Tuesday, June 05, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်(ရုပ်သံ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေ နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည နိုင်ငံပိုင် ရုပ်သံမီဒီယာများ၏ သတင်းအစီအစဉ်တွင် နောက်ဆုံးပိတ် သတင်းများအဖြစ် ထည့်သွင်း ကြေညာသွားခဲ့သည်။
ထုတ်ပြန်ခဲ့သော သတင်းများအရ မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသခံ မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီ လူမျိုး အစ္စလာမ် ဘာသာဝင် သုံးဦးကို လုံခြုံရေး အခြေအနေရ ကျောက်ဖြူထောင်၌ ပြောင်းရွှေ့ ထိန်းသိမ်းထားကြောင်း၊ အဆိုပါ အမှုကို အမြန်ဆုံး တရားစီရင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ရဲမှူးကြီးတို့က ဒေသခံများသို့ ကတိပေး ပြောကြားခဲ့သည်။

ထို့နောက် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်စလင် ဘာသာဝင် ကုလားလူမျိုး ဆယ်ဦး အသတ်ခံခဲ့ရသည် ဖြစ်စဉ်တွင် ကျူးလွန်သူများကို ထိုက်သင့်သည့် အပြစ်ဒဏ် ချမှတ်နိုင်ရန် အမြန်ဆုံး စီရင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်းတို့၏ အလောင်းကို ယနေ့ညနေက သဂြိုဟ်ပြီးစီး ခဲ့ကြောင်း၊ ဒေသတွင်း အခြေအနေမှာ ယနေ့ည ၆ နာရီခန့်တွင် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

ထို့အတူ ဇွန်လ ၃ ရက်နေ့ ည ၁၀ နာရီခန့်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည် အမှတ် ၁ ရဲစခန်းအား လူစုလူဝေးဖြင့် ဝိုင်းအုံခဲ့မှုတွင် ရဲတပ်ဖွဲ့ဝင်များက မိုးပေါ်ထောင်ပစ်၍ ခြောက်လှန့်ခဲ့သော်လည်း လူစုမကွဲသဖြင့် ည ၁ နာရီခန့်တွင် မျက်ရည်ယိုဗုံးများ အသုံးပြု၍ လူစုခွဲခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆူပူအကြမ်းဖက်သူများကို တရားဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ထည့်သွင်း ကြေညာသွားသည်။

(အထက်ဖော်ပြပါ သတင်းများမှာ နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ချက်ကို ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။)
သတင်း။ ။The Voice Weekly
ရုပ်သံ။ ။မြတ်ဘုန်းလင်း
.

0 comments: