Wednesday, December 14, 2011

ဒကယ်ပြောဒါလား တမဒကြီးရယ်

 
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့များအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှတစ်ပါး မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ ညွှန်ကြားလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သို့ ပေးပို့သော ညွှန်ကြားစာတွင် “ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်သောကြောင့် မြန်မာ့တပ်မတော် တပ်ဖွဲ့များအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှတစ်ပါး မည်သည့် တိုက်ခိုက်မှုမျိုးကိုမှ ဆောင်ရွက်ခြင်းမပြုရန် တစ်ဖက်တပ်စခန်းများအား ချဉ်းကပ်ခြင်း၊ တပ်များရွှေ့ပြောင်းခြင်း ဆောင်ရွက်ခြင်းမပြုရန်” ဟု ဖော်ပြပါရှိသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကလည်း လက်အောက်ခံတပ်များသို့ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ “နိုင်ငံတော်သမ္မတရဲ့ အခုလို ညွှန်ကြားချက်ဟာ တကယ့်ကို စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရယူလိုနေတယ်ဆိုတာ ထင်ရှားပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် လက်တွဲဆောင်ရွက်စေချင်ပါတယ်။ ကေအိုင်အေအနေနဲ့လဲ ဒါကို အခွင့်အလမ်းကောင်း တစ်ခုအနေနဲ့ သုံးသပ်ယူဆပြီး ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ အရယူသင့်ပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးမှသာ ဒီမိုကရေစီရဲ့ အနှစ်သာရကို အားလုံးခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတသို့ အိတ်ဖွင့်ပေးစာများ စာအုပ်ရေးသားခဲ့သူ အမျိုးသားစာပေဆုရ စာရေးဆရာ မောင်ခိုင်ခန့်က ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဓါတ်ပုံ။။ကချင်သတင်းဌာန.

0 comments: