Saturday, November 10, 2012

အစိုးရနဲ့ မီဒီယာများရဲ့ တလွဲ ဥပဒေ ဖေါ်ဆောင်မှုများမှ ကင်းဝေးစေချင်

တလောလေးဆီက ရန်ကုန်မြို့မှာ
ညဘက် ကားပြိုင်ပွဲတွေနဲ့ လမ်းသရဲဂိုဏ်းလို အုပ်စုဖွဲ့လို့
အကြမ်းဖက်မှုတွေကြောင့် လူသတ်မှုတွေ လူသေမှုတွေအထိ
ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့ကြရပါတယ်။

အဲဒီကိစ္စကိုပဲ အကြောင်းပြုလို့ အခုတလော ရန်ကုန်မှာ
ညဘက် မော်တော်ကားတွေ ပိတ်ဆို့ တားဆီးပီး
စစ်ဆေးနေကြတာ တွေ့ မြင် ခံစားရပါတယ်။

အဲသည် ပိတ်ဆို့ တားဆီး စစ်ဆေးမှုတွေဟာ တစ်ကယ်တမ်း
ဥပဒေကို အထောက် အကူပြုပြီး ပြည်သူ လူထုကို
အကျိုးပြု မပြုတော့ အတိ အကျ မသိရပေမယ့်
ကားတွေ ပိတ်ဆို့ တားဆီးပြီး စစ်ဆေးနေတာမို့
ယာဉ်ကြောတွေ ပိတ်ပြီး ကျနော်တို့လို ခရီးသည်တွေ
စိတ် အနှောင့် အယှက် ဖြစ်ကြရတာတော့ အသေအချာပါပဲ။

တကယ်တော့ အဲဒီ ပြိုင်ကားတွေ တ၀ူးဝူး မောင်းပြီး
ရမ်းကားကြတဲ့ လူငယ် လူဦးရေက ကျနော့် အထင်
အများဆုံး လူ တစ်ရာ လောက် ရှိမှာပါ။
ဘယ်လို လူတန်းစားက ဘယ် မိ မဆုံးမ ဖ မဆုံးမ တွေရဲ့
သားသမီး လူရမ်းကားလေးတွေ ဖြစ်ပါလဲ . . . ။
ရှာရဖွေရ အလွန် ခက်မယ်လို့ မထင်ပါဘူး ခင်ဗျာ။

တစ်ခေတ်တခါ စစ်ထောက်လှမ်းရေးများက
နိုင်ငံရေးသမားများကို ထောင်နဲ့ချီလို့
ထောင်ထဲ ထည့်ခဲ့စဉ်က အခုကို ကားတွေကိုတားပြီး
ဖမ်းခဲ့တာ မဟုတ်ပါဘူး။
မိသားစုကတောင် ဘုမသိ ဘမသိ အချိန်မှာ
ဘယ်လို စုံစမ်းလိုက်မှန်း မသိရပဲ ဖမ်းခေါ်ခဲ့ကြတာပါ။

သို့ဂလိုဆိုရင် အခု မူး ယစ်သောက်စား ရမ်းကားပြီး
ကားပြိုင်မောင်းကာ လူကြား သူကြား သောင်းကျန်းကြတဲ့
မဖြစ်စလောက် လူဦးရေနဲ့ အနှီ လူရမ်းကားလေးများ အတွက်
ထောင်နဲ့ချီတဲ့ လူစုတွေကို ကားတွေ ပိတ် စစ်ပြီး လူဆိုးရှာဖို့
လိုအပ်သလားဆိုတာ သက်ဆိုင်ရာတို့ စဉ်းစားစေချင်တာပါ။
ဒီလို ကားတွေ တားဖမ်းရုံနဲ့ အကြမ်းဖက် ရမ်းကားမှုတွေ
တစ်ကယ် လျော့နည်း ပပျောက် သလားတော့ မသိတာ အမှန်ပါ။

မီဒီယာများကလည်း ပြိုင်ကားနဲ့ဝင် တိုက်ပြီး
အသတ်ခံရမှာ စိုးလို့လားတော့ မသိပါဘူး။
မင်းသမီး လင်ငယ်နေတာကို စုံထောက်ကြီးများလို
သက်စွန့် ဆံဖျား သတင်းဖေါ်ထုတ်ပြီး အစိုးရ မကောင်းလို့
လျော့ရဲလို့ ဆိုပြီး ရေးချင် ရေးပါလိမ့်မယ်။
အခုလို လူရမ်းကားတွေကိုတော့ မီဒီယာက
စုံစမ်း ဖေါ်ထုတ်တာ မတွေ့ရသေးပါဘူး . . ။

ဖိနပ်မတော်ရင် အသစ် ၀ယ်စီးတာ ကောင်းပါတယ်။
ဖနောင့်တော့ ဖြတ် မပြစ် လှီး မပြစ်ကြပါနဲ့ ခင်ဗျာ။

ကားမောင်းရမ်းတာ ဖမ်းဆီးဖို့ ဥပဒေဆိုတာ ရှိပီးသား ဖြစ်ပါတယ်။
ယာဉ်ထိမ်းတဲ့ ကိုကို အများစုက တရွှီရွှီ ၀ီဆီလေးမှုတ်လို့
လက်ဘက်ရေဖိုးတောင်းဖို့လောက် စဉ်းစားနေရုံနဲ့တော့
ကျနော်တို့အတွက် ယာဉ်အန္တရာယ် ကင်းဝေးဖို့ လမ်းမမြင်ပါဘူး။

ဥပဒေဆိုတာ ပြည်သူလူထုကို ငြိမ်းချမ်း ပျော်၇ွှင်စွာ
နေထိုင်နိုင်ကြဖို့ အတွက် အကာအကွယ်ပေးဖို့ပါ။
လူဆိုးတစ်ယောက်ဖမ်းဖို့ ပြည်သူ တစ်ထောင်လောက်
စိတ် ဒုက္ခရောက်ကြရရင် တခုခုတော့ လွဲနေလို့ဖြစ်မှာပါ။

မြန်မာပြည်သူ တိုင်းရင်းသားအပေါင်း
အစိုးရနဲ့ မီဒီယာများရဲ့ တလွဲ ဥပဒေ ဖေါ်ဆောင်မှုများမှ
ကင်းဝေးကြပါစေ ခင်ဗျား . . ။

ဆုတင် . . .။