Wednesday, December 21, 2011

အတုအပ၊ ဆင်တူရိုးမှား သတိပြုပါ

သီးခြားနိုင်ငံရေးပါတီတစ်ခုအနေဖြင့်သာဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း
ဦးသိန်းညွှန့်ပြောဆို

အမျိုးသားဒီမိုကရေစီပါတီနှင့် ပြန်ပူးပေါင်းပါက အဖွဲ့ဝင်လျှောက်လွှာအသစ် ဖြည့်စွက်ရမည်ဆိုခြင်းကြောင့် သင်္ကန်းကျွန်းမြို့နယ်ရှိ ပြည်သူများအတွက် ရှေ့ရှုသော နိုင်ငံရေးပါတီတစ်ခုအနေဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ဆိုင်းဘုတ်တင်ပွဲတွင် ဦးသိန်းညွှန့်မှ ပြောကြားခဲ့သည်။
“ကျနော့်ရဲ့ပါတီဟောင်းတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံပြန်တင်ရင် ကျွန်တော် ပေါင်းစည်းမယ် ပြန်လည်ပူးပေါင်းမယ်၊ ကျွန်တော့် ပါတီကိုတော့ ပါတီအလိုက် ကျွန်တော် ဖျက်သိမ်းမယ်လို့ ပြင်ဆင်ထားချက်တွေကို နိုင်ငံတ၀ှမ်းလုံးကို တင်ပြထားပါတယ် နောက် စီအီးစီအဟောင်းနဲ့ ဥက္ကဌကြီးဦးအောင်ရွှေလည်း သက်ရှိထင်ရှားရှိနေတော့ ပြန်ဆွေးနွေးမယ်လို့ မျှော်လင့်ထား တာ၊ လက်တွေ့ကျတော့ ပါတီစည်းမျဉ်းအ

သစ်ဆွဲတယ်ဆိုပြီးတော့ ပါတီဝင်အဟောင်းတွေကို ပြန်ပြီး ပါတီဝင်အသစ်တွေ နဲ့အတူတူ လျှောက်လွှာပြန်တင်ရမယ်ဆိုတော့  အန်အယ်လ်ဒီနဲ့ ကျွန်တော်တို့ပါတီတို့ ပေါင်းစည်းဖို့ အနေအထား က အခက်အခဲရှိပါတယ်” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့် ကပြောသည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့နံနက်ပိုင်းက  လေးထောင့်ကန်လမ်း သင်္ကန်းကျွန်း မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးလုပ်ဆောင်သူများ ညီညွှတ်ရန် လိုအပ်သည့်အချိန်တွင် ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲဖြစ် နေခြင်းကြောင့် အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် သင်္ကန်းကျွန်း မြို့နယ်မှ ပြည်သူများအတွက် တည်ထောင်ထား သော ပါတီတစ်ခုအနေဖြင့် ဆက်လက်ရပ်တည်မည်ဖြစ်ပြီး လွှတ်တော်တွင်း လွှတ်တော်ပမှ  ဒီမိုကရေစီ လိုလားသူများ အချင်းချင်းဆွေးနွေးညှို့နှိုင်းခြင်းကိုသာ ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်ကို သင်္ကန်းကျွန်းမြို့နယ်က ပြည်သူတွေကပဲ ထောက်ခံ မဲပေးခဲ့ကြတာပါ အခုတော့ ကျွန်တော်အနေနဲ့ ပူးပေါင်းဖို့က ဒီလိုအခက်အခဲတွေရှိတော့ လွှတ်တော်တွင်း  ဆွေးနွေးစရာရှိတာတွေကို  ဆက်လက် ဆွေးနွေးပါ့မယ်၊ သင်္ကန်းကျွန်းပြည်သူတွေရဲ့ ဆန္ဒတွေကို လွှတ်တော်ထဲမှာ ဆက်လက် ဆွေးနွေးမယ်”ဟု  ဦးသိန်းညွှန့်ကဆက်လက် ပြောကြားခဲ့သည်။
ဦးသိန်းညွှန့်သည် အမျိုးဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး၊ ၉၁ခုနှစ်မှ ၂၀၁၀ မေလအထိဆိုတော့ နှစ်၂၀နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် စည်းမျဉ်းအသစ်များ ရေးဆွဲမည်ဆိုပါက ပါတီညီလာခံမှ အတည်ပြုမှသာ အဖွဲ့ချုပ်၏ စည်းမျဉ်းများကို ပြင်ဆင်နိုင်မည်ဖြစ်ပြီး ဗဟိုဦးစီးများ၏ အတည်ပြုချက်များလည်း လိုအပ်ကြောင်းကိုလည်း သိရှိရသည်။



ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup
.

0 comments: