Thursday, December 15, 2011

အပြောကောင်းတဲ့ ၀န်ကြီးမင်း


လျှပ်စစ်ဓါတ်အား သုံးစွဲခနှုန်းထားများကို ၂၀၁၂ ဇန်နဝါရီလမှ စတင်ကာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ထုတ်ဖော်ပြောကြားလိုက်သည်။ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “လျှပ်စစ်ဓါတ်အား သုံးစွဲခတွေကို ၁.၁.၂၀၁၂ မှာ စတင်ပြီး ပြောင်းလဲကောက်ခံသွားပါမယ်” ဟု အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။ လျှပ်စစ်ဓါတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရာတွင် အစိုးရရုံးဌာနများနှင့် ပြည်သူများ၏ သုံးစွဲခနှုန်းထားများကို တစ်ယူနစ်လျှင် ကျပ် ၅၀၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ၏ သုံးစွဲခနှုန်းထားများကို ကျပ် ၁၀၀ သို့ ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ “ပြောင်းလဲကောက်ခံရတာလည်း အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လက်ရှိနှုန်းထားတွေက ၂၀၀၆ ခုနှစ်က ကောက်ခံတဲ့ နှုန်းထားတွေပဲ။ ပြည်သူတွေအတွက် အရှုံးခံပြီး ကောက်ခဲ့တယ်။ အဲဒီနှုန်းထားအတိုင်း ဆက်သွားနေမယ်ဆိုရင် လာမယ့်နှစ်မှာ ကျပ် ၂၄၉ ဘီလီယံလောက် ဆုံးရှုံးနိုင်ပါတယ်။ အဲဒီအတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးတွေမှာ ငွေကြေးပမာဏ လိုအပ်ချက်တွေကြောင့် တိုးမြှင့်ရခြင်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဓါတ်အားသုံးစွဲခ နှုန်းထားများမှာ အာရှဒေသများရှိ လျှပ်စစ်ဓါတ်အား သုံးစွဲခများနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာအဆင့် (၁၅) တွင် ရှိကြောင်း သိရသည်။ “မြန်မာ့လျှပ်စစ်ကဏ္ဍကို နိုင်ငံတကာအဆင့်မီ တည်ဆောက်နိုင်ဖို့အတွက် ဒီမှာက ဓါတ်အားကို ၁၂ လလုံး ပေးဖို့ ၂၄ နာရီ အပြည့်ရဖို့ ဓါတ်အားအရည်အသွေး ထိန်းသိမ်းဖို့တွေ လိုအပ်နေပါသေးတယ်” ဟု ဒုတိယဝန်ကြီးက ပြောသည်။ ယင်းအတွက်ကြောင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် စတင်ဆောင်ရွက်နိုင်ဖို့အတွက် သင့်တင့်သော နှုန်းထားတစ်ခုကို ပြောင်းလဲရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မီးလင်းနိုင်သည့် အခြေအနေမှာ ၂၆ ရာခိုင်နှုန်းသာရှိပြီး ကျန်ရှိသည့် ၇၄ ရာခိုင်နှုန်း မီးလင်းနိုင်ဖို့အတွက် လျှပ်စစ်ဓါတ်အား သုံးစွဲခနှုန်းထားများ တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။.

0 comments: