Thursday, September 02, 2010

နိုင်ဂျီးရီးယားဝန်ကြီး၏ သားဟုဆိုကာ မြန်မာလုပ်ငန်းရှင်တစ်ဦးထံမှ ငွေလိမ်ခဲ့သော နိုင်ဂျီးရီးယား နိုင်ငံသားအား ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့

နိုင်ဂျီးရီးယားဝန်ကြီး၏ သားဆိုကာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကျပ်သိန်း ၁၀၀ လိမ်လည်ခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသားအား ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ဂျီးရီးယားနိုင်ငံသား ဆော်လမွန်(ဘ) အကင်တိုလာအား ပြစ်မှုဆိုင်ရာဥပဒေ ၄၂၀ အရ အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန်နှင့် ယင်းအား ရန်ကုန်မြို့ လမ်းမတော်မြို့နယ် တရားသူကြီးရုံးက ဇူလိုင် ၁၃ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် နေထိုင်သူ ဦးဇယ်ဒေါင်(ခ) အားဆာထံသို့ မိဘမဲ့ ကလေးကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအာဒီးချယ်နှင့် နိုင်ဂျီးရီးယားနိုင်ငံသား ဆော်လမွန်နှင့် မွန်ဒေးတို့သည် ဇွန် ၄ ရက်တွင် ရောက်ရှိလာပြီး အဆိုပါ နိုင်ငံခြားသား နှစ်ဦးသည် မိဘမဲ့ကျောင်းသို့ အမေရိကန်ဒေါ်လာ နှစ်သိန်းလှူမည်ဖြစ်ပြီး ရွှေလုပ်ငန်းရှင်များ ဖြစ်ကြောင်း ဦးအာဒီချယ်က ဦးဇယ်ဒေါင်ထံသို့ မိတ်ဆက် ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ယင်းနိုင်ငံခြားသား နှစ်ဦးသည် လက်ရှိအချိန်တွင် ငွေပြတ်သွားသဖြင့် ငွေကျပ် သိန်း ၁၀၀ ချေးရန် ဦးဇယ်ဒေါင်အား အကူအညီတောင်းခံပြီး ဇွန် ၇ ရက်တွင် ပြန်ပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ဦးဇယ်ဒေါင်က ငွေသိန်း ၁၀၀ အား ဆော်လမွန်နှင့် မွန်ဒေးတို့အား ပေးအပ်ခဲ့ပြီး ယင်းတို့၏ ခရီးဆောင်အိတ်ကို ဦးဇယ်ဒေါင်းထံတွင် အပ်နှံခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ယင်းနိုင်ငံခြားသား နှစ်ဦးတည်းခိုသော နယူးလိုက် ဟိုတယ်သို့ ဇွန်လ ၇ ရက်တွင် သွားရောက် စုံစမ်းရာယင်းတို့နှစ်ဦးသည်ဇွန်လ ၅ ရက်ကတည်းက ထွက်ခွာသွားပြီ် ဖြစ်ကြောင်း သိရသည့် အတွက် မြစ်ကြီးနားမြို့အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ထိုမှတစ်ဆင့် လမ်းမတော်မြို့နယ် ရဲစခန်းသို့ပြောင်းရွှေ့ကာ တရားခံပြေး ဆော်မွန်အပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၀၆/၄၂၀အရ အမှုစွဲတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းနိုင်ဂျီးရီးယား နိုင်ငံသားနှစ်ဦးနှင့် ဦးအာဒီးချယ်သည် မန္တလေးဘူတာကြီးတွင် စတင်တွေ့ဆုံ သိကျွမ်းခဲ့ခြင်းဖြစ်ကာ ယင်းတို့နှစ်ဦးသည် ရွှေလုပ်ငန်းရှင်များ ဖြစ်ကြောင်း၊ ရွှေလုပ်ငန်းကို မြန်မာလုပ်ငန်းရှင်များနှင့် အကျိုးတူ လုပ်ကိုင်လိုကြောင်း၊ ရွှေနှစ်သန်းဖိုး ဝယ်မည်ဖြစ်ကြောင်း ပြော၍ယင်း၏ မိတ်ဆွေဦးဇယ်ဒေါင်နှင် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးအာဒီချယ်၏ တရားရုံးတော်တွင် ထွက်ဆိုချက်များအရသိရသည်။ အဆိုပါ တရားခံပြေးများကို ဇွန် ၁၄ ရက်တွင် နှစ်ခြင်းခရစ်ယာန် အစည်းဝေးတက်ရန် ရန်ကုန်သို့ ရောက်စဉ် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း၌ တွေ့ရှိ၍ လိုက်ဖမ်းသောအခါ ဗဟိုစည်ဆေးရုံဘက်သို့ အတင်းထွက်ပြေးသွားသဖြင့် အနီးရှိ ရဲများထံသို့ ဦးအာဒီချယ်က အကူအညီတောင်း၍ ဖမ်းမိခဲ့ကြောင်းသိရသည်။ ထိုသို့ဖမ်းဆီးစဉ်တွင် နိုင်ဂျီးရီးယား လူမျိုးဆော်လမွန်က ယင်းအားတန်ပြန်၍ ဒေါ်လာတစ်ထောင် အပ်နှံထားသည်ကို ပြန်မပေးသူဟု စွပ်စွဲခဲ့ကြောင်း၊ ဆော်လမွန်က ယင်းသည် နိုင်ဂျီးရီးယား အစိုးရအဖွဲ့တွင် အရေးပါသူတစ်ဦးဟု စတင်တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း ဦးအာဒီးချယ်၏ ရုံးတော်တွင် ထွက်ဆိုချက်များအရသိရသည်။ ထို့နောက် ဆော်လမွန် အဖမ်းခံရသောအခါ မွန်ဒေးသည်တည်းခိုရာ ဟိုတယ်သို့ ပြန်မလာတော့ကြောင်း ဟိုတယ်မှ ဦးမင်းထွန်း၏ ရုံးတော်တွင်ထွက်ဆိုချက်များအရ သိရသည်။ အဆိုပါ အမှုမှ ငွေလိမ်ခံခဲ့ရသော ဦးဇယ်ဒေါင်မှာ ရွှေကျင်လုပ်ငန်း၊ သစ်မွှေးစိုက်ပျိုးသော လုပ်ငန်းများကို လုပ်ကိုင်သူဖြစ်ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။  

0 comments: