Saturday, December 24, 2011

ဆွေမျိုးပေါက်ဖော်တယုတ်များကြောင့် ဒို့မြန်မာတွေမြေပျောက်တော့မယ်

ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေများအား တရုတ်လူမျိုးများမှ ၀ယ်ယူစုဆောင်းလာသောကြောင့်  ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံမှ သိရှိရသည်။

 
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကဆိုရင် လမ်းမတန်းမှာရှိတဲ့ မြေကွက်ဆိုရင် သိန်း ၂၀၀ ၀ယ်မယ့်သူ ခက်ရှားရှား အခုတော့ သိန်း ၇၀၀-၈၀၀ လောက်နဲ့ ၀ယ်တဲ့သူတွေက ဈေးတောင်မဆစ်ဘူး။ ၀ယ်တာကလည်း  တရုတ်တွေ အများဆုံးဝယ်ကြတာများတယ်” ဟု ၄၃ ရပ်ကွက်တွင်နေထိုင်သူပြီးပွဲစားလုပ်ကိုင်လျက် ရှိသူ ဦးသိန်းဝင်းကပြောသည်။
 
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များတွင် ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေ၄၀×၆၀ မြေကွက်မှာ ကျပ်-၆သိန်း ၀န်းကျင်သာရှိခဲ့သော ၁၃၃ ရပ်ကွက်၊ ၁၃၅ ရပ်ကွက်များတွင် ယခု ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျပ် သိန်း ၃၅-၄၀ ၀န်းကျင်ရှိလာပြီး ဗိုလ်မှူးဗထူးလမ်းမကြီးဘေးဝဲယာရှိ ရပ်ကွက်များတွင်လည်း ဈေးနူန်းများ အဆ မတန်မြင့်တက်လာကြောင်း သိရှိရသည်။
 
အဆိုပါ မြေကွက်များအား ဈေးကောင်းပေးဝယ်ယူနေကြသူများမှာ ရှမ်းတရုတ်များ၊ တရုတ်လူမျိုးများက အများဆုံးဖြစ်နေကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
 
`မန္တလေးဘက်မှာတော့ ၀ယ်စရာ မြေကွက်တွေ မရှိတော့ဘူး၊ ရန်ကုန်မြေကွက်တွေကို တရုတ်တွေ စိတ်ဝင်စားလာတယ်။ သူတို့ လည်း ၀င်လာရော ဈေးတွေက မြင့်တက်သွားရော သာမန်ပြည်သူတွေ လိုက်မမီနိုင်တော့ဘူး၊ မြေကွက်ဈေးက သုံးလေးဆလောက် တက်တယ်။ ပြီးခဲ့နှစ်က သုံးဆယ်လောက်ဆိုရင် အခု ကိုးဆယ် တစ်ရာ လောက်ရတယ်။” ဟု  ဒဂုံမြို့သစ်မြောက်ပိုင်း ကျောင်းကွေ့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူ မဖြိုးဖြိုး ကပြောသည်။
 
ဗိုလ်မှူးဗထူးလမ်းမကြီးဘေးဝဲယာရှိ  ၄၃ရပ်ကွက် (ကျန်းမာရေး)၊ ၄၅ရပ်ကွက်၊ ၄၈ရပ်ကွက်၊ ၄၇ ရပ်ကွက်များ တွင်လည်း ၂၀၁၀ ခုနှစ်တွင် ကျပ်သိန်း (၂၀၀)၀န်းကျင်သာ ရှိခဲ့သော ပေ၄၀×၆၀ မြေကွက်များမှာ ယခု ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျပ် သိန်း (၈၀၀)၀န်းကျင်အထိ ဈေးနူန်းများမြင့်တက်လာကြောင်း ဈေးကွက်တွင်းမှ သိရှိရသည်။
 
“၁၃၅ ရပ်ကွက်ဘက်မှာ ကျွန်မ၀ယ်တဲ့အကွက်ဆိုရင် တစ်နှစ်တောင် မပြည့်သေးဘူး၊ ၆ သိန်းနဲ့ဝယ်ခဲ့တာ အခု ကျပ် သိန်း-၄၀ လောက်အထိ ပေါက်ဈေးဖြစ်နေတယ်” ဟု ၄၇ ရပ်ကွက်မှ ဒေါ်သန်းနု ကပြောသည်။
 
အဆိုပါ ရပ်ကွက်များတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် ကျပ်သိန်း (၄၀)၀န်းကျင်ရှိခဲ့သော ပေ ၄၀×၆၀ မြေကွက်မှာ ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် ကျပ်သိန်း (၂၂၀)၀န်းကျင် ပေါက်ဈေးရှိလာပြီး ဗိုလ်မှူးဗထူး လမ်းမကြီး လေးလမ်းသွား ဖောက်လုပ်မူပြီးစီးပါက မြေကွက်ဈေးနူန်းများ ပိုမိုမြင့်တက် လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်း အကျိုးဆောင်များမှ ပြောဆိုကြသည်။
.

0 comments: