Wednesday, June 20, 2012

ဇွန်လ ၁၉ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်(အောက်) ကျေးရွာအား ဘင်္ဂါလီရိုဟင်ဂျာများ ၀င်ရောက်မီးရှို့ရာမှ အကြမ်းဖက်မှုဖြစ်ပွား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်(အောက်) ကျေးရွာတွင် ဇွန်လ(၁၉)ရက် နံနက် ၆နာရီ ၀န်းကျင်က ဘင်္ဂါလီရိုဟင်ဂျာများ ၀င်ရောက်မီးရှို့ရာမှ အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ ဆက်သွယ် သတင်းပေးချက်အရ သိရှိရပါသည်။
ဇွန်လ ၁၉ ရက် နံနက် ၆ နာရီ ၀န်းကျင်တွင် ဘင်္ဂါလီရိုဟင်ဂျာ ၅၀၀ ခန့်သည် တုတ်၊ ဓားလက်နက် များ ကိုင်ဆောင်ကာ ကူတောင်ကျေးရွာသို့ ရောက်ရှိလာပြီး ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များအား မီးရှို့ခဲ့ကြောင်း၊ ရွာသားများက မီးဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြပြီး မီးရှို့သူဘင်္ဂါလီ ရိုဟင်ဂျာများအား ပြန်လည်ခုခံရာမှ ရခိုင်တိုင်းရင်းသား(၁၁)ဦး သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

“မနက် ၆ နာရီလောက်မှာ ကူတောင်ရွာငယ်ကို အနောက်ပြင်ရွာ က ဘင်္ဂါလီရိုဟင်ဂျာတွေလာပြီး မီးရှို့လို့ ရွာကြီးကလူတွေလာပြီး မီးငြှိမ်းပေးကြတယ်။ မီးရှို့တဲ့ ဘင်္ဂါလီ အရေအတွက် ၅၀၀ လောက်ရှိတယ် လို့သိရပါတယ်။ ရွာသားတွေက မီးဝိုင်းငြှိမ်းပြီးတဲ့ နောက်ဘင်္ဂါလီတွေကို ပြန်ပြီးခုခံရာမှာ ရခိုင်(၁၁) ယောက် သေသွားတယ်လို့ သိရပါတယ်။ အလောင်းတွေကို ဘင်္ဂါလီရိုဟင်ဂျာတွေက ဆွဲယူသွားကြပါတယ်။ ၉ နာရီလောက်မှာ စစ်တပ်ရောက်လာပြီး သေဆုံးသူတွေရဲ့အလောင်းတွေ ပြန်တောင်းတာ နေ့ခင်းအထိ မရသေးပါဘူး” ဟု ရသေ့တောင် မြို့ခံတစ်ဦးအားဖုန်းဖြင့်ဆက် သွယ်မေးမြန်းရာတွင် ၎င်းက ယခု ကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံပိုင် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဇွန်လ ၁၅ ရက်နေ့ အထိ ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှု ဖြစ်စဉ်များကြောင့် သေဆုံး သူ ၅၀ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူ ၅၈ ဦးရှိခဲ့ကာ နေအိမ်အဆောက်အဦး ၂၅၀၀ကျော် ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ယခု အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ကူတောင်(အောက်)ကျေးရွာမှာ ဘင်္ဂါလီရိုဟင်ဂျာများ နေထိုင်သည့် အနောက်ပြင်ကျေးရွာနှင့် နီးကပ်စွာ တည်ရှိကြောင်း သိရပြီး လုံခြုံရေး တပ်ဖွဲ့များရုပ်သိမ်းပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“သေဆုံးသူတွေမှာ ကူတောင် ရွာသား ၉ ယောက်နဲ့ ဦးကာရွာက နှစ်ယောက်ပါတယ်လို့ သိရပြီး ဘင်္ဂါလီနှစ်ယောက်ပါတယ်လို့ သိရပါတယ်။ ရွာသား ၁၅ ယောက်လောက် ဒဏ်ရာရခဲ့ပြီး ကျောက်တော်ဆေးရုံကို သုံးယောက်ရောက် လာပါတယ်။ သေဆုံးတဲ့အထဲမှာ ရွာသားတွေအပြင် ကျောင်းဆရာနှစ်ယောက်လည်းပါပြီး ကျေးရွာအုပ်ချုပ်ရေးရုံးက စာရေးမတစ်ဦးလည်း ပါတယ်လို့ သိရပါတယ်” ဟု အဆိုပါရွာသို့ သွားရောက်ခဲ့သူ RNDP ပါတီမှတာဝန်ရှိသူတစ်ဦး က ပြောပြခဲ့ပါသည်။

“မောင်တောနဲ့စစ်တွေမှာ ပုံမှန် အခြေအနေတွေ ဖြစ်နေပြီ။ လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်နေပြီ။ ဒီအချိန်မှာ အခုလိုထပ်ဖြစ်တာ က လုံးဝမဖြစ်သင့်ဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာပဲ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်က အရေးယူ ဆောင်ရွက်ပေးစေချင်ပါတယ်။ ဟိုးနားက ဖြစ်လိုက်၊ ဒီနားကဖြစ်လိုက်နဲ့ အရာရာကို စိတ်ချလက်ချ မနေရဲတာမျိုးတော့ မဖြစ်စေချင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

သတင်း။ ။EMG