Monday, November 12, 2012

ငလျင်နှင့်ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်

ယနေ့နံနက်တွင်ဖြစ်ပေါ်ခဲ့သောငလျင်နှင့်ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အရှေ့မြောက်ဘက် (၄၅)မိုင်ကွာ အရပ်ကို ဗဟိုပြု၊ (၆.၈) ပြင်းအားငလျင်လှုပ်ခတ်
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တိုင်းထွာချက်များအရ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၀၇း၄၃ နာရီအချိန်တွင် စစ်ကိုင်းတိုင်းရွှေဘိုမြို့ အရှေ့မြောက်ဘက် (၄၅)မိုင် ကွာ အရပ်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး (၆.၈)အင်အားရှိ ငလျင်တစ်ရပ် လှုပ်ခတ်သွားပါသည်။
ငလျင်ကြောင့် ရဲရွာရေအားလျှစ်စစ်၊ ကင်းတားဆည်တို့တွင်
ထူးခြားမှုမရှိဘဲ အသေးစိတ်ကို စစ်ဆေး လျက်ရှိပါသည်။
ဆည်တော်ကြီးရေလှောင်တမံတွင် ရေအားလျှပ်စစ်စက် (၂)လုံးရပ်သွားပြီး တာတမံထူးခြားမှု မရှိပါ။
ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင်မူ နံနက် ၀၈း၃၀ နာရီအချိန်ထိ ငလျင် (၅) ကြိမ်ဆက်တိုက်လှုပ်ပြီး နေအိမ်အဆောက်အဦးအချို့နှင့်ဘုရားစေတီအချို့ ပျက်စီးမှုရှိခဲ့ရာ လူ (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ရတနသိင်္ခမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် (ကျောက်မြောင်း) ဘက်အခြမ်း တံတားသံဘောင်ဆင်ပြီး (၁) ခန်းကျော်ရှိရာ လုပ်ငန်းခွင်အသုံးပြုနေသည့် တာဝါ ကရိန်းတစ်ခုနှင့် သံဘောင်များ မြစ်အတွင်းလှေပေါ်သို့ ပြုတ်ကျသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် လှေတစ်စင်းနှင့် ဇက် တစ်စင်း နစ်မြုတ်သွားခဲ့ရပြီး လူ တစ်ဦးသေ၊ ၁၈ ဦး ဒဏ်ရာရ၊ လူ(၅) ဦး ပျောက်ဆုံးလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ဆဲဖြစ်ပါသည်။ ရေလည်တိုင်များ ထူးခြားဖြစ်ပွားမှု မရှိ(မရှိ)ဘဲ တံတားချဉ်းကပ်လမ်းများတွင် အက်ကြောင်းများ ပေါ်လာခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းနှင့်အဖွဲ့ဝင်များသည် အချင်းဖြစ်ပွားရာ နေရာသို့ မန္တလေးမြို့မှ ၀၉း၀၀ နာရီအချိန် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် အိမ်ခြေ (၁၀၀) လုံးခန့် ပျက်စီးခဲ့ပြီး လူ (၁) ဦးသေဆုံး၊ (၆) ဦး (စိုးရိမ်ရ)၊ (၁၈) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ မိုးကုတ်မြို့နယ်တွင် ဘုရားစေတီ (၃)ဆူ ထိခိုက်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိ ( မရှိ)ပါ။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများ
- အောင်မြေသာစံမြို့နယ်
စန္ဒာမုနိဘုရား၊ လေးမျက်နှာဘုရား၊အရိပ်မထွက်ဘုရားများ၏ စိန်ဖူးတော်များ မြေခခဲ့ရသည်။
- ချမ်းအေးသာစံမြို့နယ်
ရွှေဘုံသာဘုရား စိန်ဖူးတော်မြေခခဲ့ပြီး ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ သစ်မင်းရာဇာကုမ္ပဏီဝန်ထမ်း အိမ်ရာ (၅) ခန်းတွဲ နှစ်ထပ်မှ ( ၁ ) ခန်း ( နှစ်ထပ်) ပြိုကျခဲ့ပါသည်။
- မဟာအောင်မြေမြို့နယ်
ကံလှ ဓမ္မာရုံအပေါ်ပြာဿဒ်ပျက်စီး၊ ဦးရွှေရိုးဘုရားကြီးစောင်းတန်း အနောက်ဘက်အုတ်နံရံ အက်ကွဲခြင်း၊ ရွှေဘုန်းရှိန်ရပ် ဦးစိန် ပိုင်ဆိုင်သည့် RC (၂)ထပ် အဆောက်အဦး အထက်အောက် အလျား (၃၅)ပေ၊ အကျယ် (၃) လက်မခန့် အက်ကွဲခဲ့သဖြင့် နေအိမ်အတွင်းမှ နေထိုင်သူများအား ထွက်ခွာစေခဲ့ပါသည်။ အမှတ်(၇) ရဲစခန်း အနောက်ဘက် အုတ်တံတိုင်းပေ(၇၀)ခန့် ပြိုကျ ပျက်စီးခဲ့ပါသည်။နန်းဦးစေတီ အရှေ့ဘက်မုခ် အပေါ်ပြာဿဒ် အလျား(၈)ပေ အမြင့်(၃)ပေခန့် ပြိုကျခဲ့ပါသည်။
- အမရပူရမြို့နယ်
စွယ်တော်မြတ်စေတီ၊ ပုထိုးတော်ကြီးဘုရား၊ အောင်မြေရွှေဘုံဘုရား တို့မှ စိန်ဖူးတော်များ မြေခ ခဲ့ပါသည်။ ရွှေလင်းပင်ဘုရား သံထီးတော် ယိုင်သွားပြီး၊ တောင်သမန်ကျေးရွာ ကျောက်တော်ကြီး ဘုရားအရှေ့မုခ်ဦး တိုင်ကျိုး၍ အမိုးမျက်နှာကျက် အက်ကွဲခြင်း၊ ရွှေဂူကြီးဘုရား အရန်စေတီငယ် တစ်ဆူ ထီးတော်မြေခခြင်း၊ မကျီးကိုင်းကျေးရွာ မူလတန်းကျောင်း စာသင်ခန်း အုတ်နံရံ အက်ကွဲ ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

____________________________________
ယခုသတင်းကို 11.11.2012 ည ၁၀နာရီ၃၈မိနစ်တွင် NOM မှမျှဝေပါသည်။
Posted By Admin Team[NOM]