Monday, December 26, 2011

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်

2011-12-25
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့ အခါ ဂျပန်အစိုးရရဲ့ ODA ခေါ် နိုင်ငံရပ်ခြား အကူအညီတွေ ပြန်လည်ထောက်ပံ့ဖို့ ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
UN Photo/JC McIlwaine
၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂ အစည်းအဝေးတခုတွင် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba မိန့်ခွန်းပြောကြားစဉ်။
ဒါ့အပြင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန် ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း အဆင့်မြင့်ဆုံး လာရောက်တဲ့ ဂျပန်အစိုးရ ကိုယ်စားလှယ် ဖြစ်ပါတယ်။ အခု ခရီးစဉ်အတွင်း မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှပ်နှံမှုအတွက် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းသွားဖို့ ရှိတယ်လို့ ဂျပန် ကျိုဒိုသတင်းဌာနက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ဖို့ အတွက် ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ခေါ်နိုင်တယ်လို့လည်း ကျိုဒိုသတင်း မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၂ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည် ခရီးစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းတိုက်ခိုက်မှုကြောင့် ဂျပန်အစိုးရ က မြန်မာနိုင်ငံကို ပေးနေတဲ့ ODA အကူအညီကို ရပ်ဆိုင်းခဲ့ပါတယ်။
သတင်း။ ။RFA
.

0 comments: