲ ဦးပိုင်ကို ပေးထားရတာနဲ့ တန်အောင် စစ်အာဏာကိုအသုံးပြုပြီး မြေယာ အပြီးသိမ်းတာမျိုးကို လျော်ကြေး မစို့ မပို့ ပေးပြီး ဇွတ်အနိုင်ကျင့်ခဲ့ကြတာပါ။ အသုံးပြုပြီးသား မြေတွေကိုပါ ကြေးနီ ထပ်မံရှာဖွေတာမျိုးကိုလည်း ခွင့်မပြုတော့ပါဘူး။ အဲဒါက လက်ပန်းတောင်းပြသနာရဲ့  အစပါ။အဲဒီက စတဲ့ ပြသနာပါ။ သဘာဝ ပတ်ဝန်းကျင်ကြီး စတင်ပျက်စီးစ ပြုနေတဲ့ အခါတွေတုန်းက အခု သံမဏိမယ်လို့ ဝိုင်းဝန်းမြှောက်ပင့်ပေးနေကြတဲ့ မိန်းကလေးတွေ မွေးတောင်မမွေးသေးပါဘူး။

စားဝတ်နေရေးက နဂိုကတည်းက ကျပ်တည်းကြရပြီး ၊ သဘာဝတရားကလည်း မျက်နှာသာပေးဖို့  နဂိုကတည်းကမေ့လျော့ခံထားရတဲ့ ဒေသတွေပါ။ အခု ကော်မရှင်က ဖော်ပြသလို ဒေသခံတွေအတွက် အဓိက စားဝတ်နေရေးပြေလည်အောင် ဖန်တီးပေးဖို့ ဆိုတာ ဒေသခံတွေအတွက် သင့်လျော်ကောင်းမွန်တဲ့ အဆိုပြုချက် တစ်ခုပါ။

မြန်မာနိုင်ငံအရပ်ရပ်မှာ ဒီမိုကရေစီလို့  ပြောတဲ့အစိုးရ တက်ပြီးနောက်ပိုင်းမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာတောသူတောင်သား အလုပ်သမား လယ်သမားတွေကို နောက်ကွယ်ကနေ ကြိုးကိုင် မြှောက်ပင့် ပေးနေတဲ့သူတွေ ရှိနေပါတယ်။ သူတို့ ဟာ အချိန်ရော ငွေပါ ရင်းထားနိုင်ပြီး အဲဒီသူတို့ စည်းရုံးမယ့် သူတွေနဲ့  အတူနေ အတူစားပြီးသူတို့ သြဇာ လွှမ်းအောင် ကြိုးကိုင်ထားနိုင်ကြပါတယ်။ ဘယ်သူ့ စကားမှ နားမ၀င်တော့အောင် သူတို့ သေဆိုသေ၊ရပ်ဆိုမှရပ်အောင် ချုပ်ကိုင်ထားနိုင်ကြတယ်လို့  အဆိုရှိပါတယ်။ ဒေါ်စုလည်း No ၈၈လည်း No ဆိုပြီးတော့ အဲဒီဆန္ဒပြမှုတွေမှာ ဘယ်သူမှ ၀င်ဖြေရှင်းလို့  မရပါဘူးလို့  ပြောပါတယ်။

မိုးထိမိုးမိပြသနာ ၊ မအူပင်ပြသနာ နဲ့  အခု လက်ပန်းတောင်းတောင် ပြသနာတို့ မှာ အဲဒီလူတွေရဲ့  ကြိုးကိုင်ထားမှုကိုအသေအချာတွေ့ ရတယ်လို့  ပြောကြပါတယ်။ နိုင်ငံတကာက အလုပ်သမားအရေး ကျွမ်းကျင်သူ ဆိုသူတွေရဲ့ တိုက်ရိုက်သြဇာ လွှမ်းမိုးမှုကို ခံယူကြတယ်လို့  ဆိုပါတယ်။ ၈၈ က ခေါင်းဆောင် အချို့ ဆီက ရရှိတဲ့ သဘောထားမှတ်ချက်အချို့ ပါ။

ဖြစ်နိုင်တဲ့ အကြောင်းတရားတွေဆိုတာ စေ့စေ့တွေးကြည့် ၊ မြင်ကြည့်ရင် ကျွန်တော်တို့  သိနိုင်မြင်နိုင်ကြရမှာပါ။အဲဒီလူတွေ ဘာရည်ရွယ်ချက်တွေနဲ့  လုပ်ဆောင်နေကြတယ် ဆိုတာကို ကျွန်တော်တို့  သိအောင်မြင်အောင်ကြည့်ကြမှ ဖြစ်ပါလိမ့်မယ်။ အကြိမ်ကြိမ် နစ်ဖူးပြီးသား နွံထဲကို လူအတွေလို အကြိမ်ကြိမ် ပြန်မဆင်းကြရဖို့ အရေးကြီးပါတယ်။

ဆင်းရဲနွမ်းပါးပါတယ်ဆိုတဲ့ ကလေးမလေးဟာ အရင်တစ်ခါ ဆန္ဒပြမှုနဲ့  အခုတစ်ကြိမ်အကြားမှာ ပြောင်လက်တောက်ပ အရောင်တစ်ချို့ ထွက်လာပါတယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ပါဘူး။ ဘေးပယောဂ က ဘာတွေ ဖြစ်မလဲဆိုတာကို စဉ်းစားကြည့်လို ခဲ့တာပါ။ သူတို့ ကို ဘယ်လိုအရာတွေကများ သွေးထိုးမြှောက်ပင့်ထားနေကြသလဲ ဆိုတာကို အဖြေထုတ်ကြည့်စေချင်တာပါ။

တိုင်းသူပြည်သားတွေဟာ သူတို့ နဲ့ တန်တဲ့ အစိုးရကိုသာ ပိုင်ဆိုင်ရရှိကြတာပါ လို့  ကျွန်တော့်ကို လူတစ်ယောက်က ကျွန်တော့်ရဲ့  ပို့ စ် တစ်ခုအောက်မှာ လာပြောသွားတုန်းက ကျွန်တော် တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်ရဲ့  တိုင်းပြည်အတွက် ကျွန်တော် ပိုပြီးတော့ စိတ်မကောင်းဖြစ်ပါတယ်။

စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့လိုက် သမျှထဲမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့  အသိညဏ်က နှမျောစရာအကောင်းဆုံးနဲ့  တန်ဖိုးအကြီးဆုံး ဖြစ်မယ်လို့  ထင်ပါတယ်။ ။
ပြည်ချစ်သူ