ပြည်ပကိုအလည်ခဏလာသွားတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကိုနှိုင်းယှဉ်စဉ်းစားကြည့်မိတယ်။
စင်္ကာပူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သူရဦးတင်ဦးတယောက်
မျက်စိ ခွဲစိတ်ကုသတော့ သူ့ကိုလေးစားချစ်ခင်တဲ့ စင်္ကာပူရောက်
ပညာတတ်ကျောင်းသားတွေ၊ လူငယ်တွေက ဂါရဝပြုနှုတ်ဆက်ကြတယ်။
သူတို့ရဲ့နွေးထွေးမှုတွေက တခြားနိုင်ငံကလူတွေဆီထိ ကူးစက်လာသလိုခံစားရတယ်။
တကယ်တော့
သူရဦးတင်ဦး ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ထက်၊
တိုင်းပြည်အပေါ်စေတနာရှိတဲ့
တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တဦးအဖြစ်ခံစားသဘောထားကြတာကြောင့်
ပြည်ပရောက်ပြည်သူတွေက ချစ်မြတ်နိုးစွာဂါရဝပြုကြခြင်းဖြစ်တယ်။
နောက်တယောက်ကတော့ အမေရိကန်ပြည်ထောင်စုကို အလည်ရောက်လာခဲ့တဲ့ စာရေးဆရာမောင်စူးစမ်း။
သူကတော့ နယူးယောက်မှာတိတ်တိတ်လေးခိုးကြောင့်ခိုးဝှက်နေပြီး၊ တိတ်တိတ်လေးပြန်သွားရှာတယ်။ သူ့ကို ဘယ်သူကမှ ဂါရဝပြုဖို့
စိတ်ကူးမရှိကြသလို၊
အဝေးရောက်မြန်မာပြည်သူတွေ ဘယ်လိုမျက်မုန်းကျိုးနေတယ်ဆိုတာ ကို
သူကိုယ်တိုင်သိပုံရပါတယ်။ အပြင်ထွက်တဲ့အချိန်ကိုတိတိကျကျသိရင်
ခဲနဲ့ထုချင်တဲ့လူငယ်တွေရဲ့အသံတွေ၊ ဆန္ဒပြချင်သူတွေကလည်း
ကျနော်တို့ဝန်းကျင်မှာအပြည့်။ ဆရာမောင်စွမ်းရည်တယောက်က လူကြီးဆိုတော့
သူနဲ့သွားပြီးစားသောက်နေတယ်လို့ကြားနေခဲ့တယ်။ ဆရာမောင်စွမ်းရည်တယောက်
ဆရာနိုင်ဝင်းဆွေရဲ့ ရေဆန်လမ်း ဝတ္တုကို ဝေဖန်ခဲ့သလိုမျိုး၊“ နိုင်ဝင်းဆွေ သတိထား ရှေ့မှာ ကျောက်ဆောင်” ဆိုတဲ့စာသားတွေလို၊
“ကိုစူးစမ်း ရှေ့မှာ ချောက်ကြီး ဆူးချွန်တွေကလည်းအောက်မှာစောင့်လို့” ဆိုတဲ့အရာတွေရေးဦးမလားလို့မျှော်နေမိတယ်။
ဒါပေမဲ့
ကျနော်တို့ကြားမှာ နွေဦးမြူတွေက ပိတ်ပိတ်ဆိုင်း၊ သတင်းတွေက အမှောင်ချ၊
ဝေးကွာသွားပုံတွေကလည်း ဖရိုဖရဲဆန်လွန်းတယ်။ မောင်စူးစမ်းတယောက်
ရောက်တုန်းရောက်ခိုက် နိုင်ငံတကာ အသွင်ကူးပြောင်းမှုသီအိုရီတွေ၊
အဖြစ်အပျက်တွေ အကြောင်း
ဆွေးနွေးငြင်းခုန်နေကြတဲ့
တက္ကသိုလ်တွေဆီကိုရောအလည်ရောက်သွားခဲ့ပါရဲ့လား။ ကွင်းစ်မြို့နယ်ထဲက
စာကြည့်တိုက်မှာ ပညာရှင်တွေလိုက်နာရမဲ့ ပြည်သူအပေါ်သဘောထားကြီးမှု၊
သိတတ်မှုတွေကိုရော ထိတွေ့မိပါရဲ့လား။ မသေချာ။
သူက သူ့ဘဝင်နဲ့သူ မောဟအမှောင်တိုက်ထဲမှာ သွေးနထင်ရောက်နေသူ။
အလိုမပြည့်မှုတွေနဲ့ အကုသိုလ်များစွာကို တရစ်ခြင်းတွယ်ပတ်နေသူ။
(၂)
၂၀၁၀
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မတူတဲ့ရှုထောင့်တွေကနေ
တင်ပြခဲ့ကြတဲ့အသံတွေကိုနားထောင်နေရပါတယ်။
ရွေးကောက်ပွဲသပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့သူတွေကလည်း “ ကျနော်တို့ဟာ
ရွေးကောက်ပွဲဝင်တဲ့သူတိုင်းကို အပြစ်မဆိုပါဘူး” ဆိုတာကို
နားလည်မှုရှိစွာနဲ့ပြောခဲ့ကြသလို၊ ဦးသုဝေ ကို NLD ရဲ့ ရွေးကောက်ပွဲသပိတ်မှောက်မှု နဲ့ ပတ်သက်ပြီးမေးတဲ့အခါ၊
“ သူတို့ပါတီရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်။ တကယ်တော့ ကျနော်တို့အုပ်စှု နှစ်စုလုံးဟာ ဒီမိုကရေစီရရှိရေးအတွက်ကြိုးစားနေကြတာပါ။
ကျနော်တို့နဲ့သူတို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး။ သူတို့ရဲ့သာရေးနာရေးပွဲတွေမှာ ကျနော်တို့ရောက်သလို၊ သူတို့ကလည်း လာကြပါတယ်” လို့
ဖြေကြားခဲ့တယ်။ ဦးသုဝေ တို့က နိုင်ငံရေးသမားဆန်ဆန်၊ လူကြီးလူကောင်းဆန်ဆန်ပြောတယ်။ စိတ်ချမ်းသာရပါတယ်။
ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီက အဲ့ဒါပါပဲ။ အမြင်မတူကြပေမဲ့ တယောက်နဲ့တယောက်လေးလေးစားစားဆက်ဆံဆွေးနွေးငြင်းခုန်ကြမယ်။
ဘယ်သူက
ဘယ်လောက်ထိလုပ်နိုင်မလဲ ဆိုတဲ့အချက်ပေါ်မှာကြည့်ပြီး သမိုင်းမှာ
ဘယ်သူမှားပြီးဘယ်သူမှန်တယ် ဆိုတာကို မှတ်ကျောက်တင်ကြမှာမဟုတ်လား။ (
ဒီလိုလေးလေးစားစားဆွေးနွေးမှုထဲမှာ NDF နဲ့ အေးလွင်တို့လို
လူလိမ်နိုင်ငံရေးသမားတွေမပါပါ)
ဒါပေမဲ့ အသက်ကြီးပြီး ပညာတတ်မဆန်ဆုံး၊ အရိုင်းစိုင်းဆုံးစကားတွေနဲ့ပြောဆိုနေသူတဦးရှိတယ်။ စာရေးဆရာ မောင်စူးစမ်းပါ။
ဘဝကို နှုတ်ဆက်ရလုဆဲဆဲ အရွယ်ရောက်ခါမှ နိုင်ငံရေးစလုပ်ခါစ မပြည့်ဝသေးတဲ့လူငယ်တယောက်လိုပြုမူ၊ ရင့်ရင့်သီးသီးပြောနေတာတွေက
အံ့သြစရာပဲ။ သူ့အနေနဲ့ နိုင်ငံရေးယဉ်ကျေးမှု ဆိုတဲ့အရာကို ဒီဘဝမှာ နားလည်နိုင်ဘွယ်မမြင်ရှာဘူး။ “ရွေးကောက်ပွဲသပိတ်မှောက်မှုသူငယ်နာ၊ သောင်ပြင်လွှတ်တဲ့ခွေး၊ ပွဲဆူသောခေတ်၏နိဂုံး”---အများကြီးပဲ။
ပြီးရင် ဆောင်းပါးအောက်ကနေ ဟားဗတ်စီးရီး၊ နယူးစ်ဝိဂျာနယ် အညွှန်းတွေအကုန်လျှောက်ထည့်တော့တယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး
မေးကြည့်ခဲ့ဘူးတယ်။ ဂျာနယ်အညွှန်းတွေထည့်တဲ့အခါ၊ ဘယ်လထုတ်လဲ။
စာမျက်နှာဘယ်လောက်လဲ သေသေချာချာညွှန်းပေးပါ ဆိုတော့ “ အဲ့ဒါတွေက
တကယ်မဟုတ်ဘူး တဲ့ စာပေစီစစ်ရေးကမေးမှာကြောက်လို့ အညွှန်းတခုခုကို
ထည့်ရေးပေးရတာတဲ့။ ဘုရားရေ။ အဲ့ဒီစာအုပ်ထဲမှာ ပါတဲ့အချက်မဟုတ်ပဲ၊ အဲ့ဒီစာအုပ်မှာ ဆိုထားပါတယ် လို့ပြောရေးတာ ဗမာပြည်မှာပဲရှိတယ် လို့
စိတ်ပျက်လက်ပျက်ဆိုလိုက်မိတယ်။ ကိုယ်က အညွှန်းစာအုပ်ကိုတောင် လိမ်တင်နေရတဲ့ဘဝ၊ တခြားတဘက်က ကိုယ်ရဲ့ဆန့်ကျင်ဘက်အယူအဆကို
တင်ပြပိုင်ခွင့်မရှိပဲ၊ တယောက်တည်းရေးခွင့်ရနေတဲ့အခြေအနေ မှာ ကိုယ့်ဘာသာဆရာကြီးထင်နေတာတော့ သနားစရာကောင်းမနေဘူးလား။
တကယ်ဆို ဒီအသက်အရွယ်မှာ တရားလေးဘာလေးရှိသင့်ပါတယ်။
(၃)
ရွေးကောက်ပွဲသပိတ်မှောက်တဲ့အုပ်စု တွေအတွက် ရွေးကောက်ပွဲကိုသပိတ်မမှောက်နိုင်ရင် အော်လတာနေးတစ် ( တခြားနည်းလမ်း) ရှိလားလို့ မေးခွန်းထုတ်နေတဲ့သူတွေရှိတယ်။ မေးခွန်းမေးတယ်ဆိုတာ အလွယ်ဆုံးအလုပ်မို့ သူတို့လိုပဲ မေးခွန်းပြန်ထုတ်ကြည့်ပါမယ်။
ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲသပိတ်မှောက်မဲ့အုပ်စုတွေဘက်က ဖြေကြည့်ချင်တယ်။
(က) ရွေးကောက်ပွဲဝင်မဲ့သူတွေက ရှိနေတော့ တက်ညီလက်ညီသပိတ်မှောက်လို့မရဘူဖြစ်နေတယ်။ တက်ညီလက်ညီသပိတ်မှောက်ကြည့်ရင် အကျိုးတစုံတရာရှိတယ် လို့ ရွေးကောက်ပွဲသပိတ်မှောက်မဲ့သူတွေက ယုံကြည်တယ်။
အဲ့ဒီတော့ ခင်ဗျားတို့အနေနဲ့ ရွေးကောက်ပွဲကိုကျောခိုင်းကြည့်ပါလား။
နိုင်ငံတကာရဲ့ရိုက်ခပ်မှု၊ လူထုရဲ့ရိုက်ခပ်မှု ဘာဖြစ်မလဲဆိုတာ လက်တွေ့သိရပါလိမ့်မယ်။
(ခ) ဟုတ်ပြီ။ စစ်အစိုးရကိုထိပ်တိုက်မတွေ့ချင်ဘူး။ ပါလီမန်ထဲမှာရသလောက်စကားပြောမယ်။
မဲဆန္ဒနယ်မြေတွေကို နိုင်သလောက်အရယူသွားမယ် ဆိုပါစို့။ ခင်ဗျားတို့မျှော်လင့်ထားသလိုမျိုး မဟုတ်တဲ့ရွေးကောက်ပွဲဖြစ်ခဲ့ရင်၊ စကားပြောခွင့်မရရင်၊ မတရားမှုတွေဆက်လက်ခံနေရရင် ခင်ဗျားတို့ရဲ့ အောလ်တာနေးတစ် က ဘာလဲ။ သိချင်ပါတယ်။
(၄)
ရွေးကောက်ပွဲ ရှုမြင်ပုံ (၅) မျိုး ဆိုပြီး မောင်စူးစမ်းက ဆရာကြီးလုပ်တင်ပြပါတယ်။
ကျနော့်အထင် ရွေးကောက်ပွဲရှုမြင်ပုံမှာ အောလ်တာနေးတစ် တခုလောက်ကို အနည်းဆုံးထပ်ဖြည့်ဖို့လိုမယ်ထင်ပါတယ်။
အတိတ်မေ့နေတယ်ဆိုရင် မောင်စူးစမ်းအမှတ်ပြန်ရအောင် ဖြစ်ရပ်တခုကိုပြောပြပါတယ်။ သတင်းနဲ့ပြန်ကြားရေး၊စစ်ထောက်လှမ်းရေးအုပ်စုက
NLD ခေါင်းဆောင်တွေကို ဖိတ်ခေါ်ဆွေးနွေးတဲ့ဖြစ်ရပ်တခုရှိခဲ့ဘူးတယ်။ ဦးအောင်ရွှေနဲ့မောင်စူးစမ်းတို့အုပ်စုသွားတွေ့ကြတယ် လို့ဆိုတယ်။
ခေါ်တဲ့သူက ဗိုလ်မှူးကြီးသန်းထွန်းတို့အုပ်စုလို့ကြားဘူးတယ်( နာမည်ကတော့ သိတ်မသေချာဘူး)။
စစ်ထောက်လှမ်းရေးက ဦးအောင်ရွှေ ကို ဘာပြောသလဲဆိုတော့
“
ဗိုလ်မှူးတို့လို့မို့သာပေါ့။ ဒီလိုကောင်တွေဆို ဟော့သလို
ကြိတ်ချေပစ်တာကြာပြီ” ဆိုပြီး မောင်စူးစမ်းကိုစူးစိုက်ကြည့်၊
လက်ဖဝါးနှစ်ခုကို
ပွတ်ချေပြတယ်။
ဒီအဖြစ်အပျက်ကိုကြားမိတုန်းက စစ်တပ်အသိုင်းအဝိုင်းက
အရာရှိတယောက်ကိုမေးကြည့်ဘူးတယ်။ “စစ်ထောက်လှမ်းရေးက ဘာကို အဓိက
ပြောချင်တာလဲ” ဆိုတော့၊ အဲ့ဒီပုဂ္ဂိုလ်က ကျနော့ကိုပြန်ရှင်းပြတယ်။
“
ဒါက စစ်တပ်ရဲ့သဘောသဘာဝပဲ၊ ကိုယ့်ရဲ့အဖွဲ့အစည်းကို
သစ္စာဖောက်ဘူးတဲ့ကောင်တွေကို စစ်တပ်ဟာ ဘယ်တော့မှယုံလေ့မရှိဘူး၊
သူတို့ကိုလည်း သစ္စာဖောက်ဖို့ဝန်မလေးဘူးဆိုတာသိနေလို့ပဲ။ဒါကြောင့်
အောလ်တာနေးတစ်အမြင်အရ၊
“စစ်အုပ်စုနှင့် အတိုက်အခံပြည်သူ အုပ်စုနှစ်ခုလုံးထံမှ ယုံကြည်မှုမရသည့် လူတန်းစားတရပ်ကို ရွေးကောက်ပွဲများမှာ မီးမောင်းထိုးဖေါ်ပြလေ့ရှိသည်။”
ဆိုသော အချက်တခုကိုလည်း သတိယစေချင်ပါတယ်။
(၅)
လွှတ်တော်
(၃) ရပ်နိုင်ငံရေး၊ စည်းမျဉ်းစည်းကမ်းအသစ်များ ကို “စောင့်ကြည့်ရမည်”
ဆိုကတည်းက မောင်စူးစမ်းမှာလည်း အော်လတာနေးတစ်အမြင်မရှိသေးဘူးဆိုတာ
အထင်အရှားပြနေပါတယ်။ မျိုးကြီးရဲ့ “ ဒီကစောင့်နေသူ”
သီချင်းလောက်ရင်ခုန်စရာမကောင်း။
တခါတုန်းက
နိုင်ငံတကာသီအိုရီတွေကို ဟိုတစဒီတစ ကူးချပြီး ဆရာကြီးလုပ်ဖို့ကြိုးစား၊
နိုင်ငံတကာမှာရောက်နေတဲ့ ကျောင်းသားတွေက ထောက်ပြကြတော့
အရှက်ပြေပြန်ဖြီဖို့ကြိုးစားပြန်သည်။ ခုတော့ ဖြစ်သွားပြန်ပြီ။ နိုင်ငံတကာက
မဟာသီအိုရီများနှင့် နှိုင်းယှဉ်ချိန်ထိုးလို့မရတဲ့။
တတ်လည်းတတ်နိုင်သည်။
မောင်စူးစမ်းက သူရေးသည့်ဆောင်းပါးများနှင့် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေသည်။
မတရားမှုတွေကြောင့် ဆူညံနေသည့် ကမ္ဘာမှာ၊ ဆန္ဒပြမှုတွေ၊
ထိပ်တိုက်ရင်ဆိုင်နေရသည့်ပြဿနာတွေက နေရာအနှံ့။ ဂရိ၊ ပြင်သစ်၊ အမေရိကား၊
တရုတ်၊ လက်တက်အမေရိကား၊ အာဖရိက၊ အရှေ့အလယ်ပိုင်း----
ဆူညံပွက်လောရိုက်နေတာတွေကို မောင်စူးစမ်းတယောက် မမြင်နိုင်၊
မကြားနိုင်ဖြစ်ရင်တော့၊ မျက်စိ၊ နား၊ နှခေါင်း၊ လည်ချောင်း
ဆေးရုံမှာ သွားဆေးစစ်ဖို့လိုသည်။ သပိတ်မှောက်သူတို့က
“ခေတ်ပျက်လျင်ကြိုက်သောအခြေအနေမဲ့တို့၏စိတ်ထားမျိုးဖြစ်သည်”
ဟူသောကောက်ချက်ကို “ မောင်စူးစမ်းတယောက် လူတောမတိုးသည့်
ဘဝင်မြင့်မှုများဖြင့် ကျက်သရေမဲ့သည့်
ကမ္ဘာကိုသွေးရူးသွေးတမ်းကြိုက်နှစ်သက်နေသူ” ဟု တဘက်ကပြန်ပက်ပြန်လျင်
မောင်စူးစမ်းလို အဆင့်အတန်းမရှိသည့်သူဖြစ်သွားမှာစိုးတော့
မတုန့်ပြန်ဖြစ်ကြ။
ပညာရှင်ဆိုသည်မှာ မတူညီသည့်အမြင်နှစ်ခုကို စာဖတ်သူထံလေးလေးစားစားတင်ပြရသည်။ တဘက်အမြင်ကိုစော်ကားနှိမ့်ချ၊
ရိုင်းစိုင်းသည့်စကားများကို
အသုံးမပြုသင့်ပါ။ အမြင်နှစ်ခု၏ အကျိုးဆက်များကိုဆွေးနွေးပြီးသည့်အခါမှ
ကိုယ်ယုံကြည်သည့် အချက်အလက်များကို
တင်ပြရသည်။
နောက်- မည်သူမှန်မည် ဆိုသည်ကို အားလုံးက စောင့်ကြည့်အကဲခပ်နေကြသည် ဟူသော
အဆုံးသတ်မှုမျိုးဖြင့်၊ မိမိရဲ့စာတမ်းကိုအဆုံးသတ်ကြလေ့ရှိသည်။
ရွေးကောက်ပွဲသပိတ်မှောက်တဲ့သူတွေဟာလည်း
တိုင်းပြည်အပေါ်အနစ်နာခံလုပ်ခဲ့တဲ့သူတွေ၊ ပေးဆပ်နေတဲ့သူတွေဖြစ်တယ်။
သူတို့ရဲ့အယူအဆတွေကို သဘောမတူဘူး။ ကိုယ်က ပိုပြီးသိမြင်နေတယ် လို့
ကိုယ့်ဘာသာစိတ်ကြီးဝင်နေရင်လည်း
ကိုယ့်အယူအဆကို လက်ခံသည်အထိ စိတ်ရှည်ရှည် ပြေပြေလည်လည်ဆွေးနွေးတာမျိုးတင်ပြရေးသားသင့်ပါတယ်။
ဒါပေမဲ့ မောင်စူးစမ်းရဲ့မရင့်ကျက်မှုတွေကို အထင်းသားမြင်နေရတယ်။
မောင်စူးစမ်းဆောင်းပါးတွေဖတ်နေရတာ၊
သူဆရာလုပ်တာကို လက်မခံသည့်သူများအပေါ် ဒေါသဖြစ်၊ ရန်လုပ်နေသည့် လမ်းဘေးက
ကလေကချေတယောက်၏လေသံ လို ဖြစ်နေသည်။ အရိုင်းစိုင်းဆုံးသော စကားများဖြင့်
အယူအဆမတူသူများအပေါ် အထက်စီးကပြောနေသည်။ အဆိုးဆုံးက ပြည်သူ့လူထုအပေါ်၊
စာဖတ်ပရိဿတ်အပေါ် စေတနာမရှိသည့်အရိပ်တွေကိုမြင်နေရသည်။
ပြည်သူအပေါ်စေတနာမရှိသည့် စာရေးဆရာများကို လူထုကလည်း ဂါရဝပြုမည် မဟုတ်။
အောင်မိုးဝင်း
ဲ.
0 comments:
Post a Comment