Monday, October 08, 2012

ရန်ကုန်ရောက် ရခိုင်ရဟန်းတော်များ သာရေးနာရေးအသင်းမှ သံဃာတော်များဦးဆောင်သည့် သံဃာတော်အပါး ၁၀၀ကျော်တို့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ ပြုလုပ်


T ရန်ကုန်ရောက် ရခိုင်ရဟန်းတော်များ သာရေးနာရေးအသင်းမှ သံဃာတော်များ ဦးဆောင်သည့် သံဃာတော်အပါး ၁၀၀ကျော်တို့က အောက်တိုဘာလ ၅ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို မိနစ် ၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသံဃာတော်များသည် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်းဒေသများရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ စေတီနှင့် လူနေအိမ်များ ဖျက်ဆီးခံခဲ့ရမှုနှင့် ဆက်စပ်ပြီး ဆန္ဒထုတ်ဖော်တောင်း ဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် သံဃာတော်များမှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့သို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပေးပို့ခဲ့ရာ မကြာမီရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစွန်းရောက် ဘင်္ဂါလီတစ်စုက ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဘုရားကျောင်းကန် သာသနိက အဆောက်အဦများနှင့် လူနေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြသည်များကို ကမာတစ်ဝှမ်းမှ ဗုဒ္ဓ ဘာသာဝင်များနှင့်အခြားသော ဘာ သာဝင်ပြည်သူတို့က ကြေကွဲဝမ်းနည်းခြင်းများစွာ ဖြစ်ခဲ့ရကြောင်း ထိုသို့ ဖျက်ဆီးခဲ့ကြသည့်အတွက် ဗုဒ္ဓဘာသာဝင်တို့၏ တန်ဖိုးမဖြတ်နိုင်သော ဗုဒ္ဓဆင်းတုတော်များနှင့် ရှေးဟောင်းကျောင်းတော်ကြီးများ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ထိုသို့ အကြမ်းဖက်လုပ်ရပ်များအပေါ် ရန်ကုန်ရောက် ရခိုင်ရဟန်းတော်များ သာရေးနာရေးအသင်း ရဟန်းတော်များမှ ကမ္ဘာသိအောင် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း စသည်တို့ ပါဝင်သည်။
ဆန္ဒဖော်ထုတ်ခဲ့သည့် သံဃာတော်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့ထံသို့ ပျက်ဆီးဆုံးရှုံးခဲ့ရသည့် ဗုဒ္ဓဆင်းတုတော်များနှင့် သာသနိကအဆောက်အဦများကို အစိုးရမှ ပြန်လည်တည်ဆောက်ပေးရန်၊ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါ ၀င်ပတ်သက်ခဲ့သော အစွန်းရောက် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရမှ တရားဥပဒေနှင့် အညီအမြန်ဆုံး ထိရောက်စွာဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန်နှင့် နောက်ထပ် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နေထိုင်ကြသော ဗုဒ္ဓဘာသာဝင် ရဟန်းတော်များနှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ IOC  ရုံးဆောက်လုပ်မည်ကိုလက်မခံရေးကိုလည်း တောင်းဆိုသွားခဲ့ပြီး ဗုဒ္ဓဘာသာကိုစော်ကားခြင်းမှ ရပ်တန့်ရေး၊ ဘာသာရေးလွတ်လပ်မှုကို လေးစားရေး၊ ကမ္ဘာသည်ဘာသာစုံ လူမျိုးစုံအတွက် ဖြစ်ရေး၊ ဘာသာရေးစစ်ပွဲ အယူဝါဒများ အပြုအမူများကို ရပ်တန့်ရေး၊ ဘာသာရေးအစွန်းရောက်မှုကြောင့် တတိယကမ္ဘာစစ် မဖြစ်စေရန် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင်များမှကာကွယ် စောင့်ရှောက်ရေး စသည်တို့ကိုလည်း တောင်းဆိုမှု များ ပြုလုပ်သွားခဲ့ကြသည်။
အဆိုပါဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်နှင့်ပတ်သတ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက '' ကျွန်တော်တို့အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင် ရှင်းလင်းမှုတွေ ဆောင်ရွက်နေတာပါ။ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲနေတဲ့ကာလတွေမှာ ရင့်ကျက်မှု အားနည်းနေသေးတဲ့အတွက် အခုလိုမျိုး ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီလိုမျိုးဖြစ်စဉ်တွေမှာဆိုရင် ကျွန်တော်တို့အနေနဲ့ နှစ်ဖက်အစဉ်ပြေအောင် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အခုဆိုရင် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သလို သံဃာတော်တွေလည်း ပြန်သွားကြပါပြီ''ဟု ပြောပြခဲ့ပါသည်။
ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့် ပြုလုပ်ခဲ့သည့် သံဃာတော်များသည် အိတ်ဖွင့်ပေးစာများနှင့် တောင်းဆိုမှုများ ပြုလုပ်ပြီးသောအခါ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် မေတ္တာသုတ် ရွတ်ဖတ်မှုများပြုလုပ်ပြီး ကျောင်းတိုက်အသီးသီးသို့ ပြန်လည်ကြွချီသွား ခဲ့ကြကြောင်း သိရသည်။
အဆိုပါအိတ်ဖွင့်ပေးစာနှင့် တောင်းဆိုချက်များကို နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင် ငံရေးပါတီများ၊ နိုင်ငံတော်သံဃာနယကအဖွဲ့ ဥက္ကဌ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့အပါအ၀င် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် စသည်တို့ထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
.