Tuesday, November 09, 2010

မြန်မာ့အလင်း သတင်းစာတွင် ပါတီစုံ ဒီမိုကရေစီကို မြှောက်ပင့်ချီးမွမ်း ဖော်ပြ

ရန်ကုန် - ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၏ မျက်နှာဖုံး စာမျက်နှာတွင် ထိပ်တန်း ဗိုလ်ချုပ်ကြီး ၂ ဦးနှင့် သူတို့၏ ဇနီးများ မဲပေးနေကြပုံကို ဖော်ပြပြီး မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစံနစ် ဆိုက်ရောက်လာပြီး ဖြစ်ကြောင်းလည်း မြှောက်ပင့်ချီးမွမ်း ရေးသားဖော်ပြထားသည်။
ပထမ ဓာတ်ပုံနှစ်ပုံတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ မဲဆန္ဒပေးနေပုံကို ဖော်ပြပြီး တတိယ ပုံတွင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဇနီးဒေါ်မြမြစန်းတို့ မြို့တော်၊ နေပြည်တော်ရှိ မဲရုံတွင် မဲပေးနေပုံကို ဖော်ပြထားသည်။
အတွင်းစာမျက်နှာများ ပေါ်တွင်လည်း အခြားထိပ်တန်း ဗိုလ်ချုပ်ကြီးများ၏ ဓာတ်ပုံများ အပါအ၀င် သံတမန်များနှင့် သတင်းထောက်များက နိုင်ငံတွင်း ဒေသအသီးသီးရှိ မဲရုံများသို့ မဲပေးပုံ သွားရောက်လေ့လာ သည့်သတင်းများကို သတင်းဆောင်းပါး ၁၁ ပုဒ်ဖြင့် ရေးသားဖော်ပြထားသည်။
ထိုသတင်းဆောင်းပါးများတွင် “စနစ်တကျ” မဲပေးပုံနှင့် မဲရေတွက်ပုံ ဟု ဖော်ပြပြီး ခရီးစဉ်တခုစီတွင် ပါဝင်သော သံတမန်များ နှင့် ရွေးကောက်ပွဲ တာဝန်ရှိသူများ၏ အမည်များကိုလည်း ရေးသားဖော်ပြထားသည်။ သို့သော် ထိုခရီးစဉ်တွင် အနောက်နိုင်ငံများမှ သံတမန်များပါဝင်ခြင်းမရှိဘဲ ကိုရီးယား၊ ဂျပန်၊ ဘရာဇီး နှင့် ဗီယက်နမ် တို့မှ အရေအတွက်အနည်းသာ ပါဝင်သည်။ သို့သော် လေ့လာသူများနှင့် တာဝန်ရှိသူများ၏ မှတ်ချက်များ နှင့် သာမန်မဲဆန္ဒရှင်များနှင့် ပတ်သက်သော အချက်အလက်များကိုမူ ရေးသား ဖော်ပြထားခြင်းမရှိပေ။
ပုံမှန်အားဖြင့် ဖော်ပြလေ့ရှိသော ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အယ်ဒီတာ့ အာဘော်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ ရွေးကောက်ပွဲမတိုင်မီ သီတင်းပတ်ပေါင်းများစွာ ကတည်းကပင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော နေ့စဉ် သုံးသပ်ချက်များ၊ ကဗျာနှင့် ကာတွန်းများ ကိုဖော်ပြပြီး ပြည်သူများ၏ တာဝန်အနေဖြင့် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ် ပေါ်ပေါက်ရန် မှန်ကန်စွာ မဲပေးရန် လိုအပ်ကြောင်း ရေးသားဖော်ပြ လေ့ရှိသည်။ သို့သော် ယနေ့ဖော်ပြသော သုံးသပ်ချက်မှာ တံတားသစ် အကြောင်းသာ ဖြစ်သည်။
ယနေ့ သတင်းစာတွင် မဲဆန္ဒနယ် ၅၇ ခု၏ ရလဒ်များကို ဖော်ပြထားသည်။ ယင်းတို့မှာ ပြည်သူ့လွှတ်တော် အတွက် ၅၂ နေရာ၊ အမျိုးသားလွှတ်တော် အတွက် ၈ နေရာ၊ တိုင်းနှင့်ဒေသကြီး လွှတ်တော်အတွက် ၃၇ နေရာ ပါဝင်သည်။
ယခုအချိန်ထိ သိရှိရသည့် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စာရင်းအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၄၀ ဦး၊ ပအို့ အမျိုးသား အဖွဲ့က ၆ ဦး၊ တအောင်း (ပလောင်) အမျိုးသား ပါတီက  ၆ ဦး၊ ၀ ဒီမိုကရက်တစ်ပါတီက ၃ ဦးနှင့် ကရင်ပြည်နယ် ဒီမိုကရေစီ နှင့် တိုးတက်ရေးပါတီက ၁ ဦးတို့ အနိုင်ရထားသည်။
news/ burmaelection2010
.

0 comments: